Saturday, April 5, 2008

ဆောင်းပါး မိတ်ဆက်

to download
alpha zawgyi - one font
လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ကို ၀န်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ် ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုန့်လောက်ဘဲလို့ ကျုပ်မှတ်ထားပါတယ်။(၁၉၄၆ အောက်တိုဘာလ ၂၀ ရက်၊ ရွှေတိဂုံ အနောက်ဘက်မုဒ်)
အောင်ဆန်းဇာနည်
ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။
...................................................................................
အောင်ဆန်း (သို့မဟုတ်) အရိုင်း(၁)
သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်းမရှိ။ တစ်ချို့က ပြုံးရယ်နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်းတစ်ခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး တညီတညွတ်တည်း တည်ရှိ၏။အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကို နောက်ကား ခံထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင်ကားကိုမျှ ထူးထူးထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်းတစ်ခုကိုသာ ရဲဝံ့စွာ ဆောင်၍ နေလေသည်။သူသည် စိမ်းညှို့သော ကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာ ပထ၀ီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ယက်လုပ်သည့် ပင်နီ ဖျဉ်ကြမ်းကြီးကို ၀တ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင် ပိုးလုံချီဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာအသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်းတစ်ယောက်၏ မျက်နှာနှင့်လည်းတူ၏။တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထယ်ဝါခြင်း ယဉ်ကျေး သိမ်မွေ့ခြင်းတို့သည် သူ့တွင် လုံးဝ မခိုအောင်း။ လမ်းပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တစ်ဦးနှင့်သာတူ၏။ လူထုထဲမှ လူတစ်ဦး၏ အသွင်အပြင်မျိုးသာဖြစ်သည်။သူသည် လက်နှစ်ဖက်ကို ဘေးသို့ကား၍ လှုပ်ခါလှုပ်ခါ စကားပြော၏။ သူ၏စကားလုံးများကား ပြေပြစ်ခြင်းမရှိ။ ချောမွေ့ခြင်းမရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။သင်ပထမဦးဆုံးတွေ့မြင်သော အောင်ဆန်း၏ ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည်ဖြစ်ပေသည်။
ထိုအခါကား ၁၉၃၆-ခု၊ ပဌမဆုံးကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူပလီဟောခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ၊ နယ်မှ ကျောင်းသားကိုယ်စားလှယ်အဖြစ် ကျောင်းသား ညီလာခံသို့တက်ရောက်စဉ်၊ အောင်ဆန်း စကားပြောသည်ကို တွေ့မြင်ရခြင်း ဖြစ်ပေသည်။၁၉၃၆- ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးများ အူနေသည့် အခိုက်၊ ''အောင်ဆန်း'' အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ၊ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ်သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာဖြစ်၏။
ကျွန်တော်မှာ စာပေ ၀ါသနာပါသူဖြစ်ရာ၊ အောင်ဆန်းကို အိုးဝေ မဂ္ဂဇင်းအယ်ဒီတာ အဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဘူးချင်၏။သို့သော် ဂျူဘလီဟော ကျောင်းသားများညီလာခံတွင် သူ၏ ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင်ကြားနာရသောအခါ အထင်နှင့် အမြင်ကွာနေသည်ကို တွေ့၇၏။ ကျွန်တော်ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟုဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော်အထင်ကြီးထားလေ၏။တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်၊ စကားအပြောကလည်း မပြေပြစ်၊ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။ ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။(၂) နောက် ၁- နှစ်ခန့်ကြာသောအခါ၊ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇-၃၈- ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဌ၊ ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ဥက္ကဌဖြစ်၏။ ထိုအခါ ကျွန်တော်သည် အောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည်၊ မရင်းနှီးခဲ့ပေ။သူနှင့်ကား ရင်းနှီး၍မဖြစ်။ သူသည် ရင်းနှီး၍ရသော လူစားမျိုးမဟုတ်။ နိုင်ငံရေး အတူတူတွဲဘက်လုပ်လျှင်သာ သူနှင့် ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တစ်ဘက်သတ်မလိုက်။ စာပေ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင်သဖြင့်၊ သူနှင့် မရင်းနှီး နိုင်ပေ။

သူကား နိုင်ငံရေးသမား သက်သက်ဖြစ်လေသည်။ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဗဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမားသက်သက် မဟုတ်သဖြင့် သူ၏အသိထက် လွန်မြောက်၍ ရင်းနှီးသော အဖြစ်သို့ မရောက်သွားခဲ့ပေ။သခင်ဗဟိန်းနှင့်ကား သည်လိုမဟုတ်။ သခင်ဗဟိန်းသည် ယဉ်ကျေး သိမ်မွေ့သူဖြစ်၏။ စာပေကဗျာ လင်္ကာကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့် ခဏပင် ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ်ဖြစ်နေသည့် ဘ၀အထိပင် ရင်းနှီးချစ်ခင်ခြင်းမပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်း မဟုတ်။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့ မဟုတ်။ကျွန်တော်စာရေး ၀ါသနာပါသည်ကို ကိုအောင်ဆန်းသိ၏။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံ စသော ကဗျာများ၊ ၀တ္ထုတို၊ ဆောင်းပါး စသည့်စာပေများကို သူအကုန် ဖတ်ဘူးလိမ့်မည်မထင်။ ဂရုစိုက်၍ဖတ်မည့် လူမျိုးလည်းမဟုတ်။သို့သော် တစ်ခါက သခင်ဗဟိန်းနှင့်အတူ သမဂ္ဂ အမှုဆောင်ကော်မီတီခန်းတွင်ပင် ပင်းယမဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော့်ဆောင်းပါးတခုကိုကား ကျွန်တော်ရှေ့တွင် ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက်ပေး၏။ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ်-ဗမာ ဆောင်းပါးရှင်တဦးဖြစ်ပေသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော သူ၏ ဆောင်းပါးများကို ဂန္ဓမလောကဂ္ဂဇင်းတွင် ဖတ်ရဘူးသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကိုရေး၏။ကျောင်းသားများ အ၀တ်အစား ၀တ်ဆင်ရေးပြဿနာကို သူသည် ဂန္ဓမလောကတွင် ပန်းတနော်ဦးသန့်နှင့် အပြန်အလှန်ရေးသည်။ ဗမာတနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ကြွေးကြော်သံ ''မျိုးညွန့်'' မဂ္ဂဇင်းတွင် ပါဝင်သော သူ၏ ''လောက၀ိဟာ'' အမည်ရှိ ဆောင်းပါးတိုလေးကိုကား သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ ဗဟုသုတ အမြင်တို့ကိုပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာ အရေး ညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာသုံး၏။ တခါတရံ ဟာသဥာဏ်ပါ၏။ပုသိမ်မြို့တွင်ကျင်းပသော ကျောင်သားများ ညီလာခံ၌ သူ၏ ဥက္ကဌမိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို ''ပညာရေး ပူရာဏ်ကျမ်းကြီး ပေတကား...'' ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက်ပါပေသည်။ကျောင်းမှ ထွက်ပြီး ဒို့ဗမာ အစည်းအရုံးသို့ ၀င်သောအခါ၊ ငတ်ပြတ်လာ၍လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကိုပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား ''နိုင်ငံရေးအမျိုးမျိုး'' ဟူသော ဆောင်းပါးဖြစ်သည်။ ဂရိတ်နိုင်ငံရေးက အစချီ၍ မျက်မှောက် ဗမာနိုင်ငံရေး အခြေအနေအထိရေး၏။ စာပြောင်၏။ ဖတ်၍ကောင်း၏။သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့်၊ သူ့ဆောင်းပါးလည်း ရပ်သွား၏။ အစိုးရကလည်း ငြိုးထား၍လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်းကြီးမှာ ထိုနှစ်မှာပင် ပိတ်ခြင်း ခံရရှာလေသည်။(၃) သမဂ္ဂဥက္ကဌဖြစ်သော ၁၉၃၈-၃၉ ခုနှစ်က သူသည် ဘီအယ်လ်တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင်နေသည်။ သူ၏ အခန်းသည် သပ်ရပ်ခြင်းကင်းမဲ့၏။ အခန်းတွင် စာအုပ်များနှင့် ပြည့်နှက်နေ၏။ စာအုပ်များသည် စားပွဲပေါ်တွင်တချို့၊ ဘီဒိုပေါ်တွင်တချို့၊ ကြမ်းပြင်ပေါ်တွင် တချို့ ပြန့်ကြဲကာရုန်းရင်း ဆန်ခတ် ဖြစ်၍နေကြ၏။ သူသည် အင်မတန် စာဖတ်သူ တစ်ယောက်ဖြစ်၏။သူသည် ဒေါသ ကြီးသူတစ်ဦးဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော့် အဘို့ကား ဒေါသကြီးသည် မကြီးသည်ကို မသိ၊သူ့တွင် စိတ်လိုက်မာန်ပါ စိတ်တွေရှိသည်ဟု ကျွန်တော်ထင်သည်။နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲက ထ၍ ဝေဖန်စကားများပြောကြ၏။ ထိုသို့ ပြောကြသည့် အထဲတွင် စစ်ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသားတဦးက ဥက္ကဌဟောင်း မစ္စတာ ရာရှစ် ကို ဝေဖန်ရာ၌ အတော်ထိခိုက်သော အပြစ်တွေကို ထုတ်ဖေါ်ပြောလေသည်။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာရာရှစ် အတွက် ဒေါပွကာ၊ ထိုကုလားကျောင်းသားကို ကြိမ်းမောင်း၍ ''ရဲရင်ထွက်'' စသော စသော အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ၀ိုင်း၍ဆွဲထားရလေသည်။ သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။

ကုလား ဗမာ အဓိကရုဏ်းအပြီး ဒေါက်တာ ဘမော်၏ တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ညိုမြ အမှူးရှိသော ကျောင်းသားတစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကို ဒေါပွကာ၊ ဥက္ကဌ ကုလားထိုင်မှနေ၍ ညိုမြအတင်းကို အတော်ပြောလိုက်လေသည်။သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တစ်ပတ်လောက်ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံ့ချသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်လာလေသည်။တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသောမျက်နှာကို ထားခဲ၏။ သူ၏မျက်နှာထားသည် သုန်မှုန်၏၊ တခါတွေ့ဘူးသောသူကို နောက်တခါတွေ့လျှင် နှုတ်ဆက်ချင်မှ နှုတ်ဆက်၏။ သူ့ကို သိသူက ပြုံးပြသော်လည်း၊ သူသည် တုန့်ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည်၏ လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့်သူသည် သုန်မှုန်လျက်ရှိနေသည်။သူ စကားပြောလျှင်လည်း နိုင်ငံရေး အကြောင်းသာပြောသည်။ သူပြောနေစဉ်တွင် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးမှ လူများ၏ စကားကို သူမကြား။ သူပြောချင်တာတွေကိုသာ စွပ်၍ ပြောနေ တတ်သည်။(၄) တခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စ အချိန်။ ၀ိတိုရိယရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက်ရှိကြသည်။ ကျွန်တော်မှာလည်း တောမှ ရောက်ခါစဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော်ထိုင်ကာ တီးနေ၏။ ဘေးမှ သခင်စံဝေနှင့် ကျောင်းသားအချို့က ၀ိုင်း၍ သီချင်းလိုက်ဆိုလျက်ရှိ၏။ ဘီ-အိုင်-အေ သမားများမှာ ဂီတ အင်မတန်ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေ ပျက်နေ၏။
ချစ်မှာလား ခင်ခင်ရယ်
ချစ်သဲနွယ်
အဟုတ်ကို ချစ်တော့မယ်
ခင်ရယ် ကြင်မယ်

ဝိုင်း၍ဆိုနေကြရာမှ၊ သည်နေရာသို့ရောက်သောအခါ၊
ကိုအောင်ဆန်းသည် ဂေါက် ဂေါက် ဂေါက် ဂေါက်နှင့် တစ်ဖက်မှ လျှောက်လာကာ စန္ဒယားအပါးတွင် လက်ထောက်ရပ်လျှက် ''ဟေ့ . . . ရပ်ကြ။ ခုလိုခါမျိုးမှာ၊ ရဲစိတ်ရဲမာန်တက်စေမဲ့ ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျ။ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးက မဟန်ဘူး။ ''ရုတ်တရက် ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်သည်။ သူသည် ပြောချင်တာပြောပြီး ထွက်သွားလေသည်။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လိုမျိုးလူစား။သမဂ္ဂဥက္ကဌ ကိုဘမောင်(ယခု သံအမတ်) ၏ လက်ထပ်ပွဲသည် ဘီ-အိုင်-အေ ခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပဌမဦးဆုံးဖြစ်သည်။ လက်ထပ်ပွဲ ပြီးသောအခါ၊ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာနေကြ၏။ စန္ဒယားဆရာတဦးက တီးက ဖျော်ဖြေလျက်ရှိသည်။သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကို ရပ်စေကာ ကျွန်တော့်ကို လူကြားထဲမှ အတင်းဆွဲခေါ်၍ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒယားကို လက်ထောက်ကာ မရတရဖြင့် လိုက်ဆိုနေ၏။ တီးသော သီချင်းမှာ ကဉ္ဇန သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တပုဒ် တီးခိုင်းပြန်၏။တခါက ဂျပန်ခေတ်ဝန်ကြီးတဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည် ပြုသောအခါ၊ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ ဧည့်သည်များသည်ကား အ၀တွင် ရပ်၍ သူအ၀င်ကို စောင့်နေကြသည်။
သူသည် စစ်ဝတ်စစ်စားနှင့် ၀င်လာကာ ရုတ်တရက် စားပွဲထိပ်ကုလားထိုင်တွင် ၀င်ထိုင်လိုက်ပြီး ဇတ်ကနဲ ဘယာကြော်တတုံး ယူစားလိုက်လေ၏။သူထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံအရ ထမင်းစားပါ အုံးလားဟု ခေါ်ချင်မှ ခေါ်သောလူစားမျိုးဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ''ကြောင်သည်'' ဟု အမှတ် ထားကြလေ၏။(၅) သူ့တွင် သိမ်မွေ့ခြင်းမရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင် ရှိသော ဧည့်ဝတ်ထုံးစံ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်၊ ဂီတ၊ ပန်းချီ၊ သဘင်စသော အနုပညာရပ် များကို မလိုက်စား၊ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင်မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲနေ၏။
သူ့တွင် နိုင်ငံရေး ၀ိဥာဏ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တစ်ခုတည်းကိုသာ လုပ်သော လူတစ်ဦးဖြစ်သည်။သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်။ တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်း ကိုသာ မဲ၍လုပ်သော နိုင်ငံရေး သတ္တ၀ါဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။၁၉၄၂-၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို ပြောပြ၏။အနုပညာဆိုတာ ရှိတာပဲ။ လင်မယားဘ၀မှာလဲ အနုပညာမဲ့ယင်၊ လင်မယားကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေးမှာလည်း အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့် တော်လှန်ရေး အစစ်ပဲ...။
ဆရာမ ဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် ၃-၄ ရက်အလိုက
ကိုဘဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။သူသည် ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ ''ဒီမယ်.. အိမ်ထောင်ပြုတယ်ဆိုတာ သိပ်စဉ်းစား တွေဝေနေလို့မရဘူး။ တခါတည်း ဇွတ်လုပ်လိုက်ရတယ်။'' ဟု မမေးပဲ သူ့ဖာသာ သူပြောနေ၏။လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပမ်းမှုစာအုပ်နှင့် ပတ်သက်၍ အင်းလျား ကန်စောင်းရှိ သူ့အိမ်သို့ရောက်သွား၏။ဧည့်ခန်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည် ကို တွေ့ရ၍ မပြုံးမိအောင် ဟန်ဆောင်နေရ၏။သည့်နောက် သူနှင့် ကျွန်တော်မတွေ့တော့။ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိပဲ သူ့ဆီ သွားလည်လည်း ဖေါ်ဖေါ်ရွေရွေ လောကွတ်ပျူငှာ ခေါ်မည့် လူစားမျိုးလည်းမဟုတ်။တခါက ဗိုလ်ချုပ်ဘ၀တွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး ကလေးများနှင့် တပြုံကြီးကိုမြင်လိုက်၏။ အော်... သားနဲ့ မယားနဲ့မို့ လူစိတ်တော်တော် ပေါက်လာပြီ၊ အရင်ကလို ကြောင်တော့မည်မဟုတ်။ အကြမ်း အရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောက်မေ့လိုက်၏။ မှန် မမှန်ကား မပြောတတ်။ဖဆပလ ဥက္ကဌ အမျိုးသားခေါင်းဆောင်၊ ဦးအောင်ဆန်းကိုကား ကျွန်တော်မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်းမဟုတ်။ သူ၏ အဖြစ်သာ ကျွန်တော်သိသည် အထိ ပြောပြခြင်းဖြစ်သည်။တခုတော့ ထင်သည်။ သူသည် လူထုထဲမှ လူတစ်ဦးဖြစ်၍ လူထုနှင့်ဆက်စပ်နေ၍၊ လူထုခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်။
ဒဂုန်တာရာ

...............................................................................................................................
ဗိုလ်ချုပ်အောင်ဆန်း ; ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ပါ ။ ခင်ဗျားတို့ သတိရသေးရဲ့လား။ ကျွန်တော်မေးခွန်းလေး တစ်ခုမေးပါရစေ.. ဒီအချိန်မှာ ဗိုလ်ချုပ် ဘာလုပ်နေမလဲလို့... .... ကျွန်တော်ထင်ပါတယ်...ဒီအချိန်....... ဗိုလ်ချုပ် ဆင်းရဲမွဲတေနေပြီး လူအခွင့်အရေးကိုဆိုးဝါးစွာ ချိုးဖျက်ခံနေရတဲ့ မြန်မာနိုင်ငံသူ/သား တွေနဲ့ ခေါင်းစဉ်တပ်၍ မရအောင် ဆိုးဝါးယုတ်မာနေသော အာဏာသိမ်းစစ်အစိုးရ ပြီးတော့ အကျင့်ပျက်နေတဲ့ သူတည်ထောင်ပေးခဲ့သော လူသတ်သမား တပ်မတော် ဖြစ်နေတဲ့ မျိုးချစ်ဗမာ့တပ်မတော် နှစ်ကာလကြာရှည်စွာ ထိမ်းသိမ်းခံနေရသော သမီးဖြစ်သူ ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့သမိုင်းရဲ့ ၀မ်းနည်းဖွယ် ရွှေဝါရောင် တော်လှန်ရေး သံဃာများ ဒါတွေကိုကြည့်ပြီး ကောင်ကင်ဘုံမှာ ငိုနေပါလိမ့်မယ် ... ... ... ..
... .... .... .... ................................................................. .... .... .... .... ....
ကျွန်တော်တို့ ရွှေနိုင်ငံရဲ့အနာဂါတ်
............................................................
လူသားတိုင်း ကသိချင်တယ် ကိုယ့်ရဲ့အနာဂါတ်မှာ ဘာဖြစ်မယ်ဆိုတာကို ..... ခင်ဗျားရော.... ကျွန်တော်ရော
သိချင်တယ်။ ဒါပေမယ့် ကိုယ့်တိုင်းပြည် အနာဂါတ် ဘာဖြစ်မယ်ဆိုတာတော့ သိပ်မတွေးမိဘူး .. .. ..
ကျွန်တော်တို့တွေးသင့်နေပြီ တွေးသင့်တယ်ဆိုတာထက် အနာဂါတ်ကို ဘယ်လိုကောင်းမွန်အောင် လုပ်မလဲ .. တစ်ခုပဲပြောချင်တယ် . . . ခင်ဗျားတို့သတိထားမိလား မသိဘူး .. ကျွန်တော်တို့ သိပ်ကိုနောက်ကျနေပြီဗျ ...
အရာရာမှာ နောက်ကျနေတာ . . . .
အဲဒီတော့ ကျွန်တော်တို့ နောက်မကျအောင် ဘယ်လိုလုပ်မလဲ. . . . . အဖြေတစ်ခုထဲ ရှိတယ် . . . .
ကျွန်တော်တို့ နောက်ကျနေခြင်းဟာ စနစ်ဆိုးတစ်ခုကြောင့်ပဲ။ ဒါလူတိုင်းသိတယ် ဒါဆိုရင်ပြောင်းလဲမှုတစ်ခုခုလုပ်ကြမယ်လေ .. . ... .. ဒါပေမယ်မဲ့ လူတော်တော်များများ ကြောက်တယ် . . . ခင်ဗျားကြောက်လား .. .. .. .. ကျွန်တော်လည်းကြောက်တယ် . . . သူတို့မှာ သေနတ်ရှိတယ်လေ. . . မြန်မာပြည်လွတ်မြောက်သင့်တာ ကြာပြီ . . မလွတ်မြောက်ဘူး အဲ့ဒီအကြောက်တရားကြောင့်ပဲ... ကျွန်တော်တို့ ရှေ့ကလူတွေကြောက်နေလို့ ( အချို့ချို့သော လူများ) ကျွန်တော်တို့ မျိုးဆက်ထိ ဒီအာဏာရူးတွေ ရှိနေတာ ကျွန်တော်တို့ ဆက်ကြောက်ကြအုန်းမလား . . . . . ခင်ဗျားတို့လည်းသိပါတယ်. . . . ချမ်းသာပါတယ်ဆိုတဲ့ ကျုပ်တို့ရွှေနိုင်ငံ . . . ငတ်သေနေတဲ့လူတွေ အများကြီး . . . ကားဂိတ်တွေမှာတောင်းစားနေတဲ့ ကလေးတွေ .. ... အမှိုက်ကောက်ပြီး ဘ၀ကိုရပ်တည်နေရတဲ့ ကလေးတွေ ၊ ရွယ်တူကလေးတွေကျောင်းဆင်းချိန်မှာ ဈေးရောင်းနေရတဲ့ ပညာမဲ့ကလေးတွေ ၊ စက်ရုံတွေပိတ်လိုက်လို့ အလုပ်မရှိဖြစ်ရာကနေ ရှိတဲ့အလုပ်လုပ်နေရတဲ့ အိပ်မက်ဆိုးမက်နေတဲ့ မိန်းကလေးတွေ၊

မိသားစုတာဝန်ယူရတဲ့ မိန်းကလေးတွေ ပိုက်ဆံ ဘယ်လိုရှာမလဲ.. .. ပိုက်ဆံလွယ်လွယ်ရလို့ (KTV) မှာ အလုပ်လုပ်ကြတာမဟုတ်ဘူး ။ သူတို့ရနိုင်တဲ့ အလုပ်က အဲဒီက(KTV) တို့ အနှိပ်ခန်းတို့မှာပဲ ရှိတယ်။ အခု ခင်ဗျားမှာရော အလုပ်ရှိရဲ့လား . . . . . . ကျွန်တော်တို့ ဒီအဖြစ်ဆိုးကြီးကို ဒီလိုပဲ မသိသလို နေနေကြမလား။ ကျွန်တော် အပေါ်ကပြောခဲ့တဲ့ အထဲက ကလေးတွေနဲ့ မိန်းမငယ်လေးတွေ က ကျွန်တော်တို့ ညီ၊ ညီမလေးတွေဆိုရင် ခင်ဗျားဘယ်လို ခံစားရမလဲ ဒီဲစနစ်ဆိုးအတွက် အားလုံးမှာတာဝန်ရှိပါတယ် .. ... ကျွန်တော်တို့ မဆိုင်သလိုနေလို့ မရဘူး. . . တာဝန်ကိုယူရမှာ .... .... .. ...
............................................................................................................
အခင်းဖြစ်စဉ်တစ်ခု ( ရက်စွဲ ၁၂. ၉ ၂၀၀၇ )
နေရာ
..........................
အချိန်ကတော့မလေးစံတော်ချိန်၁၁နာရီကော်ဖီဆိုင်ရဲ့ဘေးဆိုင်(အသေးစား)မှာအလုပ်လုပ်တဲ့မြိတ်သားလေးအလုပ်လုပ်နေရာကိုသူ့အမျိုးသမီးဇနီးသည်နှင့်အတူအလုပ်လုပ်ဖက်(ထားဝယ်သူ)တို့နှစ်ယောက်ထမင်းလာစားကြတယ်ဒါကိုမြိတ်သားလေးကသူ့ဇနီးကိုအရေးတကြီးကိစ္စလာပြောတော့
သူတို့ထမင်းစားဝိုင်းကိုဝင်လာထိုင်ပြီးပြောရမလားဆိုပြီးဇနီးရဲ့အဖော်(မမိုးမိုး)ထားဝယ်သူက
မောင်းထုတ်တယ်။သည်တော့“အမရယ်ကိုယ့်မိန်းမကိုစကားပြောတာပဲအမမှာဘာအခက်အခဲရှိမှာလဲဗျာ”
လို့ပြောတော့“ဟဲ့နင်ကဘာကောင်လဲ”ဆိုပြီးတော့အသံကျယ်ကျယ်နဲ့မာန်ဖီအော်ဟစ်တော့
အစ်မဘာကောင်မလည်းကျွန်တော်မသိဘူးပတ်(PUB) မှာအလုပ်သမဆိုတာတော့
ကျွန်တော်သိထားတယ်။ဒီလိုပြောတာမိုက်ရိုင်းတယ်ဆိုပြီးဒီမမိုးဆိုတဲ့အမျိုးသမီးက
သူဝတ်ထားတဲ့ဒေါက်ဖိနပ်ကိုချွတ်ပြီးလိုက်ရိုက်တော့မြိတ်သားလေးကျောပေးပြီးလှည့်ပတ်ပြေးတာပေါ့။
ဒါပေမယ့်ခေါင်းတွေနောက်ကျောတွေကိုထိတော့မြိတ်သားလေးလည်းတစ်ချက်လှည့်ပြီး
ထောက်လက်သီးတန်းလိုက်ရာမျက်နှာကိုထိုးမိ၍မမိုးလည်းဖင်ထိုင်လျှက်ခွေကျသွားလေသည်။
အဲဒီလိုကျအပြီးမှာသူက“နင်ငါအကြောင်းသိရမယ်”ဆိုပြီးသူ့မှာပါလာတဲ့ဟန်းဖုန်းကိုခလုတ်တွေနှိပ်
ဖုန်းဆက်ပြီးခေါ်တော့မိန်းမလုပ်သူကောင်မလေးကလည်းတောင်းပန်ကျန်တဲ့အနီးအနားကလူတွေက
ဝိုင်းဖြန်ဖြေနဲ့သည်ပွဲကဆိုင်ထဲမှာရှုပ်ယှက်ခက်နေတဲ့အချိန် ဒီနိုင်ငံကတရုပ်လူမိုက်(၇)ယောက်ရောက်လာပြီး“ဘယ်မှာလည်း၊ဘယ်ကောင်လည်း”ဆိုပြီးမမိုးမိုးနားရောက်လာကာလူမိုက်အုပ်စုက
ဝိုင်း ၀န်းပြီးအဲဒီမြိတ်သားလေးကိုရိုက်ဖို့ကြိုးစားကြပါတယ်။ဒီအချိန်မှာကံကောင်းတာကတော့
ဟိုအရင်ကတည်းက
ဒီပတ်ဝန်းကျင်မှာမမိုးဒုက္ခပေးထားတဲ့လူတစ်ချို့ရဲ့စကားကြောင့်ပြဿနာဖြစ်ပြီးတာနဲ့
ထွက်ပြေးသွားတဲ့မြိတ်သားလေးလည်းလွတ်မြောက်သွားခဲ့ရတယ်။ နောက်ဆက်တွဲ
တရုပ်လူစုဟာ မြိတ်သားလေးရဲ့သဋ္ဌေးမကိုထက်ပြီး “နင့်အလုပ်သမား ဘယ်မှာနေလဲ ဒီကောင့်ကိုခေါ်ပေး ခေါ်မပေးရင်မလွယ်ဘူး” ဆိုပြီးအမျိုးမျိုးခြိမ်းခြောက်အချိန်တိုင်းလာလာမေးမြန်းစုံစမ်းနေခြင်း
ကြောင့်မြိတ်သားလေးမှာလစာလည်းမယူနိုင် ဇနီးသည် အားလည်း လာမတွေနိုင်ကာ ယနေ့အချိန်အထိထွက်ပြေးတိမ်းရှောင်နေရ၏။
သုံးသက်ချက်
.............................
တစ်ပြည်တည်းဖွား လူမျိုးများအချင်းချင်းအနိုင်ပြုကျင့်ကြံမည့်ကိစ္စများကိုသင်ပြုမည့်စိတ်ပေါ်လာ
တိုင်း(၁) မိသားစုအားခွဲခွာ၍တစ်ယောက်တည်းလာရောက်လုပ်ကိုင်ရှာဖွေနေရခြင်း
(၂) လ.၀.က ကြေးအခွန်မတက်နိုင်၍ ကြောက်ရွှံထိပ်လန့်စွာ လုပ်ကိုင်ရှာဖွေစားသောက်နေရခြင်း
(၃) အဖမ်းအစီးများကိုကြောက်ရွှံနေသည့်မြန်မာများကို လစာအနည်းငယ်ပေး၍ ဆူဆဲပြောဆိုနေ
သည့် သူဋ္ဌေးအားနေ့စဉ် ရင်ဆိုင်နေရခြင်း
(၄) အအိပ်မဖြောင့် ကြောက်လှန့်စွာနေထိုင်နေရသော ဘ၀၏စားဝတ်နေရေးများ
ဤအချက်များကိုထောက်ထား၍ စာနာမှုစိတ်မွေးကာ ဘ၀တူအချင်းချင်း တစ်ပြည်တည်းဖွားအချင်းချင်း ကူညီရိုင်းပင်း အားပေး၍ အခက်အခဲပြဿနာများကို မြန်မာနိုင်ငံသူ/သားအချင်းချင်း ပြေပြေလည်လည်ဖြေရှင်းကြရန်နှင့်
ကိုယ့်လူမျိုးသားချင်း မစည်းလုံးဘဲ ဤနိုင်ငံမှ တရုပ်၊ ကုလား အားကိုး၍ အနိုင်ကျင့် ဆက်ဆံမှု
များ မပြုမူဘဲ မြန်မာအမျိုးသားချင်းပြဿနာများကို မြန်မာပြည်ဘွားစိတ်မွေး၍ ပြေလည်ရာပြေလည်ကြောင်း ဖြေရှင်းပေးကြရန် ဤအဖြစ်အပျက်နှင့် အတူ တိုက်တွန်းအပ်ပါသည်။
မှတ်ချက်
ဤကဲ့သို့ပြဿနာများကို ကိုယ်တိုင်သော်၎င်း ပတ်ဝန်းကျင်တွင်သော၎င်း တွေ့ကြုံလာပါက
နီးစပ်ရာအဖွဲ့အစည်းများအား ဆက်သွယ်အကူအညီတောင်းခံ အကြောင်းကြားပါရန်နှင့်
ဗမာပြည်ဖွားများ၏ အရေးကို ကိုယ့်အရေးကိစ္စကဲ့သို့ လက္ခံနားလည် စာနာပေးကြပါ။
အဖွဲ့အစည်းမရှိသောနေရာများတွင် ကြုံတွေ့ရင်ဆိုင်နေရပါက အောက်ပါဖုန်းနံပါတ်များကို
ဆက်သွယ်၍ အကူအညီ တောင်းယူနိုင်ပါသည်။
(1) 016 - 2885708 (2) 016 - 9468641 (3) 016 - 2742084
(4) 016 - 9929143 (မလေးဘာသာ) (5) 013 92323888 (မလေး+တရုပ်ဘာသာ)
(6) 012 - 2696344 (အိန္ဒိယ+မလေးဘာသာ)
(7) 016 - 3502000 (အင်္ဂလိပ်+ မလေးဘာသာ)
B.Y.S.O
Burma Young Strive Organization for Democracy
( ဗမာ့ဒီမိုကရေစီ ကြိုးပမ်းလူငယ်အဖွဲ့)
..........................................................................................................
B .Y . N . A မှတင်ပြသည်

အိမ်အမှတ် ၄၆၄ (၃) ရပ်ကွက် သစ္စာလမ်း တောင်ဥက္ကလာပမှာ နေခဲ့တဲ့ လူတစ်ယောက်က ဒီစာကိုရေးတာပါ။ပြီးခဲ့တဲ့ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်
ရေးမှာ အကြီးအကျယ် ဖြိုခွင်းခံလိုက်ရတဲ့ ငွေကြာရံ ကျောင်းတိုက်ဆိုတာ
အဲဒီရပ်ကွက် (၁၃)လမ်းမှာရှိတယ်လေ . . . .သူပြောချင်တဲ့စကားတွေက . . .
x x x x
ဆရာတော်ဦးရေ၀တဆိုတာ ကျွန်တော်တို့မိသားစု နဲ့ တစ်ရပ်ကွက်လုံးက လေးစား ကြည်ညို ချစ်ခင်ရတဲ့ ဆရာတော် တစ်ပါးပါ။ နေ့စဉ်မနက်တိုင်း အာရုဏ်ဆွမ်း ဘုန်းပေးပြီးပြီဆိုတာတဲ့ ရပ်ကွက်သူ/သားတွေ အန္ဒရာယ်ကင်းအောင် ခုနစ်ရက်သားသမီးတွေကို မေတ္တာပို့ပြီး ပဋ္ဌာန်းဒေဿနာ
တော်ကြီးကို ရွတ်ဆိုရင်း ရပ်ကွက်ကို ပတ်ပြီး လျောက်လှမ်းပေးတော်မူတဲ့
ဆရာတော်ဘုရားကြီးရဲ့ မြင်ကွင်းဟာ တစ်ကယ့်ကို ကြည်ငြိုစရာပါ။ သံဃာဂုဏေါ
အနန္တောဆိုတာ ဘုရားဟောသက်သက်မဟုတ် တကယ်ကို လက်တွေ့ကျခဲ့တဲ့
စွမ်းအင်တစ်ခုပါပဲ ကျွန်တော်ငယ်ငယ်တုန်းက (၁၅)လမ်းမှာ အိမ်တစ်အိမ် မီးလောင်ဖူးတယ် အဲဒီမီးကိုငြိမ်းသတ်ပေးခဲ့တာ မီးသတ်ဋ္ဌာနမဟုတ်ဖူး
ငွေကြာရံ ကျောင်းတိုက်က ဘုန်းဘုန်းတွေပါ။ နောက်တခါ (၁၅)လမ်းထဲမှာပဲ
အိမ်တစ်အိမ်က နတ်ကနားပေးပါတယ် နတ်ကတော် အခြောက်ကြီးက လိပ်ပြာသိပ်တယ် ဆိုပြီး အိမ်ရှင်သူဋ္ဌေးကတော်ကို ခြင်ထောင်ထဲ အတူဝင်စေပါတယ်။ အဲဒီအချိန်လေးအတွင်းမှာပဲ သရဏဂုံပျက်လောက်တဲ့
နတ်ကိုးကွယ်မှုမျိုးကို ဖြိုခွင်းတဲ့ အနေနဲ့ ငွေကြာရံ ဘုန်းဘုန်းတွေဟာ ဒါးတွေ၊
တုတ်တွေ ကိုယ်စီနဲ့ ပြေးလာကြပြီး ကနားပွဲကိုဖျက် နတ်ရုပ်တွေကို ခုတ်ချပစ်လိုက်ကြပါတယ်။
နောက်တစ်ခုတင်ပြချင်တာ ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တောင်ဥက္ကလာမြို့နယ်ဟာ အဖြစ်အပျက်မျိုးစုံနဲ့
ဗြောင်းဆန်အောင် ပေါက်ကွဲခဲ့တဲ့ နယ်မြေတစ်ခုပါ။ အုပ်ချုပ်ရေးပျောက်ပြီး ရဲစခန်း
တွေပျက်သွားတဲ့ အချိန် တောင်ဥက္ကလာပ ကို ပိုင်ပိုင်နိုင်နိုင်ကြီး ထိမ်းကွပ်ပေးခဲ့တာ
ငွေကြာရံ ဘုန်းဘုန်းတွေပါပဲ ။ အခုတော့ နိုဝင်ဘာလမှာ စာသင်သား(၁၅၀)ရှိတဲ့
ငွေကြာရံ ကျောင်းတိုက်တံခါးကို စစ်ကားနဲ့ တိုက်ဖျက်ဝင်ပြီး ဘုန်ကြီးတွေကို
ရိုက်နှက်ဖမ်းဆီး သာသနာ့နယ်မြေကို သွေးမြေကျစေခဲ့တာကတော့ စစ်အစိုးရပါပဲ

အခုလို အမျိုးဘာသာ သာသနာနဲ့ ပြည်သူအားလုံးအပေါ် တစ်စက်မှ မကောင်းတဲ့
အာဏာသိမ်းအစိုးရဟာ ပြည်သူကလိုလား ကြည်ငြိုလို့ အားပေးတင်မြှောက်
ထောက်ခံ ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သောအခါမှ ရွေးကောက်ပွဲ
ဝင်ခွင့်မပြုလို့ ကြေညာလိုက်ပြီလေ။
ကျွန်တော်တို့ ခေါင်းငုံ အညံမခံဘဲ ဆက်လက်တိုက်ပွဲဝင်မလား နောက်ထပ်မျိုးဆက် တွေ ထပ်ပြီး ဒုက္ခရောက်အောင် ခေါင်းငုံခံသွားတော့မလား . . . အချိန်မရှိတော့ဘူးဗျာ . . . . .
ဇော်မြင့် (B.Y.N.A)
................................................................................................................................
ဗမာပြည်မှာ မိုးကြိုးမပစ်ပါ ။ မြေမမြိုပါ
................................................................
အဘွားကပြောတယ် ငယ်ငယ်တုန်းက ထမင်းအိုးနှင့် ထမင်းစားလျှင် ကျားဆွဲတက်တယ်တဲ့။ မိဘတွေစော်ကားရင် ခြေကလေးစောင့်ပြီး အမူအရာပြတာနဲ့ မြေမြိုတက်တယ်။ မိုးကြိုးပစ် လိမ့်မယ်။ လူကြီးသူမတွေကို မထီမဲ့မြင်မပြုနဲ့ ကျားပါလိုက်ဆွဲတက်တယ်။ အမျိုးမျိုးပဲ တကယ့်ကို ကျွန်တော်တို့ ငယ်စဉ်က ဘာသာရေး လူမှုရေးတွေနဲ့ ဖိချုပ်ပြီး အကြောက်ကြီးကြောက်ခဲ့ရတယ်။ မိဘလူကြီးတွေကို တစ်ခုခုပစ်မှားမိရင်တောင်မှ မိုးခြိမ်းသံကြားရင် ငါ့များဆော်မလား တွေးကြောက်မိခဲ့ရတယ်။ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးတွေမှာတော့ သံဃာတွေကို ပစ်သတ်လိုက်ကြတာ။ ဘာမှမဖြစ်ဘူးနော်။အေးအေးဆေးဆေးပဲ ဘာမှမကြောက်နဲ့ အမှားနဲ့ လူတစ်စုကိုတောင် ကျားမလိုက် မိုးကြိုးမပစ် မြေမမြိုတာ ကျွန်တော်တို့ အမှန်တရားအတွက် ပြန်ခုခံကာကွယ်မယ်ဆိုရင်လည်း ဗမာပြည်မှာ မိုးကြိုးမပစ် ၊ မြေမမြိုဘူးဆိုတဲ့ စိတ်နဲ့ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ကြရအောင်ဗျာ
ဆက်ဟိန်း(B.Y.S.O)
......................................................................................................................
မြန်မာသွေးချင်းညီနောင်အပေါင်းတို့
...........................................................
လွတ်လပ်ရေးရထားတဲ့ ငါတို့ဗမာပြည်ဟာ တစ်ကယ့်လွတ်လပ်ရေးကို မရသေးဘူးဆိုတာ သမိုင်းကြောင်းကထောက်ခံပြောဆိုနေပြီ ။ နှစ်ပေါင်းလေးဆယ်ကျော် မ.ဆ.လ ၊ န.အ.ဖ တွေရဲ့စနက်ကြောင့် ငါတို့ မြန်မာပြည်သူ/သားတွေဆင်းရဲဒုက္ခရောက်နေကြရတာ မျက်မြင်သက်သေပါပဲ။ သင်ကောမြန်မာပြည်သား မဟုတ်လား။ အစဉ်အလာကောင်းခဲ့တဲ့ ငါတို့ မြန်မာပြည်သားတွေဟာ ငါတို့လက်ထက်ကျမှ ညံရာရောက်ကြတော့မှာလား။ အားမသန်လို့မာန်လျှော့ကြတော့မှာလား။ ငါတို့တွေဟာ မြန်မာပြည်သားစစ်စစ်တွေပါ ။ ဘာလို့အရှုံးပေးရမှာလဲ နောင်အနာဂါတ်အတွက် ငါတို့ မစွမ်းဆောင်နိုင်တော့ဘူးလား။ ဘုရား ပုထိုးစေတီပေါများပြီး ဘာသာ သာဿနာကို ယဉ်ကျေးမှု အမွေအနှစ်အစစ်အမှန် နဲ့ ထိမ်းသိမ်းစောင့်ရှောက်လာခဲ့ကြတယ်။ ရေမြေ တောတောင် သဘာဝ တွေနဲ့ ပရနံ ရနေတဲ့ မြန်မာပြည် ၊ ဆန်ရေစပါး ပေါကြွယ်ဝတဲ့ မြန်မာပြည် ၊ အဖိုးတန်ကျွန်းသစ် ကျောက်သံ ပတ္တမြားတွေ ပေါကြွယ်ဝတဲ့ မြန်မာပြည် ၊ ဒီလောက်ချစ်စရာကောင်းတဲ့ မြန်မာပြည်ကြီးကို ငါတို့တွေလက်ထက်ကျမှ ဆုံးရှုံးခံကြတော့မှာလား။ မြန်မာအရေးဟာ ငါတို့အရေးပဲ မြန်မာပြည်ကြီးကောင်းစားဖို့အတွက် ငါတို့တွေ သွေး ၊ ချွေး အသက်ပေးဆပ်ရဲရမှာပေါ့ ။ သင်ကောသတ္တိကြောင်ပြီး ဘေးကရပ်ကြည့်နေတဲ့ လူစားမျိုးလား ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကောင်းစားဖို့အတွက် သင့်မှာစွမ်းဆောင်နိုင်တဲ့ စွမ်းအားတွေ မရှိတော့ဘူးလား ။ အမှန်တကယ် တိုင်းပြည်တိုးတက်စေချင်ရင် တိုင်းပြည်အတွက် တကယ် အလုပ်လုပ်ချင်တယ် ဆိုရင် ခိုင်မာပြင်းပြတဲ့ စိတ်ဆန္ဒ ရင်ထဲမှာ အမှန်တကယ် ရှိတယ်ဆိုရင် လက်ရှိ န.အ.ဖ စစ်အစိုးရကို ကျေနပ်မှုလုံးဝမရှိဘူးဆိုရင် စွန့်စားရဲ့တဲ့သတ္တိရှိခဲ့တယ်ဆိုရင် ခင်ဗျားတို့ရှေ့မှာ ကျုပ်တို့ အမြဲရှိနေမယ်။ အမြဲတမ်း လက်ကမ်းကြိုနေမယ်။ န.အ.ဖ စစ်အစိုးရ ဖြုတ်ချဖို့ စစ်မှန်သော ဒီမိုကရေစီ ရရှိဖို့ ခတ်မီ ဖွံဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံ ဖြစ်ဖို့ ငါတို့အားလုံးမှာတာဝန်ရှိတယ်။ သင်ကော . . . . . . . ဘယ်လိုလူစားမျိုးလဲ သင့်ရဲ့လုပ်ဆောင်ချက်တွေ အတွက် အနာဂါတ်မြန်မာပြည်ကြီးက သင့်ကိုအမြဲတမ်း အမှတ်ရ နေမှာပါ။ အမိမြေကို ချစ်မြတ်နိုးတဲ့
(B.Y.S.O) Burma Young Strive Organization for Democracy
.........................................................................................
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားမျှတမှု တိုက်ပွဲ

ခေတ်ပြိုင် ဆောင်းပါး
ပီတာအောင်/ ၁၉ စက်တင်ဘာ ၂၀၀၈။ ။ရှစ်လေးလုံးအရေးတော်ပုံကြီး အနှစ် (၂၀) ပြည့်မြောက်သည့် သြဂုတ်လ၏ နေ့တနေ့၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ပွဲစတင်သည်။ တရားဥပဒေနှင့် မညီညွတ်ဘဲ စစ်အစိုးရက မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ထားမှုကို လက်တုံ့ပြန်သည့်အနေဖြင့် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ခြံဝန်းထဲမှနေ၍ တရားမျှတမှုအတွက် တကိုယ်တော် တိုက်ပွဲတခုကို စတင်လိုက်သည်။
စစ်အစိုးရထံမှ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည်များကဖြင့် နေအိမ်အကျယ်ချုပ် အယူခံဝင်ရေးအတွက် ရှေ့နေနှင့် တွေ့ခွင့်ပေးရေး၊ သဘောတူ ကတိပြုထားချက်အတိုင်း (၁) လတကြိမ် ပုံမှန် မိသားစုဆရာဝင်နှင့် ကျန်းမာရေး ဆေးစစ်ခွင့်ပေးရေး၊ မူလချမှတ်ထားသည့် တားဆီးမိန့်နှင့် မသက်ဆိုင်ဘဲ ပိတ်ပင်ခံထားရသည့် ကိုယ်ပိုင်အခွင့်ရေးများ ရရှိရေး၊ ၎င်းနှင့် အတူနေထိုင်သည့် ဒေါ်ခင်ခင်ဝင်းတို့သားအမိအား ထောက်လှမ်းရေးက လိုက်လံနှောင့်ယှက်ခြင်းမရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရေးတို့ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုများကို တုံ့ပြန်သည့်အနေဖြင့် သြဂုတ်လ (၈)ရက်နေ့တွင် နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ ရှေ့နေ ဦးကြည်ဝင်းနှင့် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်ကာလ (၅) နှစ်ကျော် အတွင်း ပထမဆုံးအကြိမ် စတင်တွေ့ခွင့်ပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်များကို ရှေ့နေကြီး ဦးကြည်ဝင်းက အာဏာပိုင်များနှင့် ညှိနှိုင်းပေးမှုများ ပြုလုပ်ခဲ့ရသည်။
ရှေ့နေ ဦးကြည်ဝင်းက “သား (၂) ယောက်ဆီက စာတွေဘာတွေလည်း သူ့ဆီမရောက်ဘူးတဲ့။ ဆင်ဆာလုပ်တဲ့ ဟာကို သူလက်ခံတယ်။ လုပ်ပါတဲ့။ လုပ်ပြီးရင်တော့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ သူ့ဆီပို့ရမယ်တဲ့။ ဒုတိယက မဂ္ဂဇင်း Time မဂ္ဂဇင်း၊ Newsweek မဂ္ဂဇင်း ဖတ်ပိုင်ခွင့်ရှိတယ်။ ပိုင်ခွင့်တရပ်အနေနဲ့ ပေးရမယ်၊ ဒါပဲ။ အဲဒါလည်း ကျနော် ပြန်ကြည့်ပြီးပြီ၊ ကန့်သတ်တဲ့အထဲ မပါဘူးဗျ။ မပါဘဲနဲ့ မပေးရင်တော့ သက်သက်မဲ့ ဥပဒေကို လိုက်နာခြင်း မရှိဘူးလို့ ပြောရမှာပေါ့နော်။ အဲဒါလေးတွေ အရေးဆိုပေးရဦးမယ်။ နောက် ဒေါ်ခင်ခင်ဝင်းဆိုလို့ရင်လည်း ပင်စင်သွားမထုတ် ရဘူး။ အပြင်လည်း မထွက်ရဘူး။ အဲဒါမျိုးလေးတွေပေါ့ဗျာ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အချို့ကို ခေတ်ပြိုင်သို့ ပြန်ပြောပြသည်။
မူလကန့်သတ်ထားသည့် နေအိမ်အကျယ်ချုပ်ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီနှင့် ဆက်သွယ်ခွင့်၊ သံတမန်တို့နှင့် ဆက်သွယ်ခွင့်နှင့် ခြံအပြင်ထွက်ခွင့်တို့မှအပ ကျန်သည့် ကိုယ်ပိုင်အခွင့်အရေးများ အားလုံးကို ခံစား ပိုင်ခွင့်ရှိသည်ဟုလည်း ဦးကြည်ဝင်းက ဖြည့်စွက်ပြောသည်။
သြဂုတ်လ (၁၇) ရက်နေ့ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာအီဘရာဟင်ဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ခါနီး (၁) ရက်အလို၌ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေ ဦးကြည်ဝင်းနှင့် ဒုတိယအကြိမ် တွေ့ခွင့် ပေးလိုက်ပြီး တရက်တည်း၌ပင် ယခုနှစ် ဇန်နရီလကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဆီသို့ သွားခွင့် မရတော့သည့် မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းကိုလည်း ကျန်းမာရေးစစ်ဆေးခွင့်ပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က သူ၏တောင်ဆိုချက်များအနက် မိသားစု ရှေ့နေ၊ ဆရာဝန်တို့နှင့်တွေ့ဆုံခွင့်တို့ ရခဲ့သော် လည်း ကျန်ရှိသည့် အခြားအခွင့်အရေးများရရှိအောင် ဆက်လက်တောင်းဆိုနေစဉ်အတွင်း ရှေ့နေဦးကြည်ဝင်းမှလွဲ၍ ကျန်သည့် ပြင်ပအဆက်အသွယ်များကို လက်မခံတော့ဘဲ ဖြတ်တောက်ပစ်ခဲ့သည်။ သြဂုတ်လ (၂၀) ရက်နှင့် (၂၂) ရက်တို့တွင် မစ္စတာ ဂမ်ဘာရီက တွေ့ဆုံရန် စောင့်ဆိုင်းနေခြင်းနှင့် အာဏာပိုင်တို့က အသံချဲ့စက်ဖြင့် ခြံဝမှ လာရောက်အော်ခေါ်ခြင်းတို့ ပြုလုပ်ခဲ့သည့်တိုင် လက်ခံတွေ့ဆုံခဲ့ခြင်းမရှိခဲ့ချေ။
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် ပြင်ပမှ စားသောက်ဖွယ်ရာများ နေ့စဉ်ဝယ်ယူပေးနေသည့် အ၀ယ်တော် ကိုမြင့်စိုးထံမှ ဈေးခြင်းကိုမယူဘဲ ငြင်းဆန်လိုက်ပြီး အစာငတ်ခံ ဆန္ဒပြနေသည်ဆိုသည့်သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် အစာငတ်ခံ ဆန္ဒပြနေခြင်း မဟုတ်ဟု အန်အယ်လ်ဒီပါတီကရော၊ စစ်အစိုးရကပါ တုံ့ပြန်ခဲ့သည်။ တဆက် တည်းလိုပင် စက်တင်ဘာ (၁) ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဦးကြည်ဝင်းကိုသာ တတိယအကြိမ် တွေ့ဆုံခဲ့ပြီး ဆရာဝန်နှင့် မတွေ့ဆုံတော့ခြင်း၊ စက်တင်ဘာ (၂) ရက်၌ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို မတွေ့ဆုံခြင်းတို့ ဆက်တိုက်ပြုလုပ်ကာ ရပိုင်ခွင့်များအတွက် ဆက်လက် တောင်းဆိုခဲ့သည်။
စက်တင်ဘာ (၁၁) ရက်၌ ရှေ့နေဦးကြည်ဝင်း စတုတ္ထအကြိမ်သွားရောက်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုများကို နအဖ စစ်အစိုးရက လိုက်လျောခဲ့ရသည်။ မိသားစုပေးစာများ၊ မဂ္ဂဇင်းများ၊ အိမ်သုံး အီလက် ထရောနစ်ပစ္စည်းများနှင့် တကိုယ်ရေသုံး ပစ္စည်းများ သွင်းယူခွင့်၊ ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို မနက် (၆) နာရီမှ ညနေ (၆) နာရီိထိ ၀င်ထွက်သွားလာခွင့်တို့ ရရှိခဲ့သည်။
တောင်းဆိုချက်အချို့ရပြီးနောက် စက်တင်ဘာ (၁၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာတင်မျိုးဝင်း၏ ဆေးကုသမှုခံယူခဲ့ပြီး နောက်တနေ့တွင် အ၀ယ်တော်၏ ပြင်ပမှဈေးခြင်းတောင်းကို ပြန်လက်ခံယူခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်၏ တောင်းဆိုချက်များ အားလုံးနည်းပါးကို စစ်အစိုးရက လိုက်လျောလိုက်ပြီဖြစ်ကြောင်း၊ နေအိမ် အကျယ်ချုပ် တားဆီးမိန့် အယူခံဝင်ရန်သာ ကျန်တော့သည်ဟု အန်အယ်လ်ဒီက ပြောသည်။
အယူခံဝင်ရာ၌ ဒေါ်အောင်ဆန်းစုကြည်အား တားဆီးမိန့်ချထားခြင်းသည် တရားဥပဒေနှင့် ညီညွတ်ခြင်းမရှိသဖြင့် အယူခံဝင်ခြင်းလား သို့တည်းမဟုတ် တားဆီးမိန့် သက်တမ်း (၅) နှစ်ကျော်နေသဖြင့် ဥပဒေအရ ဖမ်းဆီးခွင့် မရှိ တော့ဟု ယူဆသဖြင့် အယူခံခြင်းလားဟု မေးမြန်းစရာရှိသည်။ အန်အယ်လ်ဒီပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကမူ (၂) မျိုးလုံးအတွက် အယူခံဝင်မည်ဟု အဖြေပေးသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံဝင်ရေးကိစ္စကို အန်အယ်လ်ဒီက ယမန်နှစ်ကတည်းက စတင် ကြိုးပမ်းနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလ (၂၇) ရက်နေ့၌ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်သက်တမ်း နောက်ထပ် (၁) နှစ်ထပ်တိုးလိုက်ချိန်၌ တားဆီးမိန့်နှင့် ပတ်သက်၍ တရား ဥပဒေအရ စိန်ခေါ်မှုများ အသံပိုမို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
ယေဘုယျအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခု မေလ (၃၀) ရက်နေ့ ဒီပဲယင်းလုပ်ကြံမှုတွင် ဖမ်းဆီးခံ ရသဖြင့် ၂၀၀၈ ခု မေလတွင် ဖမ်းဆီးခံနေရသည့် အချိန်ကာလ (၅) နှစ်ပြည့်နေပြီဖြစ်သည်။ သို့ဖြစ်၍ ဥပဒေက ခွင့်ပြုထားသည်မှာ သက်တမ်းအများဆုံး (၅) နှစ်သာရှိသဖြင့် ဆက်လက်ဖမ်းဆီးခွင့်မရှိတော့ဟု အန်အယ်လ်ဒီက ပြောသည်။ သို့သော် စစ်အစိုးရက (၆) နှစ်ထိ ဖမ်းဆီးထားနိုင်သည်ဟု ယူဆထားပုံရသည်။
ဦးဉာဏ်ဝင်းက “အယူခံက တားဆီးမိန့်ချထားတာဟာ တရားမ၀င်ဘူးဆိုတာရယ်။ ကန့်သတ်ခွင့် သက်တမ်း (၅) နှစ်ထက် ကျော်နေတာရယ် (၂) ခုလုံးပါတယ်။ အဓိကက (၅) နှစ်နဲ့ (၆) နှစ် နှစ်ဘက် အငြင်းပွားစရာ ပြဿနာကတော့ ရှိတာပေါ့။ ပိုပြီးတော့ အရေးကြီးတာက ပုဒ်မ (၇) မှာ အချုပ်အခြာအာဏာကို ထိပါးခြင်းနဲ့ အေးချမ်းသာယာရေးကို ထိပါးခြင်း ဒီ (၂) ခုအပေါ်မှာ အရေးယူတာ။ ပြောရရင် ဒီ (၂) ခုစလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်ခြင်း မရှိဘူး။ ဒါကြောင့် ဒီလိုအရေးယူပြီး ထိန်းသိမ်းထားတာ မှားတယ်လို့ ဥပဒေ အမြင်အရပြောမှာပါ” ဟုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ်ချထားရာတွင် ၁၉၇၅ ခု ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၃) အဖြစ် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၀ (ခ) ဖြင့် အရေးယူထားသည်ကို တွေ့ရမည်ဖြစ်သည်။
ထို ဥပဒေ အခန်း (၃ ) ပုဒ်မ (၇ ) ၌ “နိုင်ငံသားတဦးဦးသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော် လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးအန္တရာယ် ဖြစ်စေမည့် ပြုလုပ်မှု တခုခုကို ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းရှိလျှင် ၀န်ကြီးအဖွဲ့သည် ယင်းပုဂ္ဂိုလ်၏ မူလ အခွင့်အရေး တရပ်ရပ်ကို လိုအပ်သလို ကန့်သတ်မိန့် ချမှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထိုအချက်နှင့်ငြိစွန်းသည်ဟု နအဖစစ်အစိုးရက စွပ်စွဲပြီး တားဆီးမိန့် ထုတ်ကာ နေအိမ် အကျယ်ချုပ် ချထားခြင်းဖြစ်သည်။
မူလ ၁၉၇၅ ခု ဥပဒေသတ်မှတ်ချက်အရ အရေးယူခံရသူအား ဗဟိုအဖွဲ့ က (၁) နှစ်အထိတားဆီးမှု ပြုလုပ်နိုင်ကြောင်း၊ ထိုကာလထက် ကျော်လွန်၍ ဆက်လက်တားဆီးမှုပြုလုပ်ရန်လိုအပ်ပါက ၀န်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုချက် ရယူရ မည်ဖြစ်ကြောင်း၊ ၀န်ကြီးအဖွဲ့က ခွင့်ပြုချက်ပေးရာတွင် တကြိမ်လျှင် ရက်ပေါင်း (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းချက်၌ရှိသည်။ ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးက ဦးဆောင်ပြီး နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးတို့က အဖွဲ့ဝင်ဖြစ်သည်။ ၀န်ကြီးအဖွဲ့ကို ၀န်ကြီးချုပ်က ဦးဆောင်သည်။
အဆိုပါ ၁၉၇၅ ဥပဒေ ပြဋ္ဌာန်းချက်ကို ၁၉၉၁ ခု သြဂုတ်လ (၉) ရက်၌ န၀တ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင် အမိန့်ဖြင့် ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက်ကို “တကြိမ်လျှင် ရက်ပေါင်း (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိ” အစား “တကြိမ်လျှင် (၁) နှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်ထိ” ခွင့်ပြုနိုင်ကြောင်း ပြင်ဆင်ပြဋ္ဌာန်းခဲ့ သည်။
ယင်းဥပဒေပြဋ္ဌာန်းချက်ပေါ်လိုက်၍ ဗဟိုအဖွဲ့၏ တားဆီးခွင့် (၁) နှစ်၊ လိုအပ်ပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုခွင့် (၅)နှစ် စုစုပေါင်း (၆) နှစ်ချမှတ်နိုင်ကြောင်း နအဖစစ်အစိုးရက အဓိပ္ပာယ်ကောက်ယူပြီး အန်လယ်လ်ဒီပါတီက ဥပဒေတွင် စုစုပေါင်း (၅) နှစ်ဟု ပြဋ္ဌာန်းထားသဖြင့် ဗဟိုအဖွဲ့နှင့် ၀န်ကြီးအဖွဲ့ပေါင်း၍ စုစုပေါင်း (၅) နှစ်ဟု အဓိပ္ပာယ် ကောက် ယူကြောင်း ပြောသည်။
မည်သို့ အဓိပ္ပာယ်ကောက်ယူသည်ဖြစ်စေ တားဆီးမိန့်ဖြင့် အရေးယူခံထားရသူတဦးကို ကန့်သတ်ရာ၌ အချိန်ကာလ အပိုင်းအခြားအားဖြင့် အတိုတောင်းဆုံး ဖြစ်စေရမည်ဟု ပြဋ္ဌာန်းချက်မျိုး ဥပဒေ၌ ပါရှိသလို အရေးယူခြင်းခံနေရသည့် ကာလအတွင်း အယူခံဝင်ခွင့်ရှိသည်ဟုလည်း ပါရှိသည်။ သို့သော် ချမှတ်ထားသည့် တားဆီးမိန့်အား ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အတည်ပြုခြင်းတို့ကို ၁၉၇၅ခု ဥပဒေ၌ ပြည်သူ့တရားသူကြီးအဖွဲ့ ကိုရော၊ ၀န်ကြီးအဖွဲ့ကိုပါ လုပ်ပိုင်ခွင့်ပေးထားရာမှ ၁၉၉၁ ခု သြဂုတ်လက ဥပဒေပြင်ဆင်ရာတွင် ပြည်သူ့ တရားသူကြီးအဖွဲ့၏ လုပ်ပိုင်ခွင့်ကို စစ်အစိုးရက လုံးဝပယ်ဖျက်ခဲ့သည်။
သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ထားသည့် တားဆီးမိန့်အား လိုအပ်သလိုပြင်ဆင်ပယ်ဖျက်ခွင့် ရှိသည့် အာဏာသည် ၀န်ကြီးအဖွဲ့၌သာရှိပြီး ၀န်ကြီးအဖွဲ့ကလည်း ၎င်းတို့ ကိုယ်တိုင်ဆုံးဖြတ်ပြီး ချမှတ်ထားသည့် တားဆီးမိန့်အား ပြန်ပယ်ဖျက်၍ အယူခံဝင်လာမှုကို လက်ခံစဉ်းစားရန်မှာ ဖြစ်နိုင်ခြေမရှိဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ဗဟိုတရားရုံးရှေ့နေတဦးက ယူဆသည်။
အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းကလည်း “ ဒီဥပဒေမှာ ၀န်ကြီးအဖွဲ့က တားဆီးမိန့်သက်တမ်း တိုးချဲ့ ဖို့ကို ဥပဒေအရ အခွင့်အာဏာရှိတယ်။ အခုကျနော်တို့ကလည်း ၀န်ကြီးအဖွဲ့ကိုတင်ရမယ်။ ဥပဒေရဲ့ ချို့ယွင်းချက် တော့ ဒီမှာဖြစ်နေတာအမှန်ပဲ။ မိမိချမှတ်ထားတဲ့ အမိန့်ကို မိမိထံမှာ အယူခံဝင်တဲ့သဘော။ ဒါဟာ ဥပဒေ လုပ်ထုံး လုပ်နည်းအရ ဆိုရိုးစကားတွေအရ ဒါဟာ ဘယ်တော့မှမဖြစ်ရဘူး။ ဒါဥပဒေရဲ့ မှားယွင်းချက်ပေါ့” ဟု ပြောသည်။
လက်တွေ့အခြေအနေ၌ အယူခံဝင်ရေးကိစ္စသည် ဥပဒေကြောင်းအရ အခက်အခဲအတားအဆီးများ ရှိနေသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အားလည်း မည်သည့်နေ့ရက်မှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်ဆို သည်မှာလည်း စစ်အစိုးရထံမှ တားဆီးမိန့် မိတ္တူမရရှိသေးဘဲဖြစ်နေသဖြင့် နေအိမ်အကျယ်ချုပ်ကျခံ နေရသည့် ကာလတွက်ချက်မှုက အမျိုးမျိုး ဖြစ်နေဆဲ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား အများဆုံးထိန်းသိမ်းနိုင်သည့်ကာလသည် ပြည်ထဲရေးဝန်ကြီးက (၁)နှစ် ၊ ၀န်ကြီးအဖွဲ့က (၅)နှစ်စုစုပေါင်း (၆) နှစ်ဖြစ်ကြောင်း၊ ယင်း (၆) နှစ်ကာလသည် လာမည့်နှစ်ဝက်ခန့်တွင် ပြည့် တော့မည်ဟု ပြီးခဲ့သည့် ဇူလိုင်လ စင်ကာပူနိုင်ငံတွင်ကျင်းပသည့် အာဆီယံ ၀န်ကြီးများအစည်းအဝေးပွဲတွင် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောကြားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျရိုးက ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းသို့ပြောကြားပြီးနောက်မှ တခါပြန်၍ နားလည်မှုလွဲမှားသွားခြင်းဖြစ်ကြောင်း၊ တကယ်တမ်းတွင် ၂၀၀၉ ခု မေလမှာ (နောက်ထပ် (၆) လအကြာတွင်မှ) ထိန်းသိမ်းထားသည့် အကျယ်ချုပ်သက်တမ်း (၆) နှစ်ပြည့်မည်ဟု မြန်မာဘက်က ပြန်ရှင်းပြခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖြေရှင်းချက်ထပ်မံထုတ်ပြန်ခဲ့သည်။
ထိုပြောဆိုချက်ကို ထောက်ရှု၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်း ၂၀၀၉ နိုဝင်ဘာ တွင်ပြည့်မည်ဟုယူဆနိုင်ပြီး ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်းလုပ်ကြံမှုအပြီး နိုဝင်ဘာလတွင်မှ ပုဒ်မ ၁၀ (ခ) ဖြင့် စအရေးယူခြင်းဖြစ်နိုင်သည်ဟု ယူဆနိုင်သည်။ ၂၀၀၃ မေလမှ နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အင်းစိန်ထောင်၊ အာရှတော်ဝင်ဆေးရုံနှင့် နေအိမ်တို့၌ တလှည့်စီ နေခဲ့ရသည်။ ထိုကာလအတွင်း မည်သည့်ပုဒ်မဖြင့် အရေးယူထားသနည်းဟု စစ်အစိုးရအား မေးခွန်းထုတ်ရန်လိုသည်။
နေအိမ်အကျယ်ချုပ်သက်တမ်းတွက်ချက်မှု မည်သို့ပင်ဖြစ်နေစေကာမူ ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်း အကြမ်းဖက်မှု၌ ပြစ်မှုကျူးလွန်သူမဟုတ်ဘဲ ပြစ်မှုကျူးလွန်ခြင်းခံခဲ့ရသူဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် စကတည်းက ဥပဒေကြောင်းအရ မှားယွင်းနေသည်ဟု မြန်မာနိုင်ငံရှေ့နေများ ကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကလည်း သူ့အမြင်ကို ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် အယူခံဝင်သည့်ကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းတယောက်တည်းအတွက်သာမက မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုရှိရေးနှင့် တရားဥပဒေကို လေးစားလိုက်နာမှုရှိလာစေရေး ရည်ရွယ်လုပ်ဆောင်သည့် ဆောက်ရွက်ချက်ဖြစ်သည်ဟု ပြောကြားသည်။
ဦးဉာဏ်ဝင်းက “ရိုးရိုးလေးပဲပြောချင်ပါတယ်။ ခုကျနော်တို့အယူခံဝင်တယ်။ ဥပဒေနဲ့အညီဖြစ်အောင် ကြိုးစားဆောင် ရွက်တယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်အမှုမှာ ကျနော်တို့လုပ်တာ။ သို့သော် ဒီရဲ့အကျိုးရလဒ်ဟာ ဒေါ်အောင် ဆန်းစုကြည် တယောက်အတွက် မဟုတ်ဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေးအတွက်၊ တရားဥပဒေအတိုင်း ဆောင် ရွက်ကြပါ။ တရားဥပဒေဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်။ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်။ အဲ့တော့ အထူး သဖြင့် တရားဥပဒေ စိုးမိုးရေးကို တည်ထောင်ဖို့ ကြိုးစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တရား ဥပဒေစိုးမိုးရေးကို ဦးတည်ဆောင်ရွက်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်၏အယူခံကို စစ်အစိုးရကလက်ခံစဉ်းစားမည်လား၊ အယူခံ အနိုင်ရမည်လား၊ ရှုံးနိမ့် သွားမည်လား သို့တည်းမဟုတ် စစ်အစိုးရ ယူဆထားသည့်အတိုင်း လာမည့်နှစ် နိုဝင်ဘာလကုန်နေအိမ် အကျယ်ချုပ် သက်တမ်း (၆) နှစ်ကုန်ပါက ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာမည်လား။ ပြန်မလွှတ်ပေးဘဲ နောက်ဥပဒေ တမျိုးနှင့် ထပ်ဖမ်းဆီးဦးမည်လား။ အကယ်၍ ပြန်လွတ်လာမည်ဆိုပါကလည်း နအဖကြံစည်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲကို ရိုက်ခတ်မှု မည်သို့ရှိလာမည်နည်း ဆိုသည်မှာ စဉ်းစားဖွယ်ရာများဖြစ်သည်။
တဖက်ကပြန်ကြည့်လျှင် တရားဥပဒေ မလေးစားသည့် မြန်မာစစ်အစိုးရလက်ထက်တွင် အမှန်တကယ်လွတ်မြောက်ဖို့ ခက်ခဲမှန်း ဒေါ်အောင်ဆန်းစုကြည် မသိမဟုတ်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ပွဲသည် ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်မှ လွတ်မြောက်ရေးထက် ဒီမိုကရေစီတိုက်ပွဲဝင်ရာတွင် စစ်အစိုးရ၏ မတရားချုပ်နှောင်မှုကို အကျဉ်းခံဘ၀မှ စိန်ခေါ်သည့်ပွဲဖြစ်သည်။ တရားဥပဒေ မလေးစားသည့် စစ်အစိုးရကို တရားဥပဒေဘောင်တွင်းက တိုက်ပွဲဝင်ခြင်းဖြင့် အနိုင်အရှုံးထက် ခေါင်းဆောင်တဦး၏ စိတ်ဓာတ်ခိုင်မာမှုကို မှတ်ကျောက်တင်သည့် တိုက်ပွဲဖြစ် သည်။ မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုမရှိဖြစ်နေကြောင်း ကမ္ဘာကသိအောင် လက်ခမောင်းခတ်သည့် တိုက်ပွဲဖြစ် သည်။
မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မတရားသဖြင့် ကာလကြာရှည်စွာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားမှု၊ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေဘောင်အတွင်းမှ အယူခံဝင်ရန်ကြိုးပမ်းမှုနှင့် အကျဉ်းသားတဦး၏ ရပိုင်ခွင့်အခွင့်အရေးများ ပြန်လည်ရရှိအောင် တောင်းဆိုတိုက်ပွဲဝင်မှုတို့သည် အနာဂတ် မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့် မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေး မှတ်တမ်းတွင် စံနမူနာယူစရာပြရုပ်တခု အဖြစ် ကျန်ရှိနေမှာ သေချာသည်။
By NEJ

1 comment:

54-New Ray said...

ကျွန်တော် ဒီ blog လေးကို ဖတ်မိတာ တကယ်ကို အကျိုး ရှိပါတယ် ဗျာ.