Thursday, April 10, 2008

သတင်းမိတ်ဆက်



VOA
မြန်မာပိုင်း သတင်းဋ္ဌာန မှ ကောက်နှုတ်တင်ပြပါသည်။

...............................................................................

လူထုစကား နားထောင်ရန် မကြောက်ရွံ့သင့်ကြောင်း သမ္မတဘုရှ်က မြန်မာစစ်အစိုးရကို တိုက်တွန်း


မြန်မာစစ်အစိုးရအနေနဲ့ ကိုယ့်ပြည်သူလူထုရဲ့အသံကို ကြောက်မနေသင့်ပါဘူးလို့ အမေရိကန် သမ္မတဘုရှ်က ပြောလိုက်ပါတယ်။ အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို မေလ ၁၀ ရက်နေ့မှာ လုပ်မယ်လို့ စစ်အစိုးရက ကြေညာလိုက်အပြီး အမေရိကန်သမ္မတဘုရှ်က အဲဒီလို ပြောလိုက်တာပါ။ ကိုကျော်ကျော်သိန်းရေက အပြည့်အစုံ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ရောက်နေတဲ့ စင်္ကာပူ ၀န်ကြီးချုပ် ဟောင်းပေါ့လေ၊ အခုတော့ အကြီးတန်းဝန်ကြီးဆိုပြီး ဆက် တာဝန်ယူနေတဲ့ မစ္စတာ ဂိုချောက်တောင် (Goh Chok Tong) နဲ့ သမ္မတဘုရှ်တို့ ဆွေးနွေးပွဲအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
“အိမ်နီးချင်းနိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အချိန်ယူ ပြောခဲ့ပါတယ်၊ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ အချိန်ယူ ပြောခဲ့ ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ ပြည်သူလူထုရဲ့အသံတွေကို မကြောက်သင့်ဘူးဆိုတာ ပြောခဲ့ပါတယ်။ ဒီကနေ့အချိန်ထိ ရှိနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ကျနော် စိတ်ပျက်မိပါတယ်။ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲပြီး လူထုရဲ့ဆန္ဒကို တုန့်ပြန်ဖို့ စစ်ခေါင်းဆောင်တွေကို တိုက်တွန်းပါတယ်။”
အခြေခံ ဥပဒေမူကြမ်းကို မေလ ၁၀ ရက်နေ့မှာ လူထုဆန္ဒခံယူမယ်လို့ စစ်အစိုးရက မနေ့ညက ကြေညာခဲ့ပြီးတဲ့နောက် တရက်ထဲ မှာပဲ အမေရိကန်သမ္မတဘုရှ်ကလည်း အဲဒီလို ပြောတာပါ။
စင်္ကာပူအကြီးတန်းဝန်ကြီး မစ္စတာ ဂိုချောက်တောင်ကတော့ မြန်မာနိုင်ငံရဲ့ ပြဿနာ ဖြေရှင်းရာမှာ စစ်ဘက်ဟာ အဖြေရဲ့ တစိတ်တပိုင်းဖြစ်ရမယ်လို့ မြန်မာစစ်တပ်ရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။
“မြန်မာနိုင်ငံ ကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်တပ်ဟာ ပြဿနာဖြစ်နေသလို အဖြေရဲ့ တစိတ်တပိုင်း ဖြစ်ရမယ်ဆိုတာ သမ္မတကို ကျနော်ပြောပါတယ်။ မြန်မာနိုင်ငံကပြဿနာတွေ ဖြေရှင်းရာမှာ စစ်တပ်က တစိတ်တပိုင်းမပါဝင်ဘဲနဲ့ အဖြေဆိုတာ မရနိုင်ပါဘူး။”
စင်္ကာပူဝန်ကြီးချုပ်ဟောင်းက အမေရိကန်ပြည်ထောင်စုကို ရောက်နေပြီး အမေရိကန်သမ္မတဘုရှ်နဲ့ ဆွေးနွေးရာမှာ မြန်မာ့အရေး ပါဝင်ခဲ့သလို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟာလည်း ဧပြီလ ၈ ရက် အင်္ဂါနေ့က သြစတြီးယားသမ္မတ Heinz Fischer နဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ မြန်မာနိုင်ငံက အခြေအနေတွေပါဝင်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သမ္မတဘုရှ်နဲ့ အကြီးတန်းဝန်ကြီး ဂိုချောက်တောင်တို့ရဲ့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ တခြား အကြောင်းအရာကတော့ တိဘက် အရေးပါ။ တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ သမ္မတဘုရှ်က တရုတ် ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။
ဒီအချက်ကို မစ္စတာ ဂိုချောက်တောင်ကလည်း သဘောတူခဲ့ပြီး ဒလိုင်းလားမားနဲ့ ဆွေးနွေးတာ သာလျှင် အခြေအနေတွေ တိုးတက်လာဖို့ တရုတ်နိုင်ငံအတွက် တခုတည်းသော နည်းလမ်း ဖြစ်တယ် လို့ ပြောခဲ့ကြောင်းပါ။

................................................................................


အိုလံပစ်မီးရှုးတိုင် ဆန်ဖရန်စစ္စကိုခရီး လုံခြုံရေးအထူးတင်းကျပ်


အိုလံပစ် မီးရှူးတိုင်ကို ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြို့တွင်း ဖြတ်သန်းသယ်ဆောင်ရာမှာ လုံခြုံရေးကို ထူထပ်စွာ ချထားခဲ့ကြရပါတယ်။ ပီကင်းကို နောက်ဆုံးရောက်ရှိသွားမယ့် မီးရှူးတိုင် သယ်ဆောင်ရာမှာ ပရမ်းပတာ ဆန္ဒပြပွဲတွေနဲ့ ကြုံနှင့်ရပြီဖြစ်တဲ့အတွက် နောက်ထပ် ဆန္ဒပြပွဲတွေ မကြုံနိုင်အောင် အထူးရဲတပ်ဖွဲ့ SWEAT အဖွဲ့ကို ချထားခြင်းဖြစ်ပါတယ်။
မီးရှူးတိုင် သယ်ဆောင်ရာမှာ ဆန်ဖရန်စစ္စကို မြို့က အာဏာပိုင်တွေဟာ လမ်းကြောင်းခရီးကို တ၀က်နည်းပါး ဖြတ်ချလိုက်ပြီး မူလ လမ်းကြောင်းကိုလည်း ပြောင်းလဲလိုက်ပါတယ်။ နောက်ထပ် ပြောင်းလဲတာကတော့ မီးရှူးတိုင် ရပ်နားမယ့် ညအိပ် အခန်းအနားအစီအစဉ်ကို မူလစီစဉ်ထားတဲ့ ဆန်ဖရန်စစ္စကိုမြို့ ကမ်းစပ်နေရာကနေ ဖြတ်သိမ်းလိုက်ခြင်းဖြစ်ပါတယ်။ နောက်ထပ် ကျင်းပမယ့် အခန်းအနားသစ်နေရာကို ဖွင့်ပြောခြင်းမရှိပါဘူး။
အဝေးရောက်တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ရာ အမေရိကန် သမ္မတက တရုတ်ပြည်ကို တိုက်တွန်းလိုက် ပါတယ်။ ဒလိုင်းလားမား ဘုန်းတော်ကြီးဟာ အကြမ်းမဖက်တဲ့ ငြိမ်းချမ်းရေးသမား ဖြစ်တယ်လို့ သမ္မတ ဘုရှ်က ပြောကြားပြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ တရုတ်အစိုးရအတွက် ကောင်းသော ရောင်ပြန်ဟပ်မှုကို ရရှိလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

..................................................................................................


ဧရာဝတီ သတင်းဋ္ဌာနမှ ကောက်နှုတ်တင်ပြပါသည်။

................................

အခြေခံဥပဒေမူကြမ်း စာအုပ် အများပြည်သူဖတ်ရှုနိုင်ရန် ရောင်းချ

ကိုစိုး ဧပြီ ၉၊ ၂၀၀၈

စစ်အစိုးရ ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ၂၀၀၈ စာအုပ်ကို ရန်ကုန်မြို့အစိုးရ စာအုပ်အရောင်းဆိုင်များတွင် စတင်ရောင်းချနေကြောင်း သိရသည်။
ယင်းအခြေခံဥပဒေမူကြမ်းစာအုပ်အား ရန်ကုန်မြို့ရှိ အစိုးရ စာပေဗိမာန် စာအုပ်အရောင်းဆိုင်မှ ကျပ် ၁၀၀၀ ဖြင့် ဝယ်ယူရရှိ ခဲ့ကြောင်း ရန်ကုန်မြို့မှ ဂျာနယ်သတင်းထောက်တဦးက ပြောသည်။
“အဲဒီစာအုပ် နောက်ကျောမှာ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်ချက်လည်း ထည့်ထားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ စာအုပ်တွင်ပါရှိသည့် ပြင်ဆင်ချက်ပါစာသားများမှာ ၄၃၆။ (က) ပါ နောက်ဆုံးစာကြောင်းဖြစ်သည်။ “ဆန္ဒမဲ ပေးပိုင် ခွင့်ရှိသူ အားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်”ဆိုသောစာကြောင်းတွင် ထက်ဝက်ကျော် ဟူသော စကားရပ်ကို ဖြည့်စွက် ၍ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်”ဟု ပြင်ဆင်ဖတ်ရှုရန်။ ဆိုပြီး ဖော်ပြထား ကြောင်း ရန်ကုန် ဂျာနယ်သတင်းထောက်က ဆက်လက်ပြောပြ သည်။
ယင်းပြင်ဆင်ချက်မှာ ယခုအခြေခံဥပဒေ မူကြမ်း စာအုပ်ပါ “အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၌ ရေးသား ထားသော ပြင်ဆင်လိုလျင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော် က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး ဆန္ဒမဲဖြင့်သာ ပြင်ဆင် ရမည်”ဟူသော စာပိုဒ်နေရာဖြစ်ကြောင်း တွေ့ရှိရသည်။
ယခင်အသေးစိတ်အခြေခံရမည့်မူများတွင်ပါရှိသည့်အတိုင်း ပြန်လည်ပြင်ဆင်ထားခြင်းပင် ဖြစ်သည်။
စစ်အစိုးရကိုလိုလားသော www.myanmarforum.net အင်တာနက်စာမျက်နှာတွင်လည်း အခြေခံဥပဒေမူကြမ်း စာအုပ် ၂၀၀၈ ကို အစိုးရစာအုပ်ဆိုင်များ၌ ကျပ် ၁၀၀၀ ဖြင့် တနင်္လာနေ့က စတင်ဝယ်ယူရရှိနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရ သည်။ စာမျက်နှာ ၁၉၄ မျက်နှာပါအခြေခံဥပဒေ မူကြမ်းစာအုပ်ကိုလည်း ယင်းအင်တာနက် စာမျက်နှာတွင် ဖော်ပြထား သည်။
ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းကမူ ယခုအခြေခံဥပဒေမူကြမ်းစာအုပ်ကို အစိုးရစာအုပ်ဆိုင်များတွင် ရန်ကုန်မြို့ ခံများ သွားရောက်ဝယ်ယူသည်ကိုတွေ့ရှိရကြောင်းနှင့် ယင်းစာအုပ်သည် စစ်တပ်အတွက် အဓိက ရေးဆွဲထားခြင်းဖြစ် ကြောင်း ပြောသည်။
“ကျနော် ဖတ်ရသလောက်တော့ ဒီအခြေခံဥပဒေက စစ်အစိုးရ တရားဝင်အုပ်ချုပ်ရေးအတွက် ရေးဆွဲထားတာ ပဲ”ဟု ဦးအောင်သိန်းက ပြောပြသည်။စစ်အစိုးရ အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်က လာမည့်မေလတွင် အတည်ပြု ဆန္ဒခံယူပွဲကျင်းပမည့် အခန်း (၁၅) ခန်းပါ ယင်းအခြေခံဥပဒေမူကြမ်း ပြီးစီးကြောင်းကို လွန်ခဲ့သော ဖေဖော်ဝါရီ ၁၈ ရက် ကထုတ်ပြန် ကြေညာခဲ့သည်။

...............................................................................................

သာမညဆရာတော်၏ရုပ်ကလာပ် အဓမ္မအလုခံရ
ကိုသက် ဧပြီ ၂၊ ၂၀၀၈

ကရင်ပြည်နယ် သာမညတောင်ရှိ အများပြည်သူဖူးမြော်နိုင်ရန်ထားရှိသည့် သာမညဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်ကို ယမန်နေ့ည ၁၂ နာရီနှင့် တနာရီအကြား ပြောက်ကျားဝတ်စုံများဝတ်ဆင်ထားသည့် အမည်မသိလူအုပ်စုတစုက အဓမ္မလုယူသွားသည်ဟု သာမညတောင်ရှိ ဒေသခံတဦးက ပြောသည်။“ဘောလုံးပွဲကြည့်နေကြတဲ့အချိန်မှာ Toyota Hilux Tiger ကားသုံးစီးနဲ့ လာတာ … ပြောက်ကျားဝတ်စုံတွေနဲ့ လာပြီးတော့ ကပ္ပိယတွေကို အခန်းထဲ ပိတ်ထားပြီးတော့ အခေါင်းကိုဖွင့်ပြီး ဆရာတော်ရဲ့ရုပ်ကလာပ်ကို ဘားအံ ဘက်သယ်သွားကြတာ။ အခုတော့ ရဲတွေနဲ့ရှုပ်နေတယ်။ စစ်ဆေးတာတွေ လုပ်နေကြတယ်” ဟု သာမညတောင်ရှိ ဒေသခံက ဧရာဝတီကို ပြောသည်။
သာမညဆရာတော်၏ ရုပ်ကလာပ်ကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ဆရာတော် ပျံလွန်တော်မူကတည်းက သာမည တောင်ပေါ်ရှိ မြစောညီနောင်ဘုရား ကုန်းတော်ပေါ်တွင် အများပြည်သူ ဖူးမြော်နိုင်ရန် မှန်ခေါင်းဖြင့် ထားရှိသည်။
သာမညတောင်သည် ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အနီးတွင်တည်ရှိပြီး ပအို့လူမျိုးဖြစ်သည့် သာမည ဆရာတော်ကြီးက ၎င်းတောင်ပေါ်တွင် သာသနာပြုသီတင်းသုံးရာမှ မြန်မာနိုင်ငံအနှံ့အပြားရှိ ဗုဒ္ဓဘာသာဝင်များ လာရောက်ကိုးကွယ်ကြရာမှ လူသိများလာသည့် ဒေသဖြစ်သည်။
“ဆရာတော်ရှိတုန်းကလောက် မစည်ကားတော့ပေမယ့် ဆရာတော့်ရုပ်ကလာပ်ကို လာဖူးတဲ့ ဘုရားဖူးတွေ လာကြပါတယ်” ဟု သာမည ဒေသခံက ပြောသည်။
ဆရာတော်ကြီး၏ရုပ်ကလာပ် အဓမ္မလုယူခံရသည်ဟုကြားသဖြင့် ဘားအံမြို့ရှိ ဒေသခံအများအပြားလည်း သာမညတောင်သို့ ယနေ့သွားရောက်ကြည့်ရှူကြသည်ဟု ဘားအံမြို့ခံက ပြောသည်။
“ဘားအံမှာလည်း ရဲတွေက ရှုပ်နေတယ်။ လူတွေကလည်း အတော်စိတ်မကောင်း ဖြစ်နေကြတယ်” ဟု ဘားအံမြို့ခံက ပြောသည်။
သာမညဆရာတော်ကြီး သက်ရှိထင်ရှားရှိစဉ်အခါက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂ ကြိမ်တိုင် သွားရောက်ဖူးမြော်ခဲ့သည်။ ဆရာတော်အား ရန်ကုန်သို့ကြွရန်နှင့် နိုင်ငံတော်ကဆက်ကပ်သည့် ဘွဲ့တံဆိပ်တော်များ လက်ခံရန် အာဏာပိုင်တို့ကလျှောက်ထားခဲ့ဖူးသော်လည်း ဆရာတော်က လက်ခံခြင်း မရှိပေ။
သာမညဆရာတော်ဘုရာကြီး၏ ဘွဲ့အမည်မှာ ဦးဝိနယဖြစ်ပြီး သက်တော် ၉၃ နှစ်တွင် ပျံလွန်တော်မူသည်။ လက်ရှိ သာမညတောင်တွင် သာမညဆရာတော်၏အရိုက်အရာကို ပန်းတနော်ဆရာတော်က ဆက်ခံလျက် ရှိသည်။

No comments: