Friday, April 11, 2008

အတာရေလည်း မအေးနိုင်ပြီ




to download
alpha zawgyi font

ဧရာဝတီ မြန်မာပိုင်းသတင်းဋ္ဌာန မှ ကောက်နှုတ်တင်ပြပါသည်
အတာရေလည်း မအေးနိုင်ပြီ
ကိုသက် ဧပြီ ၁၊ ၂၀၀၈
“တန်ခူးလရောက်တိုင်း မြန်မာလူမျိုးတို့အထူးပျော်ရွှင်ကြ၏” ဆိုသည့်စကားကို ရှေးမြန်မာတို့က လက်ခံကြမည်ဖြစ်သော်လည်း ခေတ်သစ်မြန်မာပြည်သားတို့ကမူ အပြည့်အ၀ လက်ခံမည်မဟုတ်၊ မေးခွန်းပြန်ထုတ်ကြမည်ပင်။


ယနေ့လူငယ်များဖြတ်သန်းနေကြသည့် ခေတ်သစ်အတာသင်္ကြန်တွင် သူများပျော်လို့မပျော်နိုင်သူ တနှစ်ထက်တနှစ် ပိုပိုများလာကြသည်။ ရှေးလူတို့က တူးပို့သံမကြားလျှင် သင်္ကြန်မမည်ဟု ဆိုကြသည်။ ယခုခေတ်လူငယ်များအတွက် ငွေမရှိ သဖြင့် သင်္ကြန်မကျနိုင်ခြင်း ကလည်း အဆန်းမဟုတ်တော့သလိုပင်။
ရန်ကုန်ရှိ လူငယ်ကဗျာဆရာတဦးက သင်္ကြန်ရောက်တိုင်း တရားရိပ်သာဝင်သည်မှာ ၂ နှစ်ရှိပြီဟု ဆိုသည်။ ယခုနှစ်တွင်လည်း ရိပ်သာဝင်ဦးမည်ဟု သူကပြောသည်။
အလားတူပင် ရန်ကုန်ရှိ ကားဝယ်ရောင်းလုပ်သည့် လူငယ်တဦးကလည်း “ဒီနှစ်တော့ အိမ်ကကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းမှာပဲ တရားသွားထိုင်တော့မယ်။ အရောင်းအ၀ယ်တွေက မဖြစ်တဲ့အခါကျတော့ အရင်လို မသုံးနိုင်တော့ဘူးလေ” ဟု ပြောသည်။ ၎င်းလူငယ်သည် ၂၀၀၇ ခုနှစ်သင်္ကြန်တွင် ငွေကျပ်တသိန်းကျော် အကုန်ခံကာ နှစ်သစ်ကိုကြိုဆိုခဲ့သူ ဖြစ်သည်။
အဆိုပါ ကဗျာဆရာနှင့် စီးပွားရေးသမား လူငယ် ၂ ဦး၏ဘ၀များသည် မတူညီကြသော်လည်း တူညီမှုတခုမှာ ငွေကြေးမတတ်နိုင်သောကြောင့် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ကျောခိုင်းမည့်သူများ ဖြစ်ကြသည်။ အလားတူအဖြစ်မျိုးနှင့် ကြုံတွေ့နေရသည့် လူငယ်များ ယခုခေတ်တွင် များစွာရှိပေသည်။
ရန်ကုန်သင်္ကြန်တွင် ရေကစားမည်ဆိုလျှင် လူတဦးအတွက် ရေပက်မဏ္ဍပ်ကြေးမှာ တရက်လျှင် ကျပ်ငွေတသောင်းခွဲဖြစ်ပြီး သင်္ကြန် ၄ ရက်စလုံး ရေကစားပါက ကျပ်ငါးသောင်းဖြစ်သည်ဟု လွန်ခဲ့သည့်နှစ်က အင်းယားလမ်းတွင်မဏ္ဍပ်ထိုးခဲ့သူ တဦးကဧရာဝတီကို ပြောသည်။
“ရေပက်မဏ္ဍပ်က နေ့လယ်စာကျွေးတယ် … ဘီယာ၊ အရက် တိုက်တယ်။ တချို့မဏ္ဍပ်တွေဆိုရင် အပို့ အကြိုကိုပါတာဝန်ယူပေးတယ်” ဟု ၎င်းက ပြောသည်။
ရေပက်မဏ္ဍပ်တခု၏ အထွေထွေကုန်ကျစရိတ်သည် ကျပ်သိန်း ၁၅၀ ခန့်ဖြစ်ပြီး မဏ္ဍပ်ထိုးခွင့်ပါမစ်ရရန် ဒေသခံ အာဏာပိုင်ကို ကျပ် ၅ သိန်းလာတ်ထိုးရပြီး မဏ္ဍပ်နေရာငှားခမှာလည်း ကျပ် ၅ သိန်း ဖြစ်သည်။
မဏ္ဍပ်ထိုးခက သိန်း ၃၀ လောက်ရှိတယ်။ ရေစက်ငှားခက ၁၀ သိန်း၊ မီးနဲ့ DJ က ၁၀ သိန်း၊ ရေက အင်းယားရေကို Free သုံးတာ … ဒါပေမယ့် ရေပိုက်ဖြတ်သွားတဲ့ အိမ်တွေကို ရေစက်တလုံးကို တသိန်း ပေးရတယ်” ဟု မဏ္ဍပ်တခု၏ အထွေထွေစရိတ်ကို အင်းယားလမ်း၌ မဏ္ဍပ်ထိုးခဲ့သူက ရှင်းပြသည်။
အင်းယားလမ်းကဲ့သို့ သင်္ကြန်မဏ္ဍပ်အများအပြားဖြင့် စည်ကားသည့်နေရာမျိုးတွင် မဏ္ဍပ်ထိုးခွင့် ပါမစ်ကို နအဖ အရာရှိကြီးများ၏ သား၊ သမီးများသာ အများစုရရှိပြီး ၎င်းတို့က မဏ္ဍပ်ထိုးလိုသူများကို ပါမစ်ပြန်ရောင်းသည်။
“ကျနော်မဏ္ဍပ်ထိုးတာကို စိတ်ကုန်သွားပြီ … ဒါပေမယ့်သူငယ်ချင်းတွေအတွက်တော့ ဒီနှစ်လဲကူပေးနေရတယ်။ ဒီနှစ်က တိုင်းမှူးခွင့်ပြုမှ ပါမစ်ရမယ်တဲ့ … အရင်နှစ်တွေက မတ်လ ဒုတိယပတ်မှာ ပါမစ်တင်ရတာ ဒီအချိန်ဆို ကျနေပြီ။ သူများအိမ်ရှေ့မှာ မဏ္ဍပ်ထိုးချင်ရင်တော့ အိမ်ရှင်ကို ၅ သိန်းပးရတယ်” ရေပက်မဏ္ဍပ်ထိုးခဲ့ဖူးသူက ဆက်ပြောသည်။
ရန်ကုန်ရှိ လူငယ်တဦးကလည်း “မဏ္ဍပ်တခုမှာ ရေကစားတဲ့လူ အနည်းဆုံး တရာကျော်တယ် … မဏ္ဍပ်ကြီးရင် နှစ်ရာ၊ သုံးရာအထိရှိတယ်။ ၅ နှစ်၊ ၆ နှစ်လောက် နှစ်စဉ် ထိုးနေကြမဏ္ဍပ်တွေဆိုရင် အမြတ်ကျန်တယ် … မဏ္ဍပ်နေရာ ပေါ်မှာလည်း မူတည်တယ်” ဟု ပြောသည်။
သင်္ကြန်တွင် ကားဖြင့်ရေပက်ခံထွက်သည့်စားရိတ်သည်လည်း မဏ္ဍပ်တွင်ရေကစားသကဲ့သို့ပင် ငွေကုန်ကြေးကျ များပေသည်။
“မနှစ်က စက်မှုဇုန်ဂျစ်ကားငှားတာ တရက်ကိုတသိန်းပေးရတယ်၊ သူငယ်ချင်း ဆယ်ယောက်ကျော်လောက် စုငှားတာ … ဒါတောင် ဓာတ်ဆီဖိုးနဲ့ စားစရိတ် မပါသေးဘူး။ Sunny Pickup လေးတွေကျတော့ တရက်ကို တသိန်း သုံးသောင်းလောက်ပေးရတာ၊ လူလဲ ၇ ယောက် ၈ ယောက်ပဲဆန့်တာ” ဟု ယမန်နှစ်က ကားဖြင့် ရေပက်ခံသူက ပြောသည်။
“သင်္ကြန်ဆိုတာ လူအများစုစားဝတ်နေရေးအဆင်ပြေနေကြရင် တော်တော်ပျော်ရမယ့်ပွဲတော်မျိုးပါ။ လောလောဆယ်တော့ ပျော်စရာထက် စားစရာက ပိုပြီးလိုအပ်နေတယ်လေ။ တိုင်းပြည်အေးချမ်းပြီး အဆင်ပြေကြတဲ့နေ့ရောက်ရင်တော့ ကိုယ့်မိသားစု၊ ကိုယ့်အပေါင်းအသင်းတွေနဲ့အတူ ရေကစားချင်ပါတယ်” ဟု လူငယ်ကဗျာဆရာက ပြောသည်။
...........................................................................................................
တိုင်းပြည်က ဆင်းရဲ စစ်အစိုးရကတော့ အိတ်ဖောင်း
ဝီလီယံ ဘွတ် / ဘန်ကောက်၊ ဧပြီ ၈၊ ၂၀၀၈

ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဈေးဝယ်သူနည်းပါးနေသည့် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာ စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် ပြင်ပကမ္ဘာမှ သက်ရောက်လာသည့် ဖိအားများကြောင့် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဆက်လက်၍ယိုယွင်းကျဆင်းနေလိမ့်မည်ဟု ကျွမ်းကျင်သူပညာရှင်များက ခန့်မှန်း တွက် ချက်နေ ကြသည်။ သို့သော် စစ်ဗိုလ်ချုပ်ကြီးများ၏ ဘဏ်စာရင်းများကတော့ ဆက်လက်၍ ကြွယ်ဝနေကြဦးမည်သာ ဖြစ်သည်။
ကမ္ဘာ့လောင်စာဆီနှုန်း မြင့်တက်လာမှု၊ စီးပွားရေးအရ လွဲမှားသော စီမံခန့်ခွဲမှုနှင့် ယမန်နှစ်က ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းပြီးနောက် ဖြစ်လာသည့် ရိုက်ခတ်သက်ရောက်မှုများ စသဖြင့် စုပေါင်းသက်ရောက်လာသည့် အကျိုးဆက်များကြောင့် တောက်လျှောက် ဆိုးရွားစွာ ဖိနှိပ်ခံနေရသော မြန်မာပြည်သူလူထုအတွက် ယခုနှစ်တွင် ပိုမို ခက်ခဲကြမ်းတမ်းသော အခြေအနေများနှင့် ရင်ဆိုင်ရဖွယ် ရှိနေပါသည်။
“အစိုးရရဲ့ ဘဏ္ဍာငွေနှင့် ဆက်နွယ်နေတဲ့ ကိစ္စအားလုံး ၂၀၀၈ ခုနှစ်မှာ ပိုမိုတိုးတက် ကောင်းမွန်လာနိုင်ဖွယ် အကြောင်း မမြင်ရဘူး၊ အမှန်က ပိုဆိုးလာဖို့ပဲ ရှိနေတယ်”ဟု မြန်မာစီးပွားရေး စောင့်ကြည့်အကဲ ဖြတ်မှု (Burma Economic Watch) အစီရင်ခံစာကို ရေးသားထုတ်ဝေသူ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ မက်ကွိုင်းယား တက္ကသိုလ် (Macquarie University) မှ မြန်မာ့အရေး ကျွမ်းကျင်သူ ရှောင် တာနယ် (Sean Turnell) က ပြောပါသည်။
“နိုင်ငံခြား ခရီးသွားဧည့်သည် နည်းပါးခြင်း၊ အခွန်ဝင်ငွေ ကျဆင်းနေခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆိုင်းငံ့နေကြခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ငွေပေါ်လွယ်မှုနှင့် ကြွေးမြီပြဿနာ စတဲ့ အချက်အလက် အားလုံးက စိတ်ပျက်ဖွယ်ရာ နှစ်တနှစ်ကို ဦးတည်နေတယ်ဆိုတာ ဖော်ပြနေတယ်၊ အန္တရာယ် အနံ့အသက်တွေ ရောပြွမ်းပြီး ထိုင်းမှိုင်းနေတဲ့ ကမ္ဘာ့စီးပွားရေး အကြောင်းကိုတော့ ထားလိုက်တော့၊ ထည့်သွင်းတွက်ချက်ဖို့တောင် မလိုလှဘူး” ဟု ရှောင် တာနယ်က ဆိုပါသည်။
“မနှစ်တုန်းက စစ်အစိုးရက သွေးရူးသွေးတမ်း စီးပွားရေး လုပ်ဆောင်ချက်တွေ လုပ်ခဲ့ရတယ်ဆိုရင် ဒီနှစ် အတွက်ကော ဘာဖြစ်လို့ ထပ်လုပ်ဖို့ မလိုရမှာလဲ”ဟု သူက စောဒကတက် မေးခွန်းထုတ်ခဲ့သေးသည်။
နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် စီးပွားရေး အကဲဖြတ် စုံစမ်းရေးဌာန (Economist Intelligence Unit) နှစ်ဖွဲ့ မှ ထုတ်ဝေသော မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် အလားအလာ ခန့်မှန်းတွက်ချက်မှု အစီရင်ခံစာများတွင်လည်း အလားတူ စိတ်ပျက်ဖွယ် ခန့်မှန်းချက်များကို ဖော်ပြခဲ့ကြသည်။
IMF က ခန့်မှန်းဖော်ပြခဲ့ရာတွင် ၂၀၀၇ ခုနှစ် နှစ်ကုန် ငွေကြေးဖောင်းပွမှုနှုန်းသည် အနည်းဆုံး ၃၅ ရာခိုင်နှုန်း ရှိနေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်လည်း လျော့ကျသွားနိုင်သည့် အခြေအနေ မရှိဘဲ ပို၍ပင် ဆိုးသွားနိုင်သည်ဟု ဆိုသည်။
မြန်မာအစိုးရသည် လာမည့်လများတွင် ကုန်ကျစရိတ် ထိန်းသိမ်းရန်အတွက် လောင်စာသုံးစွဲမှုကို ပိုမို၍ ချွေတာ ကန့်သတ် သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်သည်ဟုလည်း ရှောင် တာနယ်က ခန့်မှန်းထားသည်။
“နောက်တကြိမ် ဆီဈေးနှုန်း ထပ်မြှင့်ဖို့ဆိုတာ (စစ်အစိုးရအတွက်) ထိန်းမနိုင် သိမ်းမနိုင် အခြေအနေ ဖြစ်ပွားနိုင်ပါတယ်၊ ဒါဆိုရင် လောင်စာဆီ ပေးတဲ့ ခွဲတမ်းကို လျှော့ချရင် မဖြစ်နိုင်ဘူးလား၊ အဲဒီလို လုပ်မယ်ဆိုရင်လည်း အသုံးစရိတ်ကို ပမာဏအရ အလားတူပဲ ချွေတာနိုင်ပါတယ်”ဟု သူက ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြသည်။
မြန်မာနိုင်ငံအတွင်းရှိ လောင်စာဆီဈေးနှုန်းကပင် တိုင်းပြည်စီးပွားရေး အခြေအနေ အန္တရာယ်ရှိနေခြင်းကို အထင်းသား ဖေါ်ပြနေသည်။ ဓာတ်ဆီ ၁ ဂါလန် (၃. ၇၈၅ လီတာ) ကို အစိုးရ ဓာတ်ဆီဆိုင်တွင် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာဖြင့် ရောင်းနေ ကြပြီး မှောင်ခိုဈေးကွက်တွင် ၄ ဒေါ်လာခန့် ပေးနေရသည်။ သို့သော် မြန်မာနိုင်ငံသားအများစုသည် တနေ့လျှင် ၁ ဒေါ်လာ အောက်တွင်သာ ၀င်ငွေရှိကြပါသည်။
မြန်မာနိုင်ငံသည် ပြည်ပသို့ ရောင်းချရန် သဘာဝ ဓာတ်ငွေ့အများအပြား ပေါကြွယ်ဝသော်လည်း နိုင်ငံ၏ လောင်စာဆီ လိုအပ်ချက် အတွက် ပြည်ပမှသွင်းကုန်ကိုသာ လုံးဝ မှီခိုအားထားနေကြရပါသည်။
သို့သော်လည်း လွဲချက်တခုမှာ ကမ်းလွန် သဘာဝဓာတ်ငွေ့ကပင် ဗိုလ်ချုပ်များကို ကြွယ်ဝစွာ ရပ်တည်နေနိုင်ရန် ကူညီ ထောက်ပံ့နေပြန်ပါသည်။ အဓိကအားဖြင့် ထိုင်းနိုင်ငံကဲ့သို့ ဓာတ်ငွေ့ဝယ်ယူသော တိုင်းပြည်များက စစ်အစိုးရ အိပ်တွင်းသို့ နိုင်ငံခြားဝင်ငွေ ဒေါ်လာ သန်း ၂ ထောင်ခန့် ထည့်ပေးနေသည်ဟု IMF က ဆိုပါသည်။
အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ ပိုမိုတင်းကျပ်လာသည့်အချိန်၊ တခြား အကျိုးသက်ရောက်မှုများဖြစ်သည့် နိုင်ငံခြားခရီးသည် ကျဆင်းလာပြီး နိုင်ငံခြား ထောက်ပံ့မှုနှင့် ကုန်သွယ်မှုများ အားနည်းချိနဲ့လာသည့်တိုင် စစ်အစိုးရက ဤဓာတ်ငွေ့ရောင်းချရာမှရသည့် ၀င်ငွေများကြောင့် ဆက်လက်ရပ်တည်၍ ခေါင်းမာမာ နေနိုင်သေးသည်။
“စစ်အစိုးရသည် တိုင်းပြည်၏ ဒုက္ခဆင်းရဲ ပြဿနာများအတွက် မည်သို့မျှ တာဝန်မယူလိုခြင်းမှာသိသာလှသည်။ ပြစ်ဒဏ် ခတ်ပိတ်ဆို့သော နိုင်ငံများကို ယိုးစွပ်ပြီး တပါးသူကိုသာ အပြစ်ပုံချနေသည်”ဟု စင်ကာပူ နိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ် (Singapore Institute of International Affairs – SIIA) ၏ အစီရင်ခံစာ တခုတွင် ဖေါ်ပြခဲ့သည်။
“ဆော်ဒီအာရေဗျနိုင်ငံမှ ၂၅ နှစ်စာ အတိုးလွတ်ချေးငွေ ရရှိဦးမည် ဖြစ်သောကြောင့် မြန်မာ စစ်အစိုးရသည် စီးပွားရေးအရ အသက်ရှုပေါက် ရနိုင်ဖွယ် ရှိနေသေးသည်”ဟု SIIA က အစီရင်ခံစာတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။
ဆော်ဒီနိုင်ငံမှ ချေးငွေ ပမာဏနှင့် ၎င်း၏ ရည်ရွယ်ချက်ကို မသိရသေးသော်လည်း လျှပ်စစ်ဓာတ်ထုတ်လုပ်ရေးအတွက် ဖြစ်နိုင်သည်ဟု SIIA က ခန့်မှန်းထားသည်။
ယင်းချေးငွေသည် ယမန်နှစ်က မြန်မာ စစ်အစိုးရအရာရှိများ ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်လည်ပတ်မှု ခရီးစဉ်တခု နောက်ပိုင်း ဖြစ်လာခြင်း ဖြစ်သည်။ ဆောာ်ဒီများအတွက် ဈေးချိုသော မြန်မာအလုပ်သမားများ ပို့ပေးမည်ဟူသည့် ကမ်း လှမ်းချက်ဖြင့်လည်း ဤချေးငွေရရှိမှု ဆက်နွယ်မှု ရှိကောင်း ရှိနေနိုင်ပါသည်။
ယခုနှစ်တွင်လည်း စစ်အစိုးရ၏ အိပ်ကပ်ထဲသို့ တရုတ်၊ အိန္ဒိယကဲ့သို့သော အိမ်နီးချင်း နိုင်ငံများမှ ငွေများဝင်ရောက် လာရန် ရှိနေပါသေးသည်။
အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ်ပြည်နယ်များဖြစ်သော အရှေ့မြောက်ပြည်နယ်များအနေနှင့် ပင်လယ်ကုန်သွယ်ရေးလမ်း ကြောင်း တခုအဖြစ် အသုံးပြုနိုင်ရန် စစ်တွေနှင့် ကုလားတန်မြစ် အနောက်ဘက်ဆိပ်ကမ်းများ ပြန်လည်ပြင်ဆင် ရေး အတွက် အိန္ဒိယအစိုးရမှ ဒေါ်လာသန်း ၁၀၀ အကုန်ကျခံမည့်စီမံကိန်းအား ခွင့်ပြုခဲ့သောကြောင့် နယူးဒေလီက ဗိုလ်ချုပ် များ အိပ်ထဲသို့ ဒေါ်လာ ၁၀ သန်း ထည့်ပေးပါလိမ့်ဦးမည်။
မြန်မာပြည်ကို ဖြတ်၍ စစ်တွေကမ်းရိုးတန်းမှ စွမ်းအင်ကို အာသာငမ်းငမ်း လိုအပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဓာတ်ငွေ့နှင့် လောင်စာဆီများ သယ်ယူပို့ဆောင်ပေးမည့် ပိုက်လိုင်းများတည်ဆောက်ရေးအတွက် တရုတ်နိုင်ငံက ကြိုတင် ငွေ ထုတ်ပေးလိမ့်ဦးမည် ဖြစ်သည်။
“ဒီလို လုပ်ဆောင်ချက်များသည် ရေတိုကာလ သက်ရောက်မှု ရှိကောင်းရှိနိုင်ပါတယ်၊ လက်တဆုပ်စာ လူတစု အတွက် တော့ အကျိုးဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ စီးပွားရေး၊ ဒါနဲ့ ဆက်နွယ်နေတဲ့ လူမှုရေး ပြဿနာတွေ ဖြေရှင်းဖို့ အတွက်တော့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး” ဟု ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခု၏ သံရုံးမှ အရှေ့ တောင်အာရှ စီးပွားရေးလေ့လာသုံးသပ်သူတဦးက ပြောပါသည်။
မြန်မာနိုင်ငံ၏ ရေတိုအလားအလာများက မှုန်ဝါးထိုင်းမှိုင်းနေပါသည်။ အကြောင်းမှာ ဗိုလ်ချုပ်ကြီးများ၏ မူဝါဒများသည် “လူအများ၏ လူနေမှု အဆင့်အတန်း၊ တည်ငြိမ်မှုနှင့် ချမ်းသာကြွယ်ဝမှုများ တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းမှုကို ဖြစ်ပေါ် နေစေသည်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ဖေါ်ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံက စစ်အစိုးရဟာ အပြုသဘော တိုးတက်လုပ်ဆောင်မှု အားလုံးကို ငြင်းဆန်လျှက်ရှိနေတယ်၊ သူ့ ပြည်သူ တွေက တောင်းဆိုတာရော၊ နိုင်ငံတကာအသိုင်းအ၀န်းက ပြောတာရော ဘယ်လိုမှ အပြုသဘော တုန့်ပြန်လုပ်ဆောင်တာ မရှိဘူး”ဟု မကြာသေးမီက အရှေ့အာရှခရီးစဉ်အတွင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီရယ် (Scot Marciel) က ပြောဆိုခဲ့သည်။
“ကျနော်တို့က လူ့အခွင့်အရေးတို့ ဒီမိုကရေစီအရေးတို့ကိုသာ အများဆုံး ပြောလေ့ပြောထရှိပါတယ်၊ ဒါတွေက ကျနော် တို့အတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စရပ်တွေပါ၊ ဒါပေမယ့် အခုကိစ္စက အဲဒီ အတိုင်းအတာကို ကျော်လွန်သွားပါပြီ၊ စီးပွားရေးက အောက်ဆုံးကို ထိုးကျနေတယ်၊ ပညာရေးစနစ်ကလည်း တစစ ပျက်စီးယိုယွင်းလာနေတယ်၊ တတိုင်းပြည် လုံးမှာ ပြဿနာတွေ ဖြစ်နေတာပါ” ဟု သူက ဆက်၍ ပြောခဲ့သည်။
နိုင်ငံရေးအရ ဖိနှိပ်မှုနှင့် ထိုင်းမှိုင်းကျဆင်းနေသည့် စီးပွားရေးကြောင့် မြန်မာနိုင်ငံသား အများအပြား ပြည်ပတွင် အလုပ် အကိုင်ရှာဖွေစေရန် တွန်းအားသဖွယ် ဖြစ်နေသည်။
မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင်လည်း ဘဏ္ဍာငွေ ထောက်ပံ့ပေးမှု ချို့တဲ့ခြင်းကြောင့် ထိခိုက်နစ်နာဖွယ် ဖြစ်နေရသည်။ ၂၀၀၅ ခုနှစ်တွင် ကလေးငယ်အားလုံး၏ ၄၀ ရာခိုင်နှုန်းသာ အလယ်တန်းကျောင်းများတွင် စာသင်ကြား နိုင်ခဲ့ကြသည်။ စစ်အစိုးရက ၎င်း၏ ဘဏ္ဍာငွေထဲမှ ၀. ၁ ရာခိုင်နှုန်းကိုသာ လူထုကျန်းမာရေးအတွက် အသုံးပြုနေပြီး မြန်မာနိုင်ငံသားအများစုသည် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့် မရှိကြပေ။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံကြီး ၂ နိုင်ငံဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံသည် ဗိုလ်ချုပ်များအား ပြုပြင်ပြောင်းလဲမှု များလုပ်ဆောင်ရန် သိမ်းသွင်းဖြောင့်ဖြလိုသော ဆန္ဒမရှိကြဘဲ၊ လျင်လျင်မြန်မြန် ကြီးထွားနေသော ၎င်းတို့၏ စီးပွားရေး အကျိုးအမြတ်အတွက်သာ သြဇာလွှမ်းမိုးမှုကို အသုံးပြုလိုကြသည် ဟု အကဲခတ်လေ့လာသူများက ဆိုသည်။
“မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ ပေါကြွယ်ဝမှု နှင့် မဟာဗျူဟာအရ အချက်အချာကျမှု (တည်နေရာ) အပေါ် ထိုသို့ တိုးတက်နေသော စီးပွားရေးနိုင်ငံကြီးများက စိတ်မထိန်းသိမ်းနိုင်လောက်အောင် အာသာငမ်းငမ်းတက် လိုချင်နေကြ ခြင်း ဖြစ်သည်” ဟု ဟာဝိုင်အီ အခြေစိုက် အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပစိဖိတ်ဌာနချုပ်က မကြာသေးမီက ထုတ်ပြန် သည့် အစီရင်ခံစာတစောင်တွင် ဖော်ပြခဲ့သည်။
အလားတူပင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)သည် ဥရောပသမဂ္ဂ၏ လမ်းညွှန်မူများကို အတုယူကာ ဖွဲ့စည်း လုပ်ဆောင်လိုပါသည်ဟု ပြောဆိုနေခဲ့သော်လည်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ၎င်းတို့၏ ကိုယ်ပိုင်စံနှုန်း သတ်မှတ်ချက်များ ချမှတ်အကောင်အထည်ဖေါ်ရန်အတွက်ကိုမူ ကြံစည်အားထုတ်မှု လုံးဝ မရှိပေ။စစ်အစိုးရ၏ ဖိနှိပ်သော မူဝါဒများကို ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချနေသော်လည်း အာဆီယံအဖွဲ့သည် ၎င်း၏ အစီအစဉ် အသစ်ဖြစ်သော “အာဆီယံတခွင် ချောမွေ့စွာ ခရီးသွားလည်ပတ်ရေး အစီအစဉ်” (Visit Asean Pass) တွင် မြန်မာနိုင်ငံနှင့် မြန်မာ့လေကြောင်းလိုင်းကို ထည့်သွင်းထားပြီး ဖြစ်သည်။ ထိုအစီအစဉ်သစ်၏ ရည်ရွယ်ချက်မှာ “ဒေသ အတွင်း နိုင်ငံခြားခရီးသွားလုပ်ငန်း အဆင်ပြေချောမွေ့ရေး၊ နိုင်ငံခြားခရီးသွားများအား ဈေးနှုန်းသက်သာစွာဖြင့် တနေရာမှ တနေရာသို့ သက်သောင့်သက်သာ ဖြတ်သန်း သွားလာနိုင်ရေး"ဟူ၍ပင် ဖြစ်သည်။
ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းမှုများအပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အဆင်မပြေ ဖြစ်နေချိန်တွင် ထိုကဲ့သို့သော လုပ်ဆောင်ချက်သည်လည်း လွဲချော်နေပြန်တော့သည်။ သို့သော်ငြားလည်း ထိုနည်းလမ်းသည်သာလျှင် အာဆီယံအဖွဲ့က မြန်မာနိုင်ငံအား ၎င်းတို့၏ “အားလုံးပါဝင်ရေး” မူဝါဒအောက်တွင် မြန်မာနိုင်ငံ၏ အသံကို ပါဝင်ခွင့်ပေးနိုင်သော နည်းလမ်း တခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
၂၀၀၈ ခုနှစ် မတ်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ William Boot ရေးသားသည့် Junta’s Piggy Bank Full as Economy Sinks ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
......................................................................................................

မဲရုံ..မဲရုံကိုလာ..တပြည်လုံးဆန္ဒမဲနဲ့
အေးချမ်းမြေ့ မတ် ၂၄၊ ၂၀၀၈
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် တဖြည်းဖြည်း နီးကပ်လာသကဲ့သို့ “ကန့်ကွက်မဲသွားထည့်ကြရန်” လှုပ်ရှားမှုအနေနှင့်လည်း အတိုင်းအတာတခုအထိ အရှိန်ရလာပြီဖြစ်သည်။
အထူးသဖြင့် ပညာတတ်ကုမ္ပဏီဝန်ထမ်းများ၊ တရားဝင်မဲထည့်ခွင့်ရသူ ပြည်ပရောက် အလုပ်သမားများ၊ တက္ကသိုလ် ကျောင်းသားများနှင့် အစိုးရဝန်ထမ်းအများစုက အခြေခံဥပဒေကို ကန့်ကွက်ဆန္ဒမဲပေးမည် ဟူ၍ပြောဆိုနေကြသည်။
ပြည်သူများက အခြေခံဥပဒေကို စိတ်ဝင်စားမှု နည်းပါးလှသည်။ အထူးသဖြင့် အခြေခံလူတန်းစားများ၊ တောသူတောင်သားများနှင့် လက်လုပ်လက်စားများဖြစ်သည်။ ၎င်းတို့ အနေနှင့် အခြေခံဥပဒေဆိုသည်ထက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုသည်ထက် သူတို့အတွက်အရေးကြီးသည့် ဝမ်းရေးပြဿနာကို အချိန်နှင့်အမျှ ဖြေရှင်းနေရသည်။
တောသူတောင်သားအများစုကတော့ စစ်အစိုးရကို ကြောက်ရွံ့ကြသည်။ စစ်သားမဆိုထားနှင့် ရယက လောက် ကြံ့ဖွံ့လောက်ကိုပင် ကြောက်ရွံ့နေကြရသည်။ အခြေခံဥပဒေဆိုတာကိုလည်း နားမလည်။ စစ်အစိုး ရရေးဆွဲထားသည့် အခြေခံဥပဒေဆိုသည်ကလည်း သာမန်ပညာမတတ်သည့် လူတန်းစားမဆိုထားနှင့် တော်ရုံတန်ရုံပညာတတ်သည့် လူတန်းစားဖတ်လျင်ပင် နားမလည်နိုင်အောင် ရှုပ်ထွေးလှသည်။
သို့သော် ပြည်သူလူထု လက်ခံထားသည့်အချက်က ယေဘုယျအားဖြင့် စစ်အစိုးရ၏လက်အောက်တွင် နေနေသရွေ့ ဆင်းရဲဒုက္ခရောက်သည်ထက် ရောက်နေရမည်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် မျှော်လင့်ချက်မရှိ ဆိုသည့်အချက်ပင်ဖြစ်သည်။
စစ်အစိုးရရေးဆွဲထားသည့် အခြေခံဥပဒေတွင် အခြေခံအကျဆုံးနှင့် အရှင်းလင်းဆုံးဆိုသည့်အချက်မှာ နိုင်ငံ တော်၏ ဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်တပ်က ၂၅ရာခိုင်နှုန်းရနေမည် ဆိုသည့်အချက်ပင်ဖြစ်သည်။ ကျန်သည့် ၇၅ရာခိုင်နှုန်းတွင်လည်း လူဝတ်လဲထားသော တပ်မတော်သားများက နေရာတော်တော်များများ ယူထားကြဦးမည်။
ထိုအခြေခံအချက်ကိုတော့ လူတိုင်းနားလည်ထားသည်။ ပြည်သူအများစုကလည်း ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံကာလကို မမေ့နိုင်ကြသေး။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အလျှောက် မည်သည့် အတွက်ကြောင့်ပဲဖြစ်ဖြစ် ဘုန်းတော်ကြီးများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့် စစ်အစိုးရကို မုန်းတီး နေသည်ကတော့သေချာသည်။
“ကျနော့်အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရကို ထောက်ခံတဲ့ အနေအထားမျိုးဖြစ်အောင် ဘယ်တော့မှမလုပ်ပါဘူး။ အခြေခံဥပဒေက တရားမျှတမှု လုံးဝမရှိတဲ့အတွက် ကျနော်ကတော့ ကန့်ကွက်မဲ ပဲထည့်မှာပါ” ဟု ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေထိုင်သည့် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဦးညီညီက ပြောသည်။
မန္တလေးတွင်နေထိုင်သည့် ဒေသခံများအနေနှင့်လည်း ကန့်ကွက်မဲထည့်ရန် အဆင်သင့် ဖြစ်နေကြပြီဟု ၎င်း ဒေသခံတဦးကပြောပြသည်။
“သူတို့က အခြေခံဥပဒေကို သေသေချာချာ နားလည်ကြလို့တော့မဟုတ်ဘူး ဒါပေမယ့် စစ်အစိုးရကို မကြိုက် တာ တခုတည်းနဲ့ပဲ ကန့်ကွက်မဲ ထည့်မယ်လို့ပြောနေကြတယ်” ဟု ၎င်းကပြောသည်။
ပြည်သူလူထု အဓိကစိုးရိမ်နေသည့်အချက်မှာ မဲထည့်စဉ်နောက်ကျော လုံ၊ မလုံဆိုသည့် အချက်ဖြစ်သည်။ သံဃာတော်များကိုပင် ရက်ရက်စက်စက်ဖြိုခွင်းပြထားသည့် ဗုဒ္ဓဘာသာဝင်များဟု ၎င်းတို့ကိုယ် ၎င်းတို့ ပြော နေကြသူ စစ်တပ်အကြီးအကဲများအနေနှင့် ဘာမဆိုလုပ်ရဲ၊ ရက်စက်ရဲမည်ဆိုခြင်းကို ပြည်သူလူထုက သိလည်းသိ၊ ကြောက်လည်းကြောက်ရွံ့ကြသည်။
“လူတွေက မဲပုံးနားမှာ ဘယ်သူက စောင့်နေမလဲ၊ သူတို့ ကန့်ကွက်မဲထည့်တာကို စောင့်ကြည့်နေမှာလားဆို တာ စိုးရိမ်နေကြတယ်။ တကယ့်တကယ် လျှို့ဝှက်မဲ သေသေချာချာ ထည့်ရမယ်ဆိုရင်တော့ ကန့်ကွက်မဲ တွေပဲထည့်ကြမှာသေချာတယ်” ဟု သန်လျင်မြို့နေ ကိုမင်းမင်းဆိုက ပြောသည်။
လူများအနေနှင့် ယခုလတ်တလောတွင် ဆန္ဒခံယူပွဲနှင့် အခြေခံဥပဒေကို စိတ်ဝင်စားမှုမရှိသော်လည်း လွတ်လပ်စွာမဲပေးခွင့်ရှိပါက စစ်အစိုးရ၏ အခြေခံဥပဒေဖြစ်သည်ဆိုသည့် အချက်တချက်တည်းနှင့် ကန့်ကွက်မဲ ထည့်ကြလိမ့်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ဝန်ထမ်းများသည်လည်း စစ်အစိုးရကိုကြောက်လန့်နေရသည့် လူတန်းစားများဖြစ်သည်။ စက်တင်ဘာ အရေးတော်ပုံကာလက ဝန်ထမ်းများ လမ်းပေါ်မထွက်နိုင်လိုက်ခြင်းမှာ စစ်အစိုးရက သံဃာများ လမ်းလျှောက်နေကတည်းက အစိုးရရုံးများကို တံခါးများပိတ်ကာ တင်းကျပ်သောအမိန့်များချမှတ်၍ ဦးစွာ ပိတ်ပင်နိုင်လိုက်ခြင်းကြောင့် ဖြစ်သည်။
ထိုစဉ်ကာလအတွင်းနှင့် စစ်တပ်က လူစုခွဲနှိမ်နင်းပြီးနောက်တွင် အစိုးရရုံးများ၌ ပိုမိုတင်းကျပ်ခဲ့သည်။ ထိုကာ လက ရုံးမတက်သူ၊ လက်မှတ်မထိုးသူများဆိုလျင် နိုင်ငံတော်အာဏာဖီဆန်သည်ဟူ၍ အရေးယူမည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။
“လျှို့ဝှက်ဆန္ဒမဲသာ တကယ်ပေးရမယ်ဆိုရင် ဝန်ထမ်းတွေလည်း ကန့်ကွက်မဲပဲထည့်ကြမှာပဲ” ဟု ကိုမင်းမင်း က ဆက်ပြောသည်။
စစ်တွေရှိ အိမ်ရှင်မတဦးအား ဧရာဝတီက မည်ကဲ့သို့မဲပေးမည်ကို မေးမြန်းကြည့်ရာ သူ့အနေနှင့် သေချာ ပေါက် မဲသွားပေးမည်ဖြစ်သော်လည်း မည်သည့် မဲအမျိုးအစားဖြစ်မည်ကို ယခုအချိန်တွင်ပြောရန် စောသေး သည်ဟု ဖြေကြားသည်။
“အဲဒီအချိန်ကျတော့မှ ဘာထည့်တယ်ဆိုတာ ကြည့်တာပေါ့။ ကျမဘာဆိုလိုတယ်ဆိုတာသိမှာပါ” ဟု ၎င်းအိမ်ရှင်မကပြောသည်။
မြစ်ကြီးနားဒေသ၌မူ မြို့ခံအများစုက ကန့်ကွက်မဲသွားထည့်မည်ဟု ဆိုကြသော်လည်း အနည်းစုက လုံးဝမဲသွားမထည့်ဟုဆိုသည်။
“ကျနော်ကတော့ ကန့်ကွက်မဲသွားထည့်မှာပါ။ တခြားမြစ်ကြီးနားဒေသခံတွေလည်း ကျနော့်လိုပဲ နေမှာပါ” ဟုမြစ်ကြီးနားတွင်နေထိုင်သည့် ကိုမာဘရန်ကပြောသည်။
ရန်ကုန်တွင်နေထိုင်သူတဦးကလည်း ၎င်း၏မိတ်ဆွေအများစုက ကန့်ကွက်မဲပေးရန်အသင့် ပြင်ထားပြီးဖြစ်၍ ၎င်းတို့နှင့်နီးစပ်သူတချို့ကမူ လုံးဝမဲသွားမပေးရန် ပြောဆိုနေကြသည်ဟု ဆိုသည်။
၎င်းကမူ “ကျနော့်အနေနဲ့ကတော့ အခြေခံဥပဒေကို လုံးဝမထောက်ခံနိုင်ဘူး။ ကန့်ကွက်မဲပဲ ထည့်ရမလား လုံးဝမဲမပေးဘဲနေရမလား ဆိုတာကိုတော့ မစဉ်းစားရသေးဘူး” ဟု ပြောသည်။
ရန်ကုန်ရှိအတိုက်အခံအဖွဲ့များကလည်း ဆန္ဒခံယူပွဲတွင် ကန့်ကွက်ဆန္ဒမဲပေးရန် လှုပ်ရှားမှုများပြုလုပ်လျှက်ရှိ သည်။ လက်ရှိအထင်ရှာဆုံးမှာ သီးလေးသီးနှင့် ဂေါ်ဇီလာတို့ အငြိမ့်အဖွဲ့ ဂျပန်နိုင်ငံတွင် ကလာခဲ့သည့် ဗီစီဒီ အခွေကို ပြည်သူလူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေခြင်းဖြစ်သည်။ ထိုအခွေတွင် သူတောင်းစား ညီလာခံဆိုသော တခန်းရပ်ပြဇာတ်တပုဒ် ပါဝင်၍ လူအများကလည်း အလွန်နှစ်ခြိုက်ကြသည်။
ထိုကဲ့သို့သော အနေအထားတွင် စစ်အစိုးရကလည်း ၎င်းတို့၏ အခြေခံဥပဒေကို ထောက်ခံကြရန် နည်းမျိုးစုံ ဖြင့် ကြိုးပမ်းလျှက်ရှိသည်။ ၎င်းတို့ပိုင်သတင်းစာတွင် နေ့စဉ်လိုလို အခြေခံဥပဒေကို အမွှမ်းတင်ထားသည့် ဆောင်းပါးများ ပါရှိသကဲ့သို့ ရပ်ကွက် ကျေးရွာများအတွင်း ရယကများ၊ ကြံ့ဖွံ့များနှင့် စည်းရုံးရေးဆင်းသည့် ပုံစံမျိုးကိုလည်း အလျဉ်းသင့်သလို လုပ်ဆောင်လျှက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးနှင့် တိုင်းရင်းသားလူမျိုးစုများကို ယာယီမှတ်ပုံတင်များထုတ်ပေး လျှက်ရှိသည်။ တချို့သောဒေသများတွင် အခြေခံဥပဒေကိုထောက်ခံမည်ဟု ပြောသူများကိုသာ ၎င်းမှတ်ပုံ တင်များထုတ်ပေးသည်ဟုဆိုသည်။
ပြည်ပတွင်တရားဝင်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများနှင့် ကျောင်းသားများသည်လည်း ကန့်ကွက်မဲ ထည့်မည်ဟုသာဆိုနေကြသည်။ ပြည်ပအတိုက်အခံအဖွဲ့အစည်း အများစု၏ ကန့်ကွက်မဲထည့် ရေးလှုပ်ရှားမှုများနှင့် နေ့စဉ်လိုလိုထိတွေ့နေရသဖြင့်လည်း ထိုကဲ့သို့ ဆုံးဖြတ်ကြခြင်း ဖြစ်နိုင်သည်ဟု စင်ကာပူနိုင်ငံတွင် ဆိပ်ကမ်း အင်ဂျင်နီယာအလုပ်လုပ်ကိုင်နေသူတဦးကပြောသည်။
ပြည်ပအတိုက်အခံအဖွဲ့အစည်းအများစုနှင့် အတိုက်အခံမီဒီယာအများစုက နေ့စဉ်လိုလို ကန့်ကွက်မဲထည့် ရန် နှိုးဆော်လျှက်ရှိပြီး ပြည်ပရှိ မြန်မာဘလော့ဂါအများစုကလည်း ကန့်ကွက်မဲသွားထည့်ရန် တိုက်တွန်း လျှက်ရှိသည်။ ပြည်ပရောက်နေသော အင်တာနက်အသုံးပြုလေ့ရှိသူမြန်မာများက ၎င်းတို့၏ ချက်တင် ဘောက်စ်များတွင် ကန့်ကွက်မဲထည့်မည်ဟူသော ပုံများ၊ စာများကိုတင်ထားလျှက်ရှိသကဲ့သို့ ပြည်တွင်းရှိ အင်တာနက်အသုံးပြုသူ လူငယ်အများစု၏ ချက်တင်ဘောက်စ်များတွင်လည်း ယင်းကဲ့သို့သော ပုံများ စာများကို တွေ့ရှိကြရသည်။
အများစုသော ပြည်သူလူထုမှာ ထိတ်လန့်ကြောက်ရွံ့နေကြသော်လည်း တကယ့်တကယ် လွတ်လပ်စွာ မဲပေးခွင့်ရှိမည်ဆိုလျင် ကန့်ကွက်မဲထည့်ကြမည်မှာ သေချာသလောက်ရှိနေသည်။ မေးခွန်းထုတ်စရာက တော့များစွာရှိနေပါသည်။
စစ်အစိုးရက ပြည်သူလူထုကို ဖိအားပေး၍ ထောက်ခံမဲ ထည့်ခိုင်းလေမလား၊ သို့မဟုတ် မဲထည့်စဉ် စောင့်ကြည့်နေမည်လား၊ သို့မဟုတ် လွတ်လပ်စွာမဲထည့်ခွင့်ပေးပြီးမှ မဲရေတွက်စဉ် မသမာမှုများဖြင့် အနိုင်ယူမည်လား စသည့် လားပေါင်းများစွာကတော့ ရှိနေမည်ဖြစ်သည်။ ထိုလားပေါင်းများစွာအတွင်း ပြည်သူလူထုအတွက် မျှော်လင့်ချက်က အလွန်နည်းပါးလှသည်။ ထိုသို့ နည်းပါးသည်ကိုလည်း ပြည်သူ လူထုကနားလည်သည်။
ယခုပွဲက အမုန်းနှင့် အကြောက် လွန်ဆွဲမည့်ပွဲဟုပင်ဆိုနိုင်သည်။ အမုန်းက သာချင်လည်းသာသွားနိုင်သည်။ အကြောက်က လွန်ကဲချင်လည်းလွန်ကဲသွားပါလိမ့်မည်။ လူတိုင်း၏ရင်ထဲတွင် အကြောက်ကော အမုန်းပါရှိ နေသည်။ နိုင်ချင်လည်းနိုင်လိမ့်မည် ရှုံးချင်လည်း ရှုံးသွားလိမ့်မည်။ အခြေခံဥပဒေကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ မုန်းတီးသည်။ စစ်အစိုးရ ရေးဆွဲ သည်ဆိုသည့် တချက်တည်းနှင့်ပင် ကန့်ကွက်မည်။ စစ်အစိုးရက ဦးဆောင်မည် ဆိုသည်နှင့်ပင် ချန်ရစ်နေခဲ့မည်ဆိုသည့် စိတ်ကတော့ ထိုမြေတွင်နေထိုင်ကြသူ တိုင်း၏ ရင်ထဲတွင် ကိန်းအောင်းနေသည်မှာ သေချာသလောက်ရှိနေပါသည်။
.......................................................................................................

No comments: