Thursday, June 19, 2008

စာအုပ်စင်

to download
ဗဟိန်း သို့မဟုတ် ညီညွတ်ရေးဗိသုကာ
အာဏာရှင်ဖြစ်စေ၊ ရီပတ်ဗလစ်ကင် ဖြစ်ပါစေ၊ အစိုးရမှန်သမျှသည် သူ့အား မိမိတို့နယ်မြေများမှ နှင်ထုတ်ခဲ့ကြသည်။ သမားရိုးကျဖြစ်စေ၊ အလွန်အကျွံ ဒီမိုကရက်ဖြစ်စေ ဓနရှင်မှန်သမျှသည် သူ့အားအပြိုင်အဆိုင် ပုတ်ခတ်ခဲ့ကြသည်။ ......သူ့တွင် ဆန့်ကျင်ဘက်များအမြောက်အများရှိကောင်းရှိမည် ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေးရန်သူဟူ၍ တဦးတလေမျှပင်ရှိနိုင်ခဲကြောင်း ရဲဝံ့စွာပြော လိုက်ရပေသည်။ဖရစ်ဒရစ်အိန်ဂယ်(ကားလ်မာ့က်စ်၏ဘ၀နှင့် ပတ်သက်၍ပြောကြားချက်)

(၁) လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော် ...။စစ်တပ်မှ ဒုတိယအကြိမ် အပြီးအပိုင် အာဏာမသိမ်းမီကာလ၊နွေရာသီရဲ့ ပူရှိန်ပြင်းပြင်း ... ကျောင်းဖွင့်ချိန် ... ဇွန်လဆန်း။... ... ... ... ...မန္တလေးတက္ကသိုလ်ပုရ၀ဏ်တွင် အဆောက်အအုံတွေက ဤမျှလောက်နီးနီးကပ်ကပ် ပူးပူးကျပ်ကျပ် မရှိသေး -ပူပင်ပူအိုက်ငြားသော်လည်း တမာတန်းနှင့်စိန်ပန်းပင် အုပ်အုပ်တွေကြားက တချက်တချက်ဖြတ်သန်းလာသော သန့်သန့်ရှင်းရှင်းလေကို ရှူရှိုက် လိုက်ကြရလျှင် ငြီးစီစီဖြစ်နေသည့် ကျောင်းသူ ကျောင်းသားများလန်းလန်းဆန်းဆန်းဖြစ်သွားကြ၏။ကျောင်းဆင်းကျောင်းတက်သွားကြ ပြန်ကြ၊ ဆိုင်များတွင် စားကြ၊ သောက်ကြ၊ သစ်ပင်ရိပ်များတွင် နားကြ၊ ခိုကြ။ အရှေ့ရှမ်းရိုးမဆီငေးကြမောကြ။နယ်မှ ၁၆ နှစ် ၁၇ နှစ် ရွယ် ကျောင်းသား ၂ ယောက်သည် သင်တန်းတချိန်အပြီး မုန့်သွားစားလိုက်၊ ပင်မအဆောက်အအုံထဲဝင်လိုက်၊ စာသင်ခန်း တွေကိုလေ့လာကြည့်လိုက် ... နှင့် နောက်ဆုံးပြတိုက်ရှိရာ ရာဇတ်အဆောက်အအုံဘက်ရောက်သွားကြသည်။ အောက် - အထက် ... တက်ကြည့်ဖြစ်ကြသည်။ တနေရာတွင် ကျက်သရေရှိလှသော လူတယောက်၏ ပုံတူပန်းချီကားတချပ်ကို မြင်လိုက်ကြရ၏။ မျက်နှာထား ကြည်ကြည်လင်လင်နှင့် ပြေပြစ်ချောမောလှသော ထိုသူ၏ ပုံကိုကြည့်ရင်း - “ဘယ်သူလဲ ?” ဟု တယောက်က မေးသည်။ ကျန်တယောက်က ခေါင်းယမ်းပြ၏။အခန်းထောင့် စားပွဲတလုံးပေါ်မှာ မျက်နှာအပ်၍မှေးနေသော ကျောင်းသားကြီးတယောက် ထလာသည်။“ကိုယ်တို့ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းပုံလေ။ ဒီမန္တလေးက အင်တာ ( - ) အောင်သွားတယ်။ နောက် ရန်ကုန်တက္ကသိုလ်ဆက်တက်တယ်။ ဗကသ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို ခေါင်းဆောင်ခဲ့တဲ့ သခင်ဗဟိန်းဆိုတာ သူပဲ ... ပေါ့၊ သူ့ကို မန္တလေးကတင်မဟုတ်ဘူး၊ တပြည်လုံးက ချစ်ကြတယ်လေ...”ဖရက်ရှာကျောင်းသားနှစ်ယောက် ငေးနားထောင်ရင်းက ပန်းချီကားကြီးကို တခါထပ်ကြည့်လိုက်ကြပြန်သည်။ချစ်ခင်မှု၊ လေးစားမှုသည် သူတို့၏ မျက်နှာပေါ်တွင် အထင်းသားထင်ဟပ်လာခဲ့ကြချေပြီ။(၂)“တစ္ဆေကြီးတကောင်သည် ဥပရောပတိုက်တွင် လှည့်လည်သွားလာနေပေသည်။ ဤတစ္ဆေကြီးကား ကွန်မြူနစ်ဝါဒပင် ဖြစ်၏။ ပုပ်ရဟန်းမင်းကြီးနှင့် ဇာဘုရင်၊ မက်တာနစ်ခ်ျနှင့် ဂီဇော့၊ ပြင်သစ်ရယ်ဒီကယ်များနှင့် ဂျာမန်ပုလိပ် သူလျှိုများ ...ဟူသော ဟောင်းနွမ်းသည့် ဥရောပတိုက်ရှိ အင်အားစုအားလုံးသည် ဤတစ္ဆေကြီးအား မောင်းထုတ်ပစ်ရေးအတွက် သူတော်စဉ် မဟာမိတ်ကို ဖွဲ့စည်းလိုက်ကြလေပြီ။”- ကွန်မြူနစ်ကြေငြာစာတမ်း (၁၈၄၈) - ဤတစ္ဆေကြီးသည် အနှစ် ၇၀ မျှအကြာတွင် တကမ္ဘာလုံးသို့ ကိုယ်ထင်ပြလိုက်၏။ ဆိုဗီယက်နိုင်ငံတော်ကြီး ပေါ်ပေါက်ခဲ့၏။ သို့သော် ကိုလိုနီနိုင်ငံ တနိုင်ငံဖြစ်နေသော မြန်မာပြည်တွင်မူ အနှစ် ၉၀ ကြာမှ အရိပ်ထင်နိုင်ခဲ့ပေသည်။ ၁၉၃၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်၍ တည်ထောင်လိုက်နိုင်ခဲ့ကြသည်။
.........................................................................................................
“ရုပ်ဝါဒ ဆိုသည်မှာ စိတ်ဝါဒမဟုတ်၊ စိတ်ကူးစိတ်သန်း မဟုတ်၊ အကောင်အထည်က မာကျောကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ။ သည်လို ယေဘုယျ လူအများက မှတ်ထင်ကြပေမည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင် ဗဟိန်းအား ....ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့် ရုပ်ဝါဒနိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟု ထင်မှတ်ကြပေလိမ့်မည်။ သည်လို မှတ်ထင်လျှင် ဗဟိန်းကို နိုင်ငံရေးသမား အဖြစ် တွေ့မြင်၍ လူအဖြစ် မသိသေးသောကြောင့် ဖြစ်တန်ရာသည်။”ဤကား 'လူ' ကိုဗဟိန်း နှင့် ကွန်မြူနစ် ကိုဗဟိန်း အပေါ် ယှဉ်တွဲ ပေါင်းစပ်ကြည့်သောသူ တဦး၏ အမြင်ဖြစ်သည်။သခင်သန်းထွန်းတယောက် သပ်သပ်ရပ်ရပ်နေ၊ သေသေသပ်သပ် အလုပ် လုပ် တတ်သည်ကို တွေ့သိကြသော သူများက “ကွန်မြူနစ်တွေလည်း ဒီလိုနေ၊ ဒီလို လုပ်တတ်ပါလား” ဟု ပြောမိကြသည်။ “ကွန်မြူနစ်ဆိုတာ ဖြစ်သလို နေ၊ ဖြစ်သလို စားပြီး အလုပ် အင်မတန် လုပ်သူများ” ဟူ၍သာ သူတို့ သိထားကြသည်။ နယ်ချဲ့ အရင်းရှင်များ၊ ဖက်ဆစ်များနှင့် သူတို့၏ အလိုတော်ရိ လက်ဝေခံများက ပုံဖျက်ထားသော အာဘော်များနှင့်သာ လက်ပွန်းတတီး နေခဲ့ရသော ကိုလိုနီုင်ငံရှိ ပြည်သူများ-ဤသို့ ရောထွေး ထင်ကြ၊ပြောကြသည်မှာ သဘာဝတော့ ကျချေသည်။ အမှန်မှာမူ တော်လှန်ရေး ကိုယ်၌မူက အနုပညာ တရပ် ဖြစ်သည် .....ဟု ကွန်မြူနစ်များ ခံယူထားသည်ကို သူတို့ မသိကြ၍သာ ....။(၃)ကိုဗဟိန်းကို လူအဖြစ် တချို့ က ဤသို့ မြင်ကြသည်။ သမဂ္ဂ ပျော်ပွဲစားရုံတွင် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံ တို့ဖြင့် ဆူပွက်နေစဉ် သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့ စကားပြောထဲတွင် မပါဘဲ စီးကရက်ကို တွင်တွင်ဖွာလျက် စားပွဲစွန်းရှိ ဓါတ်စက်ကို ဓါတ်ပြား တချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင်အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်း ကဲ့သို့ လန်းရွှင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲနေသော ပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နားလျက်ရှိသည်။ ကျက်သရေဖြင့် လျှမ်းသောအပြုံး၊ မေတ္တာ၏ အထိမ်းအမှတ် အပြုံး -( လူစိမ်း တဦးနှင့် မိတ်ဆက်ပေးလိုက်သော အခါ ) သူ၏ ကြာပွင့်ချပ်ကလေး ထဲမှ ၀တ်ဆံကို ဖွင့်လှပ်လိုက်သော ကဗျာဆန်သည့် အပြုံးဖြင့် တုံ့ပြန်ကာ -“ ကျနော်တော့ မေရှင်ကို အတော် ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့်လဲ ....” ဟု မေးတတ်သည်။ နောက်တော့ ....“ချစ်၍ ခေါ်ရာ၊ ချစ်၍ ခေါ်သည်”....သီချင်းကို ဖွင့်၊ “သော်တာ ငွေမင်း” .... ကို ဖွင့်သည်။ (နောက်တော့ ဂီတနှင့် ပတ်သက်၍ သူ့ ခံယူချက် ကို ဤသို့ ပြောပြပါလိမ့်မည်။)“ တချို့ ကအင်္ဂလိပ် တီးလုံးသွားသီချင်းတွေကို မကြားနိုင်ကြဘူး၊ နားပိတ်ထားချင်သတဲ့ဗျ။ သာယာတဲ့တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးထဲ ကန့်သတ်ထားတာမဟုတ်ဘူး...”သူသည်သီချင်း ဓာတ်ပြားတွေကို တပြားပြီးတပြား ဖွင့်ရင်း ဤအဘိဓမ္မာကို ရင့်ကျူးဖော်ထုတ်နေတက်၏။“ ကျနော့်အဖို့တော့ သာယာလှပတဲ့ တေးဂီတဆိုရင် နိုင်ငံခြားဂျပန်ပဲဖြစ်ဖြစ်၊ က္ကုတာလျံပဲဖြစ်ဖြစ် နားထောင်တာပဲ။ တချို့ က အင်္ဂလိပ်သံဆိုရင် အသံသေးအသံကြောင် ဆိုပြီးနားမထောင်နိုင်ကြတာ အံ့သြစရာပဲ...”ဤသို့ပြောသံကြားသောအခါ သူငယ်ချင်းတစ်ယောက်လည်းဖြစ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကိုဗဟိန်းနှင့် အတူတွဲ၍ ခေါင်းဆောင်ပါဝင်ခဲ့သော ကိုဗဆွေ(နောင် ဖဆပလ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ)က...“ ဗဟိန်းကလည်း ဝတ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတ လိုက်စားချင်နဲ့တော့... မင်းတို့တွေစိတ်ကူးယဉ် သမားတွေကိုး...” ဟု မှတ်ချက်ချသည်။ဒီအခါ ကိုဗဟိန်းက ... “ လူဆိုတာ အလှအပကိုမက်တာပဲ၊ ကဗျာဂီတရဲ့ အလှအပကို မကြည်နူးပဲ မနေနိုင်ဘူး။ လူဆိုတာမင်းပြောတဲ့ စိတ်ကူး ယဉ်ပဲဆိုပါတော့ ကဗျာဂီတကို နားလည်မွေ့ လျော်လာတာ ယဉ်ကျေးလာတာကွ”... ဟု ရယ်ရင်းမောရင်း ပြောတတ်၏။ သူသည် အမှန်တကယ်လည်း ဂီတကို ချစ်မြတ်နိုးသူဖြစ်သည်။ အချိန်ရရင် ရသလို ဂီတကို ဖက်ပွေ့ တတ်သည်။ ဇမ္ဗူ့ ကျွန်းလုံးသီချင်းခံ့ကို ဂီတ၌ အတော်အတန် ဝါရင့်သူများသာရပေသည်။ ကိုဗဟိန်းသည် ဇမ္ဗူ့ ကျွန်းလုံးသီချင်းခံ့ကို အစအဆုံးပင် ဆိုနိုင်သည် မှာ အံ့သြဖွယ် ကောင်းပေသည်။ ပြည်လှဖေ၏ “ နတ်သျှင်နောင်”၊ ဒိုရာသန်းအေး၏ “ လှေကလေး” ကိုလည်း အတော်သဘောကျသည်။ (ချစ်ဒုက္ခ ဦးဘညွှန့် နှင့် ခင်မင်သော ကိုဗဟိန်းသည် “ ဆုထူးရွယ်” သီချင်းကို ဓါတ်ပြား မထွက်မီက ရနှင့်နေသည်။)တခါတရံ မေရှင်၏ “ ကျောင်းပိတ်ရက်” သီချင်းကို ဆိုလေ့ရှိ၏။ကဗျာကိုတွေ့လျှင် လူတွေချစ်သလို၊ ကိုဗဟိန်းကိုလည်း တွေ့လျှင် မချစ်ဘဲ မနေနိုင်။ သူ၏အပြုံးသည် အင်မတန် ချစ်ဖွယ်ကောင်းသည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့် တူနေ၏။ အင်္ဂလိပ်စာ ပါမောက္ခ ရုတ်စ် ကပင် ကိုဗဟိန်းအား “ နှစ်လိုဖွယ် ကောင်းသော သူငယ်ပဲ” ဟုပြောကြောင်း မှတ်တမ်းတခုရှိဖူး၏။အကယ်၍ ကိုဗဟိန်းသည် နိုင်ငံရေးသမား မဖြစ်လျှင် ဧကန်စာရေးဆရာ တယောက်ဖြစ်မည်။... ဟု ထင်ကြသည်။သူသည် စာပေကိုလည်း အင်မတန်ဝါသနာပါသည်။ ကားလ်မာ့က်စ်၏ ကွန်မြူနစ် စာပေ ပရယတ္တိကိုသာမဟုတ်၊ အနုစာပေ စသည်ကိုလည်း ဖတ် သူဖြစ်၏။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။(ဂေါ်ကီ၏ ဝတ္ထုတိုတပုဒ်ကို “ လေလွင့်သူ” အမည်နှင့် ဗမာလိုဆီလျော်အောင် ဘာသာပြန်၍ လက်ရွေးစဉ်မဂ္ဂဇင်းတွင် ထည့်ဖူးသည်။ ပစ္စည်းမဲ့အ ချင်းချင်း ဆင်းရဲသော ဘဝအကွေ့ ၌ တွေ့ကာရင်းနှီးခင်မင်ပုံ သဘာဝကို ပြထားသော ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်ပေသည်။)ဒဂုဏ်မဂ္ဂဇင်းတွင်ပါသော သူ၏ “ ဘဝခရီး” အမည်ရှိဝတ္ထုတိုကား ဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှသည်။ ကုလားဗမာအထိကရုဏ်းကို နောက်ခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာ သူငယ်ချင်းနှစ်ယောက်၏ မေတ္တာငတ်မွတ်ခြင်းအကြောင်းကို ပေါင်းစပ်ကာ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာထည့်သွင်းထားသေးသည်။ ထွန်အေး စာအုပ်ဖြန်ချိရေးဌာနမှ ထုတ်ဝေသော “ ဓနရှင်လောက” ကား ဗမာစာနယ်ဇင်းလောကတွင် ထင်ရှားသည်။ “ ဓနရှင်လောက” သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ဖြစ်သည်။ ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဗဟိန်းသည် အရေးအသား၌ နိုင်နင်း ကျွမ်းကျင်ကြောင်း ဖော်ကြွားထားပေသည်။ သူသည် စာရေးကောင်းသူတယောက် ဖြစ်သည်။အင်္ဂလိပ်ပြေးခါနီး သူထောင်မကျခင် ချားလ်စ်ဒစ်ကင်း ၏ နာမည်ကျော် “ မျှော်တလင့်လင့်” ဝတ္ထုကြီးကို “လူ့အလို” အမည်ဖြင့်ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့် ကြုံသဖြင့် စာမျက်နှာ (၆၀) ကျော်သာရိုက်နှိပ် ပြီးစီးရသေးသည်။ အကယ်၍ သည်ဝတ္ထုသာ ထွက်လာလျှင် ဗမာစာပေလောကတွင် ကျော် စောထင်ရှားဦးမည့် ဝတ္ထုကောင်းတပုဒ် ဖြစ်ပေမည်။ သူသည်နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေလေရာ တဖောင်ရိုက်နေစဉ် နောက်တဖောင် ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ် ဖြန်ချီရေးဌာန အလုပ်ခန်းတွင် ထိုင်ကာ ရေးပေးသောဝတ္ထု ဖြစ်သည်။သူ့မှာဝတ္ထုစာရေးဆရာကြီးတယောက် ဖြစ်နိုင်သော လက္ခဏာအများကြီးရှိသည်ဟု စာရေးဆရာ အချင်းချင်း အကဲဖြတ်ထားသည်။ သို့သော် မြန်မာ ပြည်ကို လွတ်လပ်ချင်သောစိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘဝ ကတည်းကပင် ထောင်ကျ ဆင်းရဲအနစ်နာခံကာ နိုင်ငံရေးသမား ဖြစ်လာရခြင်း ဖြစ်ပေသည်။ကိုဗဟိန်းသည် လူအဖြစ်ကုံလုံပြည့်စုံသူ တစ်ယောက်ဖြစ်သည်။ကိုဗဟိန်းကို သူ့မိဘများက ကြေးမုံသဖွယ် အရိပ်ရိပ်တကြည့်ကြည့် နေအောင်ချစ်၏။ သူရန်ကုန်တက္ကသိုလ်သို့ လာနေသောအခါ မိဘများက သူ၏ သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကျပ်နေအောင် သိပ်ပေးခဲ့၏။ (သားအပေါ်မည်မျှချစ်သည် ဆိုရသော်၊ ထိုအချိန်က သားဖြစ်သူအပေါ် စိတ်ဆိုးနေချိန် ဖြစ်သော်လည်း) ဖခင်ဖြစ်သူဦးမှင်က ရှမ်းပြည်တက်မည့် သူ့သားအတွက် အချမ်းလုံအောင်ဆိုပြီး ရှူးဖိနပ်ကို ကိုယ်တိုင်ဆေးသုတ်ပေးရှာ၏။ (သခင်အောင်ဆန်း သူ့အိမ်သို့ရောက်စဉ်က) “ သူ့ကိုကျုပ်တို့က ဘယ်လောက် တကြည့်ကြည့်နဲ့ ချစ်ခဲ့ရပေမယ့် သူကမိဘကို နိုင်ငံရေးလောက် ချစ်တာမဟုတ်ဖူး”... ဟုဖွင့်ပြောသည်။ တခါသခင်အောင်ဆန်း ပြန်သွားသောအချိန်၌ “ ကိုအောင်ဆန်းနဲ့ ဗဟိန်းဟာအတူတူဘဲ၊ သူတို့ဟာ နိုင်ငံရေးကို မိဘထက် အပုံကြီးချစ်တယ်” ... ဟု ပြောပြန်လေသည်။ မိခင်နှင့် အမများကလည်း သူ့ကို “ ကိုဟိန်း... ကိုဟိန်း” နှင့် ပါးစပ်ဖျားက မချ။မိဘများက သူ့ကို ဘယ်လောက်ပင် ချစ်ချစ် သူသည်နိုင်ငံရေး အတွက် အတွယ်အတာများကို စွန့်ပယ်ကာ မိဘ၏ အေးချမ်းရိပ်ငြိမ်သော အရပ်တွင် မနေဘဲ၊ ကြမ်းတမ်းခက်ထရော်၍ မာကျောလှသော အကျဉ်းထောင် နံရံ လေးဘက်အတွင်း၌သာ ဆင်းရဲခြင်းဒုက္ခကို တွေ့ကြုံရလေသည်။၁၃၀၀ ပြည့်အရေးတော်ပုံ၁၉၃၈ - အထွေထွေသပိတ်အရေးတော်ပုံ၏ အမှတ်အသားသခင်ဗဟိန်း၊ ဒေါက်တာလှရွှေတို့ဗမာအစည်းအရုံးသည် နယ်ချဲ့ ဆန်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ ဒီရေမြင့်ကြီးတွင် ရဲရဲရင့်ရင့် ခေါင်းဆောင်ကာ ပြတ်ပြတ်သား သား ဆင်နွှဲခဲ့သည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ သို့သော်လည်း အစပိုင်းတွင် တော်လှန်သည့် လမ်းညွှန်သဘောတရား ကင်းမဲ့ခဲ့ရုံမက၊ တော်လှန်သည့် သဘောတရား ဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းလည်း မဟုတ်လေရာ ထိုအချိန်က ဆင်နွှဲခဲ့ကြသည့် တိုက်ပွဲများသည် နောက်ဆုံးအောင်ပွဲ မရရှိကြဘဲ ဖြစ်နေကြသည်။ဤအရင်းခံ အကြောင်းသည် ၁၃၀၀ ပြည့် အရေးတော်ပုံတွင်လည်း ထင်ဟပ်နေခဲ့၏။ထိုစဉ်က ဖြစ်နေသည်မှာ အခြားကိုလိုနီနိုင်ငံများ ခံစားနေရသည့် နည်းတူ ဖြစ်သည်။ ဗြိတိသျှနယ်ချဲ့ ကုမ္ပဏီများက အကျိုးအမြတ် မှန်သမျှ သိမ်းကြုံးယူ၊ ဌာနေ အလုပ်သမားများက ငတ်တလှည့် ပြတ်တလှည့် မဝရေစာ စားနေရသောကာလ၊ ထိုကာလသည် အချိန်အားဖြင့်လည်း ကြာညောင်းခဲ့လေပြီ။ဤဘဝမှလွတ်မြောက်ရေးအတွက် အလုပ်သမားများက ၁၉၃၈ခု၊ ဇန်နဝါရီလ(၈) ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်) တွင် “ ရေနံမြေသပိတ်” ကြီးဖြင့် အုံကြွ ဆန္ဒပြကြသည်။ တပြည်လုံးမှ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူ များက တခဲနက် ထောက်ခံခဲ့ကြသည်။ စိတ်ဓာတ်အရ၊ နိုင်ငံရေးအရ၊ ရုပ်ဝတ္ထု ပစ္စည်းအရ အဖက်ဖက်မှ အားပေးခဲ့ကြသည်။နိုဝင်ဘာ (၃၀) ရက်နေ့တွင် ချောက်ရေနံမြေမှ စတင်၍ အလုပ်သမား ၂၀၀၀ ခန့်က ရန်ကုန်မြို့ အထိ ဆန္ဒပြ ချီတက်လာရာ ရေနံချောင်း၊ ညောင်ခြေ ထောက်၊ နောက် မကွေးသို့ ဆဌမနေ့တွင် ရောက်ကြသည်။ မကွေးတွင် သပိတ်ခေါင်းဆောင်များကို နယ်ချဲ့ အလိုတော်ရိအစိုးရက ဖမ်းဆီးလိုက်ကြ၏။ မျက်နှာဖြူ အရေးပိုင်ကလည်း မကွေးမြို့ အတွင်း ပုဒ်မ (၁၄၄) ကို ထုတ်ပြန်လိုက်ပြန်သည်။ ဤလိုနှင့် မကွေးတွင် ရက် ၂၀ လောက်သောင်တင်နေကြ၏။ တဖက်တွင် ခြိမ်း ခြောက် တဖက်က ချော့မြူခြင်းလည်း ခံနေရ၏။ နောက်ဆုံးတွင် ရိက္ခာပြဿနာ တက်လာခဲ့၏။ ထို့ကြောင့် တဝက်လောက်က ရေနံမြေသို့ ပြန်ကြရ၏။ ခေါင်းဆောင်များ လွှတ်ပေးရေးအတွက် ကျန်အလုပ်သမားများက အစာငတ်ခံဆန္ဒပြကြသည်။သို့သော် အစာငတ်ခံခြင်းထက် ပုဒ်မ (၁၄၄) ကိုတွန်းလှန်ကာ အာဏာဖီဆန်ခြင်းက ပိုထိရောက်မည်ဟု တို့ဗမာအစည်းအရုံးက ယူဆ၏။ ဒီဇင်ဘာ (၁၁) ရက် ညပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေနှင့် အခြား ကျောင်းသားခေါင်း ဆောင် နှစ်ဦး ရောက်လာကာ ရေနံသပိတ်တပ်ကြီးအား ပုဒ်မ (၁၄၄) ဖီဆန်၍ တရားဟောပြော ကြလေသည်။ ကိုဗဟိန်း၏ ကျော်ကြားလှသော “ မြင်းခွာတချက် ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည်” မိန့်ခွန်းသည် ဤနေရာတွင် ပြောကြားခြင်း ဖြစ်သည်။ အသက်သေသော အရိုးကြေကြေ ရည်မှန်းချက်ပန်းတိုင်အ ရောက် မမှိတ်မသုန် ချီတက်ကြရန်လည်း လှုံ့ဆော်ခဲ့အပြီး ကျောင်းသားခေါင်းဆောင် (၄) ဦးစလုံး အဖမ်းခံလိုက်ရ၏။ သို့သော် လမ်းညွှန်ချက် ရလိုက်ပြီဖြစ်သော အလုပ်သမားတပ်ကြီးက နောက်တရက် နံနက် (၆) နာရီတွင် နံပါတ်တုတ်ကိုင် ပုလိပ်တပ်၊ လှံစွပ်တပ်၊ သေနတ်ကိုင်တပ်၊ မြင်းစီးတပ်များ အတွင်းသို့ ထိုးဝင်ဖြိုခွဲ၍ ချီတက်ကြတော့သည်။မြို့ သူမြို့ သားများက ဝိုင်းဝန်းအားပေးကြသည်။ ကျဆုံးသူ၊ ဒဏ်ရာရသူ၊ ဆွဲချုပ် အဖမ်းခံလိုက်ရသူ အများအပြား ရှိသော်လည်း နောက်မတွန့် ကြတော့ပေ။ ရိုက်နှက်သော နံပါတ်တုတ်ကိုင် ပုလိပ်များ၊ မြို့သူမြို့သားများနှင့် အလုပ်သမားများ အရောရော အနှောနှော ဖြစ်ကုန်၍ လှံစွပ်သေနတ်များ သုံးမရ ဖြစ်ကုန်တော့သည်။ မြင်းစီးပုလိပ်များက ဝင်၍ ရိုက်ပြန်သည့် အဆုံး မခံမရပ်နိုင် ဖြစ်နေသော မြို့သူမြို့သားများက ငြာသံပေးကာ ရရာလက်နက်နှင့် ဝင်ပြီး ခုခံကြသောကြောင့် တပ်လန်ကုန် ကြပြန်သည်။ ထိုသို့ ဖြစ်နေစဉ် ချိတ်ဆက်လုပ်ထားသည့် အတိုင်း ကိုဗဟိန်းက ထောင်အမိုးပေါ်တက်၍ ထောင်သားများအား လှုံ့ဆော်တရားဟောပြန်တော့ရာ ထောင်တွင်းတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ ထောင်ထပြီအထင်နှင့် ပုလိပ်များ ထောင်ဘက်သို့ အကူအညီ ပေးရန် ပြေးကြစဉ် သပိတ်တပ်ကြီးက မကွေးမြို့ အပြင်သို့ အရောက်ဖောက်၍ အောင်မြင်စွာ ထွက်နိုင်ခဲ့ကြသည်။ ကျန်လမ်းခရီးကား ချောမောပြေပြစ်၍ သွားတော့သည်။ လမ်းခရီးမှ လယ်သမားများလည်း ပူးပေါင်း ချီတက်လာကြရာ လယ်သမားနှစ်သောင်းကျော်အထိ ပါဝင်ခဲ့သည်။ အလုပ်သမား အရေးအခင်းသက်သက်တိုက်ပွဲသဏ္ဌာန် မဟုတ်တော့ဘဲ အမျိုးသားရေး လက္ခဏာ ဆောင်နေချေပြီ။ တပြည်လုံးရှိ ကျောင်းသားများ ပိုမိုဆူပွက် လာကြသည်။ ရန်ကုန်ရှိအတွင်းဝန်ရုံးကို ကျောင်းသားများ ဝိုင်းဝန်းဆန္ဒပြရာ ဗြိတိသျှတို့၏ မြင်းစီးပုလိပ် များလက်ချက်ဖြင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရ၏။ ကျောင်းသားကျောင်းသူ (၂၀၀) ဒဏ်ရာရကြ၏။မန္တလေးတွင် ၁၃၀၀ ပြည့် အရေးတော်ပုံနှစ်ပတ်လည် အဖြစ် ၁၉၃၉ခု၊ ဖေဖော်ဝါရီ (၁၀)ရက်နေ့၌ ရဟန်းရှင်လူ (၂) သိန်းကျော် ဆန္ဒပြကြ၏။ ထိုဆန္ဒပြပွဲကို အုပ်စိုးသူများ ပစ်ခတ်ဖြိုခွဲ၍ ရဟန်းတော် (၇) ပါး၊ (၁၂) နှစ်အရွယ် ကျောင်းသားလေး အပါအဝင် ပြည်သူ (၁၇) ဦး ကျဆုံးခဲ့ပြန်သည်။အကျိုးဆက်အားဖြင့် ဒေါက်တာဗမော် အမှူးပြုသော ညွှန့်ပေါင်း အစိုးရ ပြုတ်ကျသွား၏။ ဦးပု အစိုးရ တက်လာသည်။ သို့သော် အလုပ်သမား၊ လယ် သမားနှင့် ပြည်သူ အသိန်းအသန်း၏ ဘဝကား ထူးခြား မလာခဲ့ပေ။ တို့ဗမာအစည်းအရုံး သည်လည်း ကွဲသွားခဲ့၏။ တိုးတက်သော ဆရာကြီး သခင်ကိုယ်တော် မှိုင်းဂိုဏ်းနှင့် သခင်ထွန်းအုပ်-သခင်ဗစိန်ဂိုဏ်း ဟူ၍ ကွဲ၏။အခြား အောင်ပွဲမခံလိုက်ရသော ကိစ္စများနည်းတူ ၁၃၀၀ ပြည့်အရေးတော်ပုံ အောင်ပွဲမရခြင်းက - နောက်ဆုံး အောင်ပွဲခံရန် မှန်ကန်သော ပါတီတရပ်၏ ခေါင်းဆောင်မှု လိုအပ်သည်ဟူသော အမြင်ကို ရှေ့တန်းရောက် နယ်ချဲ့ ဆန့်ကျင်ရေးသမားများအား ပေးအပ်လိုက်၏။ ရှေးမဆွကပင် နယ်ချဲ့ ထမ်းပိုးအောက်မှ ရုန်းထွက် နိုင်ရန်အတွက် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များ အနေနှင့် ကြိုးပမ်းခဲ့ကြပါ၏။ အနုနည်း အကြမ်းနည်း၊ နည်းမျိုးစုံဖြင့် လွတ်လမ်းကို ရှာဖွေ ကြ၏။ စူးစမ်းကြ၏။ နောက်ဆုံးတွင် တော်လှန်သော ပညာတက်လူငယ်များက တော်လှန်ရေး သဘောတရားများကို အငမ်းမရ ရှာဖွေကြရာမှ သူတို့သည် မာ့က်စ် ဝါဒ၊ လီနင်ဝါဒကို ရှာဖွေ တွေ့ရှိသွားကြခြင်း ဖြစ်သည်။မာ့က်စ်၊ လီနင်ဝါဒ ကို ၁၉၃၇ ခုနှစ်၊ တို့ဗမာအစည်းအရုံး မြင်းခြံညီလာခံတွင် ဥက္ကဋ္ဌသခင်လေးမောင်က ထည့်သွင်းဟောကြားခဲ့၏။ ၁၉၃၉ ခုနှစ်၊ မော်လမြိုင် ညီလာခံတွင် “ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ဆိုရှယ်လစ် ဘုံနိုင်ငံ ထူထောင်ရေးလမ်းစဉ်” ကိုပင် ချမှတ်နိုင်ခဲ့သည်။ဤသို့ချမှတ်နိုင်လောက်အောင်ပင် ထိုစဉ်က တပြည်လုံးတွင် လက်ဝဲစာပေ လေ့လာရေးများ အပျံ့အနှံ့ ပေါ်ပေါက်နေ၏။ ရန်ကုန်တွင် နဂါးနီစာအုပ် တိုက်၊ နယ်များတွင် ရောင်နီစာဖတ်အသင်း၊ လက်ဝဲစာဖတ်အသင်း ... စသည်ဖြင့် အနှံ့အပြား ဖြစ်နေ၏။ မာ့က်စ်ဝါဒ လေ့လာရေးအဖွဲ့များ ... ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ မြစ်ဝကျွန်းပေါ်၊ ထားဝယ်၊ မြိတ်နှင့် အခြားခရိုင်များတွင် ဖွဲ့စည်းပြီး ဖြစ်နေကြလေပြီ။ ဤသို့ဖြင့် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ သည် ဗမာပြည်နိုင်ငံရေး သမိုင်းသစ်ကို ဖန်တီးလိုက်လေရာ ၁၉၃၉ ခုနှစ်တွင် ဤလေ့လာရေး အစုများကို စုစည်း၍ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်ပေသည်။ ပါတီစတင် တည်ထောင်သူများတွင် ကိုဗဟိန်းသည် ကျောင်းသားစည်းရုံးရေး အတွက် တာဝန်ယူပြီး ပါတီ၏ အထွေထွေ အတွင်းရေး မှူးမှာ သခင်အောင်ဆန်း ဖြစ်သည်။ သခင်အောင်ဆန်းကား ဗမာပြည်ကွန်မြူနစ်ပါတီကို တည်ထောင်သူ တစ်ဦးလည်းဖြစ်၊ ပါတီ၏ ပထမဆုံးသော အထွေထွေ အတွင်းရေးမှူး တာဝန် ကိုယူခဲ့ ရသူလည်း ဖြစ်သည်။ ၄င်းအပြင် သူ့ကို မြန်မာနိုင်ငံတွင် ပထမဆုံး လက်နက်ကိုင်ခေတ်မီ အမျိုးသားတပ်မတော်ကို ထူထောင်သူ တစ်ဦးအဖြစ်လည်း အသိအမှတ် ပြုဖို့လည်း လိုပေသည်။ ကိုဗဟိန်းသည် ၁၉၃၈ ခုနှစ်၊ သူ ကျောင်းသားဥက္ကဋ္ဌ ဖြစ်စဉ်ကပင် ဗကသ ကြွေးကြော်သံ “ မျိုးညွှန့်မဂ္ဂဇင်း” အယ်ဒီတာချုပ် လုပ်၍ ကျောင်း သားများကို နိုင်ငံရေး ပညာပေး ခဲ့သူဖြစ်၏။ ယခုပါတီ၏ ကျောင်းသားစည်းရုံးရေး တာဝန်ခံ ဖြစ်လာသောအခါ တဆင့်တိုး၍ လုပ်ခဲ့၏။ ဗကသညီလာခံ တက် ရန်ရောက်ရှိလာသော အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများကို မာ့က်စ်ဝါဒ သင်တန်းများပေးခဲ့၏။ ပါတီခေါင်းဆောင်များ ဖြစ်ကြသော ကိုဗဟိန်းနှင့် ရဲဘော် ဂိုရှယ်တို့က “ ဓနရှင်ခရီးစဉ်သဘောတရား” နှင့် “ မာ့က်စ်ဘောဂဗေဒ” ... တို့ကိုပို့ချခဲ့၏။ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလဗမာပြည်တွင် ကွန်မြူနစ်ပါတီတရပ် ထူထောင်လိုက်နိုင်ခြင်းသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်လိုသော ပြည်သူများ အခွင့်အခါ ကောင်းယူ နိုင်ရန် လက်မတင် အချိန်မီရုံလေး ဖြစ်နေသည်။ ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်၏ ရှေ့ပြေးခြေလှမ်းများ အဖြစ် နာဇီ ဂျာမဏီက ဥရောပတွင် မွှေနေပြီ ဖြစ်သည်။“ အင်္ဂလိပ်အခက်-ဗမာ့အချက်” ကာလကား ရောက်ခဲ့ချေပြီ။ သို့သော် မည်သည့်အချက် ယူရမည်နည်း ဟူသောနေရာ၌ မတူဘဲ ဖြစ်လာကြသည်။ မြန်မာပြည်ရှိ နိုင်ငံရေးသမားများကြားတွင် လမ်းစဉ်-၃-ခု ခွဲထွက်လာသည်။ ပထမလမ်းစဉ်ကို ကိုယ်စားပြုသူအစုက ဗမာပြည် လွတ်လပ်ရေးရဖို့ မည်သူနှင့် မဆို ပေါင်းမည်ဟု ပြောကြ၏။ (နောက်တော့ ဂျပန်နှင့် ပေါင်းဖြစ်သွားကြသည်။) ဒုတိယ လမ်းစဉ်သမားများက လွတ်လပ်ရေးရဖို့ မည်သူ့မှ မယုံစားရ။ ဂျပန်ရော၊အင်္ဂလိပ် ပါ စစ်မျက်နှာ နှစ်ဖက်ဖွင့်ရမည် ... ဆို၏။ တတိယအုပ်စုကမူ ဆိုဗီယက် ပြည်ထောင်စုကို ဂျာမန်ဖက်ဆစ်များ ဝင်ရောက် တိုက်ခိုက်သည့် အချိန်မှစ၍ ကမ္ဘာ စစ်ရဲ့လက္ခဏာ ပြောင်းသွားပြီး၊ အင်္ဂလိပ် နယ်ချဲ့သမားကို ဖက်ဆစ်တိုက်ဖျက်ရေးအတွက် မဟာမိတ်အဖြစ် ထားနိုင်သည် ... ဟု ယူဆကြ၏။ ထိုအစုတွင် သခင် စိုး၊ သခင်သန်းထွန်း၊ သခင်ဗိုလ်၊ သခင်ကျော်စိန်နှင့် သခင်တင်မောင်ကြီး တို့ပါဝင်၏။ ကိုဗဟိန်းသည် ဒုတိယလမ်းစဉ်သမား ဖြစ်၏။ သူတို့က ... “ ဆိုဗီယက်ယူနီယံ လုပ်တာမှန်တယ်။ ဒါပေမယ့် ဗမာပြည်မှာကျတော့ အင်္ဂလိပ်တို့က ကျုပ်တို့ကို မဟာမိတ်ပြုခွင့် မပေးဘူး။ လွတ်လပ်ရေးပေးရင် ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ပြောတာ လက်မခံဘူး။ သခင်တွေကို သိမ်းကြုံးဖမ်းပြီး ထောင် ချထားတယ်။ ဒါကြောင့် သူတို့ကို မထောက်ခံရုံမက ပြည်တွင်းစစ် လုပ်ရမယ်။ စစ်မျက်နှာ နှစ်ဖက်ဖွင့်ကြစို့ ...” ဟူ၍ တင်ပြကြသည်။ သို့သော် စစ်မျက်နှာ နှစ် ဖက်ဖွင့်ရန် မိမိတို့တွင် လုံလောက်သော အင်အားမရှိသည်ကို သူတို့ သတိမထားကြ ... သူတို့ ပြောကြသည့် အချက်အချို့ မှာ မှန်ပါ၏။ ထိုအချိန်က သခင်တော် တော်များများသည် ထောင်ချခံနေရ၏။ ကိုဗဟိန်းဆို စစ်မဖြစ်ခင်က မကွေးထောင်၊ အင်းစိန်ထောင် တို့တွင် နေခဲ့ရ၏။ ဖက်ဆစ်ဂျပန်ပါ စစ်ထဲဝင်လာ၍ အင်္ဂလိပ် အစိုးရမင်းများ ပြေးခါနီးတွင် အဖမ်းခံရပြန်ကာ ထောင်အမျိုးမျိုးပြောင်းပြီး ဒုက္ခခံနေရသူ ဖြစ်၏။ဂျပန်များ မြန်မာပြည် အတွင်းဝင်လာ၍ မကြာမီ ပထမလမ်းစဉ်သမားများ ကျောချမှ ဓားပြမှန်း သိကုန်ကြ၏။ ကိုဗဟိန်းတို့ ဒုတိယလမ်းစဉ် သမားများမှာမူ - လုပ်ရင်းကိုင်ရင်းမှ တတိယလမ်းစဉ် မှန်ကန်ကြောင်း လက်ခံလာကြ၏။ ဤသို့ဖြင့် ပေါင်းစည်းမိ ကြတော့၏။ ဗမာပြည်ကွန်မြုနစ်ပါတီသည် တည်ထောင်စဉ်ကတည်းက လှို့ ဝှက်မြေအောက်ပါတီ ဖြစ်၏။ လမ်းစဉ် (၃)ခု ကွဲကြသောအခါ ပါတီထဲတွင် အတွေး အခေါ်အရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ ဖရိုဖရဲ ဖြစ်ကုန်ရာ တဖက်တွင် ကွန်မြူနစ်ပါတီကို ပြန်လည်စုစည်းဖို့ လိုနေ၏။ ၁၉၄၂ ခုနှစ်တွင် ထိုလုပ်ငန်းကို သခင် စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း တို့ပင် အောင်မြင်စွာ တာဝန်ယူလုပ်ဆောင်ခဲ့၏။ဂျပန်တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲအတွက် ပြင်ဆင်မှုများ အနှံ့အပြား လုပ်ခဲ့ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ဘီဒီအေ ထဲတွင် ကွန် မြူနစ်များကို စည်းရုံးလုပ်ဆောင်ခွင့် ပေးထား၏။ သခင်စိုးနှင့် လှို့ ဝှက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ခဲ့၏။ သခင်သန်းထွန်းက ဂျပန်ဝန်ကြီး ဘဝနှင့် ရန်ကုန် တွင် ဗဟိုဌာနချုပ် ပြုလုပ်၍ တပြည်လုံးဆက်သွယ် ရှေ့ဆောင်သည်။ အိန္ဒိယရှိ မဟာမိတ် စစ်ဌာနချုပ်နှင့် လှို့ ဝှက်စွာဆက်သွယ်၍ နိုင်ငံခြား ဆက်သွယ်ရေး လုပ်ငန်းများကို ချုပ်ကိုင်ဆောင်ရွက်သည်။ သခင်စိုးက မြစ်ဝကျွန်းပေါ်မှ ရန်ကုန်သို့ လိုအပ်သလိုတက်လာ၍ လုပ်ငန်းများကို စစ်ဆေးရှေ့ဆောင်သည်။ကိုဗဟိန်းကမူ ခပ်စောစောကတည်းက အင်းယားကန်စွန်းရှိ နိုင်ငံခြားရေးဌာန “ အိမ်ဖြူ” တွင်၊ စည်းစိမ်ရှိရှိ “ နှပ်” မနေအားဘဲ၊ မြေလျှိုးသွားခဲ့ပြီ ဖြစ်သည်။ အနုအလှတွေကြား ငြိမ့်၍ မနေနိုင်တော့ပေ။အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်တက်သူ...သန့်ရှင်းစွာ နေတက်သူ...ဘန်ကောက်လုံချည် အပြာရောင်ကိုကြိုက်၍ ဂီတကိုချစ်သူ...စာပေ၌ မွေ့လျော်သူ...ယဉ်ကျေးသိမ်မွေ့သူ... တဖက်နှင့် တဖက် အပြန်အလှန် ပုတ်ခတ်၍ပြင်းပြင်းထန်ထန် အကြိတ်အနယ် ပြောဆို စွပ်စွဲနေသော အစည်းအဝေး များ ၌ပင် ပြုံးပြုံးကလေးနားထောင်နေတတ်သူ...။ထို“သူ”ကိုဗဟိန်းသည် ယခုတော့ တောင်ငူခရိုင်တွင် ဌာနချုပ်ဖွင့်ပြီး ပဲခူး-တောင်ငူဒေသများအတွင်း ဂျပန်ကို လက်နက်ကိုင်ပြီး တိုက်ရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများကို ဦးစီးလုပ်ကိုင် နေပေပြီ။ ဤသို့ဖြင့် ၁၉၄၅ ခု၊ မတ်လထဲတွင် ပဲခူးရိုးမစခန်းကြီးသည် တော်လှန်ရေးအတွက် အသင့် ဖြစ်ခဲ့လေပြီ။ ထိုစခန်းကြီးကို အုပ်ချုပ် ရှေ့ဆောင်နေသူ မှာ သခင်သန်းထွန်း ဖြစ်သည်။ သူသည် တပြည်လုံး ဂျပန်ကိုတော်လှန်ရာတွင် နိုင်ငံခြား ဆက်သွယ်ရေး တာဝန်ခံလည်း ဖြစ်သည်။ပဲခူးရိုးမ အောက်စခန်းကား ခြင်များပေါများလှ၏။ ညညခြင်ထောင် မရှိလျှင် အိပ်၍မရ၊ ထိုင်နေကြရ၏။ ခြင်တွေမြည်ရာ အောက်စခန်းသည် တောင်ငူ တနယ်လုံး ပြောက်ကျားတပ်များကို ဦးစီး၍ ဂျပန်ကို တိုက်ခိုက်နေသော ကိုဗဟိန်း၏ စခန်း ဖြစ်ပေသည်။ ထိုစခန်းသို့ အိန္ဒိယမှ မဟာမိတ်လေယာဉ်ကို စီးကာ လေထီးဖြင့် ဆင်း၍ရောက်လာသော ဗိုလ်မှူးချစ်ကောင်းက သူ၏ “ အနှစ်နှစ်ဆယ်” စာအုပ်တွင် ဤသို့ဖော်ပြထား၏။“ ကိုဗဟိန်း၏ ဤအခါက အလုပ်နှင့် သူ၏ရုပ်ရည်သည် လုံးဝဟပ်၍မရ။ သူ၏အလုပ်က တိုက်ရေးခိုက်ရေး၊ ပစ်ရေးခတ်ရေး၊ သတ်ရေးဖြတ်ရေး၊ ချရေးဆော်ရေး၊ သူ့ရုပ်ရည်က ပိန်ပိန်ပါးပါး၊ ဖြူဖြူဖွေးဖွေး၊ သိမ်မွေ့နူးညံ့သောရုပ်ရည်၊ ယင်းသို့သော မင်းသားရုပ်ဖြင့် သူပုန် အလုပ်ကို ပင်ပန်းစွာ လုပ်နေသည်ကို တွေ့ရသည်...”ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုဖြင့် ကိုဗဟိန်း၊ သခင်သန်းဖေတို့ဦးစီးသော “ ရဲခေါင်ပြောက်ကျားများ” သည် ဂျပန်များကို လက်သံပြောင်ပြောင်နှင့် အကြီးအကျယ် ချေမှုန်း နိုင်ခဲ့၏။ ထွန်းပြောင်သောအောင်ပွဲများကို ရရှိခဲ့ကြ၏။၁၉၄၅ ခု၊ မတ်လ(၂၇)ရက်နေ့မှ စတင်သော ဖက်ဆစ်တော်လှန်ရေး အင်အားများကို ကြည့်လျှင် ဗမာ့ကာကွယ်ရေးတပ်မတော် (B.D.A) သည် အင်အား ၃၀၀၀ မှ သုံး-လေးလ အတွင်း အင်အား ၂၀,၀၀၀ ကျော်ဖြစ်လာ၏။ ကွန်မြူနစ်ပါတီမှ တိုက်ရိုက်ကိုင်တိုက်သော ပြောက်ကျားတပ်အင်အားမှာ ၁၀,၀၀၀ ကျော်၏။ မောင့်ဘက်တန် အစီရင်ခံစာအရ “ ဗမာပြည်တွင် ဂျပန်ဖက်ဆစ်များ သေကြေခဲ့ရသည့် အရေအတွက် ၆၀ ရာခိုင်နှုန်းသည် “ ဗမာမျိုးချစ်ပြောက်ကျား” များ၏ လက်ချက်ကြောင့် ဖြစ်သည်...” ဟု ဖော်ပြထားသည်။“ ဗမာမျိုးချစ်ပြောက်ကျား” များဟု ဆိုရာတွင် ကိုဗဟိန်းတို့၏ “ ရဲခေါင်ပြောက်ကျား” များသည် အဓိကဖြစ်၏။ သူကားပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်း ဆိုသောလူစားတည်း။နေသူရိန်ခေတ်(သို့မဟုတ်)ဆန်းနှင့်သန်း ခေတ်ဂျပန်တော်လှန်ရေးအောင်ပွဲခံပြီးနောက် သခင်သန်းထွန်းက ရန်ကုန်သို့စော၍ ပြန်ရောက်ရာ ဂျပန်ခေတ် ဝန်ကြီးလုပ်စဉ်က နေခဲ့သော အိမ်မှာပင် နေ၏။ သခင်သန်းထွန်းနှင့် အတူ ကိုဗဟိန်း၊ ဗိုလ်မှူးချစ်ကောင်းနှင့် အခြားရဲဘော်များ လည်းရှိကြ၏။ မကြာမီ ဗိုလ်ချုပ်အောင်ဆန်း ပြန်ရောက်လာရာ သခင်သန်း ထွန်းနှင့် အတူလာနေ၏။ နောက်ဒေါ်ခင်ကြည် ရောက်လာမှ အိမ်ပြောင်း၍သွားခဲ့၏။ လွတ်လပ်ရေးအကြိုခေတ် (သို့မဟုတ်) နေသူရိန်ခေတ်ကို “ ဆန်းနှင့်သန်း” ခေတ်ဟူ၍ ခေါ် ကြ၏။ အနောက်နိုင်ငံ သတင်းစာကြီးများက ဗမာပြည်တွင် “ဆန်းနှင့်သန်း” ဟု ရေးကြ၏။ ၁၉၄၅ ခု၊ စက်တင်ဘာလတွင် ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို ဗမာစစ်တပ်(ဘားမားရိုင်ဖယ်) အဖြစ် ပြောင်း၍ ဖွဲ့စည်း လိုက်သောအခါ တပ်ထဲမှ ကွန်မြူနစ်ပါတီဝင် တပ်မှူးတပ်သားအချို့ တပ်ထဲတွင် ဆက်လက်အမှု မထမ်းကြတော့ဘဲ ပါတီလုပ်ငန်းများတွင် အချိန်ပြည့် ဝင်လုပ် ကြသည်။ထိုစဉ်က ကိုဗဟိန်းနှင့် ဗိုလ်မှူးချစ်ကောင်းတို့သည် မြေနုလမ်းမှာနေခဲ့၏။ ပထမဆုံး ‘ပြည်သူ့အာဏာဂျယ်နယ်’ ထုတ်နိုင်ရေးအတွက် သူတို့သည်ငွေရှာကြ၏။ ဆောင်းပါးများကို သူတို့ပင် ရေးကြ၏။ စာပုံနှိပ်ပြီး စာရွက်များကို သူတို့ပင်ခေါက်၏။ ထို့နောက် ဂျာနယ်များကို လက်တွင်ပိုက်ပြီး ဂေါ်နှင့်အော်ကာ တအိမ်တက်ဆင်း သူတို့ပင် လျှောက်၍ရောင်းကြလေသည်။ ကိုဗဟိန်းသည် “ပြည်သူ့အာဏာ” ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်လာသည်။ သူတို့၏ ကြိုးပမ်းချက်များဖြင့် ၁၉၄၅ ခု၊ စက်တင်ဘာ (၂၉) ရက်နေ့တွင် ‘ပြည်သူ့အာဏာ’ စ၍ ထွက်ခဲ့၏။'ဆန်းနှင့်သန်း' ခေတ်ကား ပျော်စရာကြီးပင်ဖြစ်၏ ။ အပြည်လုံး တက်ညီလက်ညီ လုပ်ကြကိုင်ကြသည်မှာ အားရစရာကြီးဖြစ်၏ ။ လူတိုင်းလူတိုင်း ကိုယ်ရေးကိုယ်တာတွေကို ဘေးဖယ်ထားကြပြီး လွတ်လပ်ရေး အတွက်သာ အားသွန်၍ ကြီုးပမ်းကြ၏ ။ ကိုယ်ကျိုးစွန့်ကြ၏ ။ အနာခံကြ၏။ ဒါတွေကိုပင် အရသာဖြစ်ကြ ပီတိဖြစ်ကြ၏။ ထို့ကြောင့်ပင် ၁၉၄၅ ခုနှစ် အကုန်၊ အလယ်ပစ္စယံတွင် ဖဆပလ၊ ညီလာခံကြီး ပြုလုပ်သောအခါ၌ တခဲနက်သော လူထုကြီးမှာ သိန်းချီ၍ တက်လာကြပြီး အမျိုးသမီးများသည် လွတ်လပ်ရေး ရန်ပုံငွေအတွက် မိမိတို့ကိုယ်တွင် အမြတ်တနိုးဝတ်ဆင်ထားသော ရွှေ၊ ငွေ၊ ရတနာများကို ချွတ်၍ ရက်ရက်ရောရောလှူခဲ့ကြသည်။ ဤသို့ တပြည်လုံး ညီညီညွတ်ညွတ် စုစုစီးစီးနှင့် နှစ်ထောင်းအားရစရာ ကောင်းလောက်အောင် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြစဉ် ကိုဗဟိန်း၏ နှလုံးရောဂါမှာ စိုးရိမ်စရာကောင်းသော အခြေအနေသို့ ရောက်နေခဲ့ပြီဖြစ်သော်လည်း စိတ်ဆောင်နေသဖြင့် အလုပ်ကို တက်တက်ကြွကြွ လုပ်ကိုင်ဆဲပင် ရှိသေး၏။သူသည် ကွန်မြူနစ်ပါတီ သဘာပတိဖြစ်၍ လက်ဝဲညီညွတ်ရေးနှင့် အမျိုးသားညီညွတ်ရေးတို့ကို အစဉ်တစိုက် ကြိုးပမ်းခဲ့လေသည်။ သူ့ကို ကွန်မြူနစ်ပါတီဝင်များ ကသာမက အခြားလက်ဝဲအင်အားစုများနှင့် အမျိုးသားအင်အားစုများကပင် ချစ်ခင်လေးစားကြ၏။ပုဂ္ဂိုလ်ရေးအရ သခင်သန်းထွန်းက သူ့ကို အတော်ခင်မင်၏။ ဗိုလ်ချုပ်အောင်ဆန်းက ယုံကြည်အားထား၏။ သူ တပ်မှထွက်ပြီး နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်မည် ပိုင်းဖြတ်သောအခါ တပ်ထဲတွင် စိတ်မချရသူတချို့ ရှိ၍ တပ်ကိုကိုင်ရန် ကွန်မြူနစ်ပါတီမှ ကိုဗဟိန်းကို တောင်း၏။ ပါတီက ပါတီလုပ်ငန်းများအတွက် မပေးနိုင်ခဲ့ချေ။ ဂျပန်ကို တော်လှန်ကာနီးအချိန်က ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်) တို့သည် တော်လှန်ရေးတပ်ဦးအမည်နှင့် တဖွဲ့တည်း ပေါင်း၍ ဖွဲ့စည်းခဲ့ကြ၏။ ထို့နောက် နှစ်ဖွဲ့ပြန်၍ ဖြစ်သွားကြပြန်ရာ ၎င်းတို့ တဖွဲ့တည်း ပြန်လည်ဖြစ်မြောက်ရေး အတွက် ကိုဗဟိန်းသည် အတတ်နိုင်ဆုံး ကြိုးစားလေသည်။ ကိုဗဟိန်း၏ မြေနုလမ်းအိမ်မှာ ကွန်မြူနစ်နှင့် ဆိုရှယ်လစ် ခေါင်းဆောင်များ စေ့စပ်ရာ ဂေဟာဖြစ်နေ၏။ အောင်မြင်မှုကား မရ ---ဤအထဲ ကွန်မြူနစ်ပါတီတွင်း ကွဲအက်မှုက ဖြစ်လာပြန်၏။ ရဲဘော်များအနေနှင့် သူတို့ အယုံကြည်ဆုံး၊ အားအထားဆုံး၊ ချစ်မြတ်နိုးဆုံး ပါတီကွဲမည်ကို မလိုလားကြပေ။ ပါတီကွဲမှုကြောင့် နောင်အခါတွင် တိုင်းပြည်၌ ဆက်၍ ဆက်၍ ဖြစ်လာမည့် အန္တရာယ်များကိုလည်း စိုးရိမ်မိကြသည်။ ကိုဗဟိန်းကိုပင် အားကိုးကြ၏။ ကွဲရန် ဆုံးဖြတ်ပြီးသည့် အချိန်အထိ အားမလျှော့ကြ။ သခင်စိုးကြီးကို ကိုဗဟိန်း၏ အိမ်သို့ မရမက ခေါ်လာ၏။ သူတို့နှစ်ယောက် စကားပြောလိုက်သည်မှာ ညသန်းကောင် တိုင်သည်အထိဖြစ်၏။ ကိုဗဟိန်းက များများပြော၏။ နောက်ဆုံးတွင် အတော် ပြေပြေလည်လည် ဖြစ်လာကြ၏။ ခေါ်လာသူများ အားတက်ကြရ၏။ ရယ်နိုင် မောနိုင် ဖြစ်လာကြ၏။ သခင်စိုးကို ပြန်ပို့သည်အထိ အဆင်ပြေနေ၏။သို့သော် သိကြသည့်အတိုင်းပင် ခုတမျိုး ခုတမျိုး ဖြစ်တတ်သည့် သခင်စိုးတို့က ခွဲထွက်ကြ၏။ ကိုဗဟိန်းလည်း မတတ်နိုင်တော့ပေ။ အကျိုးဆက်ကတော့ သူ့ရောဂါမှာ ပို၍ ဆိုးလာခဲ့၏။ သူ့ကို ပါတီမှ၎င်း၊ သူ ဥက္ကဋ္ဌ လုပ်နေသော အလုပ်သမား သမဂ္ဂမှ၎င်း၊ အနားယူခွင့် ပေးထားရတော့၏။ သူသည် အနားယူရင်းကနေ ဂိုဏ်းဂန ၀ါဒကို တိုက်ဖျက်သော စာတမ်းများကို ရေးသေး၏။ သူ့ရောဂါမှာ ပို ပိုဆိုးလာ၍ သူ့မိဘရပ်ထံ မန္တလေးသို့ပြန်ပြီး အနားယူ ဆေးကုနေရ၏။ မန္တလေးတွင်မူ ရောဂါ သက်သာလာသေး၏။ ထိုအချိန်က သူစိတ်လှုပ်ရှားမည်စိုး၍ သူ့ကိုဘာသတင်းစာမှ ပေးမမဖတ်၊ သို့သော် တနေ့တွင် ပစ္စည်း ထုပ်လာသော သတင်းစာစက္ကူစ ကလေးကို သူကိုင်ကြည့်မိရာက ဖဆပလ ထဲမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်ကြောင်း သတင်းကို သွားတွေ့၏။ ထိုအခါမှ စ၍ သူ၏ ရောဂါမှာ အတက်ဖက်သို့သာ သွားနေခဲ့ရာ နောက်ဆုံး ကွယ်လွန်သည်အထိ ဖြစ်တော့၏။ သူသည် နောက်ဆုံးအချိန်ထိပင် စည်းလုံးညီညွတ်ရေး အတွက် စဉ်းစား တွေးခေါ်နေပေလိမ့်မည်။ ကြိုးလည်းကြိုးစားခဲ့သည်။ လုံးလည်း လုံးပမ်းခဲ့သည်။ သူ့ ရည်မှန်းချက်အတိုင်း ဖြစ်မလာသည်ကတော့ သူ့အတွက်သော်လည်းကောင်း၊ တိုင်းပြည် အတွက်သော်လည်းကောင်း၊ ကြေကွဲရင်နင့်စရာများ ဖြစ်ဖို့ ဖန်လာသည်ဟုသာ ပြောရပါတော့မည်။၁၉၄၆ခု၊ နိုဝင်ဘာ(၂၀) ရက်နေ့တွင် သူ ကွယ်လွန်ခဲ့ပြီ။ “သူကား တကယ့်ညီညွတ်ရေး ဗိသူကာပင် ဖြစ်လေသည် ”....ဟု ဗိုလ်မှူးချစ်ကောင်းက မှတ်ချက်ပြုခဲ့သည်။“နိဂုံး”သမိုင်းတွင် “နိုင်လျှင် အာဇာနည်၊ ရှုံးလျှင် သစ္စာဖေါက်” အဖြစ် မှတ်တမ်းတင်ခြင်း ခံရလေ့ရှိ၏။ ဖဆပလ တွင် ဆိုရှယ်လစ်များ အာဏာရလာချိန်မှ စ၍ ဤသဘောမျိုးတွေ့ရ၏။ တော်လှန်ရေးကောင်စီခေတ်၊ မဆလ ခေတ်တွင် ပို၍ ထင်ရှား၏။ န၀တ/နအဖ ခေတ်တွင်မူ “တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ ...” ဆိုပြီး မိမိကိုယ်ကို အထွတ်အထိပ် နေရာသို့ တွန်းတင်လိုက်၏။ သို့သော် သမိုင်းတင်သည်၊ သမိုင်းရေးသည် ဆိုရာမှာ မိမိအာဏာ ရချိန်တွင် မိမိပိုင် စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့ကို အသုံးချပြီး အာဘော်လွှင့်ထုတ်လိုက်ရုံနှင့် ပြီးသည့်ကိစ္စ မဟုတ်ချေ။ ယာယီ အချင်းအရာသာ ဖြစ်သည်ကို သူတို့ မသိ။ခေတ်သစ် မြန်မာသမိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍသည် ဖျောက်ဖျက်၍ မရသော ကိစ္စဖြစ်၏။ ထိုအခါ အုပ်စိုးသူများက ယောင်ဝါးကုန်အောင် လုပ်ကြ၏။ တခါတရံ ပြောင်းပြန်ဖြစ်အောင် လုပ်၏။ အဖြူရောင်ကို အနက်ဆိုးခြင်း၊ ဖျောက်ဖျက်ခြင်း၊ ငွေမင်သုတ်ခြင်း ...စသည့် လုပ်ဆောင်ချက်များကား အမှန်တရားကို ရင်မဆိုင်ရဲသောကြောင့် မဟုတ်ပါလော။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်များကိုလည်း ရစရာမရှိအောင် ပုံဖျက်ကြ၏။ တဦးစီ ကောင်းမှုမှန်သမျှကို အသိအမှတ် ပြုဖို့ဆိုသည် ...ဝေးစွ။ အတ္ထုပ္ပတ္တိ အကြောင်းချင်းရာ တခုထဲ နာမည်ပါသွားလျှင်ပင် အလွတ်မခံ။ ငွေမင်သုတ်ခြင်း၊ ဆေးနက်ဆိုးခြင်းများ လုပ်နေကြရ၏။ ဤမျှအထိ ကြောက်လန့်တကြား ဖြစ်နေကြချေသည်။ သို့သော် ပါတီနှင့်ခေါင်းဆောင်များကို တိုက်ခိုက်ပုံဖျက်သော စာအုပ်စာတမ်းများထဲတွင်ကား ...ဤနာမည်များကို ဖေါဖေါသီသီ သုံးခွင့်ပြုထား၏။ ကိုဗဟိန်းကိုမူကား ရှိခဲ့ဖူးသည်ဆိုသောအချက်ပင် ပြည်သူတွေကို သိစေချင်ပုံမပေါ်။ အဓိကအားဖြင့် လျစ်လျူရှုသည့်နည်းနာနှင့် ဖျောက်ဖျက်ထား ၏။ မတတ်သာသည့်အခါ သောကောရောကောထဲ ထည့်လိုက်၏။သို့သော် 'ဗဟိန်း' ဆိုသော နာမည်သည် ပြည်သူတို့ကြားတွင် အတော် 'ဟိန်း' ၏။ ပညာတတ်လူငယ်၊ ကျောင်းသားများ၊ တိုးတက်သူ လူငယ်များကြားတွင် အတုယူစရာ 'သင်္ကေတ' အဖြစ် ကျန်ရစ်၏။ သူ့ကို အားကျခြင်း၊ သူ့လို ပြည်သူတို့၏ 'မျက်ရှု' 'ရင်နှစ်သည်းခြာ' ဖြစ်လိုကြ၏။ 'ဟိန်း' ပါသော နာမည် မှည့်ခေါ် ခြင်းသည် လူငယ်များကြား ခေတ်စား၏။ သူသည် စစ်ကိုင်းကျောင်းသားများ နယ်ချဲ့ ဆန့်ကျင်ရေး သပိတ်မှောက်ရာတွင် ပါဝင်ရန် မန္တလေးမှ ဆင်း၍ စည်းရုံးသဖြင့် ကျောင်းအုပ်ကြီး အီးစီဒေါင်းက ဘွိုင်းကောက်ကျောင်းသားများအား အရိုက်ခိုင်းခဲ့၏။ နောင် မြူမင်းကြီး ဖြစ်လာမည့် ဗိုလ်မှူးကြီးထွန်းစိန် အပါအ၀င် စကောက်ကျောင်းသားများက စကောက်တုတ်များနှင့် ၀ိုင်းရိုက်ကြရာ မေ့မျောသွားခဲ့ဖူး၏။ ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်သူတဦး ဖြစ်သကဲ့သို့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် တဦးအဖြစ် တော်လှန်ရေးတာဝန်များကို ထက်မြက်ထူးချွန်စွာ ထမ်းဆောင်သွားခဲ့၏။ ပင်ကိုယ် သဘာဝအရ အနုအလှကို သဘောကျပြီး မေတ္တာဓါတ် ကြီးမားသူ၊ ကလေးငယ်များကို ချစ်တတ်သူ၊ ထို 'သူ' ကို မျိုးချစ် ပြည်ချစ်စိတ်က တော်လှန်ရေးသမား ဖြစ်စေ၏။ တိုင်းပြည်လူဦးရေ၏ အများစုကြီးဖြစ်သော ဆင်းရဲသားပြည်သူတို့ကို ချစ်တတ်သောသူမို့ ကွန်မြူနစ်ဖြစ်စေ၏။ သေနတ်ကိုင်စေခဲ့၏။ သမိုင်းတွင် ခေတ်စနစ်တို့က ဤသို့သော လူများကို လမ်းကြောင်း ပြောင်းပေးကြသည်မှာ ဓမ္မတာပင် ဖြစ်ချေသည်။ လရောင်ရွှမ်းမြ၍ လှချင်တိုင်းလှနေသော လားရှိုးမြို့ ၏ ညတညတွင် တောတောင် သဘာဝရှုခင်းတွေကို ကြည့်ရင်း သူသည် အဖေါ်တယောက်နှင့် လမ်းလျှောက်နေ၏။ ပုံမှန်အတိုင်းဆိုလျှင် သူသည် စာပေအကြောင်း၊ ဂီတအကြောင်း ဒါမှမဟုတ် ကျန်ရစ်ခဲ့သော သူ့ချစ်သူ (ဒေါ် )ခင်ကြီး အကြောင်း ကရားရေလွှတ် တတွတ်တွတ် ပြောပြပေလိမ့်မည်။ ခုတော့ သူက “ ဒီလို ငွေလရောင်မြူးခိုက်မှာ ...စိတ်ဟာ ကြည်လင်ရွှင်လန်းလာပြီး xxxx လီနင်ရေးတဲ့ နိုင်ငံတော်၊ အစိုးရနှင့် တော်လှန်ရေး အကြောင်းကို ဆွေးနွေးရအောင် ...” ဟူ၍ ပြောခဲ့လေသည်။ အမှန်ပင် ထိုအချိန်က သူသွားမည့် ခရီးမှာ ဒုတိယ ကမ္ဘာစစ် ဥရောပတွင် စတင်နေချိန် ...ညီနောင်ပါတီနှင့် အဆက်အသွယ်ယူရန် ထွက်လာသည့် ခရီး .....။ဤအချိန်တွင် သူသည် တော်လှန်ရေးဘာသာရပ်ကို ကောက်ကိုင်လိုက်သည်မှာ သဘာဝကျသည်။ တကယ်က သူသည် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ် ဖြစ်ရုံသာမက နိုင်ငံတကာ့ဝါဒီ တဦးလည်း ဖြစ်ပေသည်။ တော်လှန်ရေးဆိုသည်မှာ အသက်သွေးချွေးမျက်ရည်တို့ ရင်းနှီးရသော လုပ်ငန်းဖြစ်၏။ ဤစကား မှန်ကန်ကြောင်း အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန် တော်လှန်ရေးမှသည် ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ နောက်မဆလ ခေတ်၊ န၀တ (ယ္ခု နအဖ) ခေတ်ထိ မှန်နေကြောင်း ပြည်သူများ သဘောပေါက်ကြသည်။ အမျိုးသား ဂုဏ်သိက္ခာ အတွက်သော်လည်းကောင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း အတွက်သော်လည်းကောင်း ... နေ့တကြာင့်ကြကြ၊ ညတကြောင့်ကြကြ ဖြစ်နေရသော ယနေ့ပြည်သူများ က ပိုသဘောပေါက်ကြ ပေလိမ့်မည်။ တခါသေဖူး၍ ပျဉ်ဖိုးနားလည်ကြပြီ ... အရေးအခင်း အဆက်ဆက် အထူးသဖြင့် ၈-၄လုံး အရေးအခင်းတွင် မိမိ၏ မိသားစုများ၊ ဆွေမျိုးရင်းခြာများ၊ မိတ်ဆွေများ၊ အပေါင်းအသင်း ရောင်ရင်းများ၊ အသိအကျွမ်းများ .... အသက်ပေးသွားခဲ့ကြပြီ။ အချို့ ထောင်တန်း ကျခံနေရသည်။ အချို့ တောထဲ၊ တောင်ထဲ၊ တချို့ နယ်စပ်၊ တချို့ နိုင်ငံရပ်ခြားသို့ လွင့်စင်ကုန်ကြပြီ။ပြည်သူများဘက်မှ ဆုံးရှုံးမှုများ ရှိသကဲ့သို့ ရရှိလိုက်သောအောင်ပွဲ၏ အသီးအပွင့်များလည်း မနည်းလှပေ။ မဆလ အစိုးရ ပြုတ်သွားပြီး နိုင်ငံရေး ပါတီများ ထူထောင်ခွင့် ပေးလိုက်ရခြင်း၊ ပြည်သူများ တောင်းဆိုခဲ့ကြသော ရွေးကောက်ပွဲ လုပ်ပေးခဲ့ရခြင်း၊ စစ်တပ်ပါတီ ရှုံးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြီးအကျယ် အနိုင်ရခြင်း ...စသည်တို့ကား ချေဖျက်၍ မရနိုင်သော အောင်သီးအောင်နှံများပင် ....။ယနေ့ ပြည်သူတို့၏ ရင်ထဲမျက်စိထဲတွင် ပြန်စဉ်းစားတိုင်း ကြည့်မျှော်လေတိုင်း ...အလောင်းများ၊ သွေးများ၊ ဖြူဖတ်ဖြူရော်မျက်နှာများ၊ မီးခိုးများ၊ ယမ်းခိုးများ၊ ၀န်ထုပ်ဝန်ပိုးများ၊ ထောင်နံရံများ၊ အကျဉ်းစခန်းများ၊ ကြာပွတ်များ၊ စီးကရက် မီးရဲရဲများ၊ အက်ဆစ်ငရဲမီးများ၊ကျင်စက်များ၊ လက်သီးများ၊ စစ်ဖိနပ်များ၊ စစ်ယူနီဖေါင်းများ၊ စစ်ကားများ၊ သေနတ်ပြောင်းဝများ၊ လှံစွပ်များသာ ...မြင်ကြရ၊ ခံစားနေကြရသည်။န၀တ (နအဖ) စစ်ဗိုလ် စစ်သားအချို့ ၊ဂုဏ်ယူလက်မထောင်၊ လက်ညှိုးထိုးပြနေသော ပြည်သူ့ရင်ပြင်၊ ဂုံးကျော်တံတား၊ ကားလမ်း၊ ရထားလမ်း၊ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားတို့ကိုလည်း နရသူ ၏ မှိုင်းညို့ ညို့ ဓမ္မရံကြီး ဘုရားပမာ မြင်နေကြရသည်။ ဤပစ္စည်း၊ အဆောက်အအုံတို့ပေါ်တွင် ပြည်သူတို့၏ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ဖုံးလွှမ်းစွတ်စိုခဲ့သည် မဟုတ်ပါလား။ မသမာမှုတွေ၊ လာဘ်စားမှုတွေ၊ နှင့် ပြည့်နှက်နေသည် မဟုတ်ပါလား ...။ပြည်သူ့သားကောင်းများကား .... ပြည်သူကို အလုပ်အကျွေးပြုရင်း ကွယ်လွန်ကြ-ကျဆုံးခဲ့ကြချေပြီ။ သို့သော် စစ်အာဏာကို အချောင်ရထားသူများ၊ ရလိုက်သူများကတော့ -ခေတ်အဆက်ဆက်တွင် ကားတ၀ီဝီစီး၊ ဟယ်လီကော့ပတာ တငြိမ့်ငြိမ့်ဝဲကာ စည်းစိမ်တက်၊ ဇိမ်ယစ်နေခဲ့ကြသည်။ ယနေ့ စစ်(၃)စစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တရား) သည် ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားကြလေပြီ။ နယ်ချဲ့ သမားများ၊ လက်ဝေခံဖယ်ပေးလိုက်ရသော ပြည်သူ့ဂုတ်ပေါ် ခွစီးကာ လက်ညှိုးတညွှန်ညွန် လုပ်နေကြသည်။မြန်မာပြည်သူများကား တော်လှန်ပုံကန်ရဲသူများ ဖြစ်ကြ၏။ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ တိုက်ပွဲအလီလီ၏ အောင်ပွဲများက ဤအချက်ကို သက်သေထူခဲ့ပြီ ဖြစ်သည်။ နယ်ချဲ့ ဗြိတိလျှခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်မှသည် မဆလ ခေတ်အထိ၊ ဖေါက်ပြန်ရေး အုပ်စိုးသူ အဆက်ဆက် ရာဇပလ္လင် ဖင်မမြဲအောင် ကိုင်လှုပ်ခဲ့ကြ၏။ သမိုင်းအမြင်နှင့် ကြည့်လျှင် ပြည်သူနှင့် ကင်းကွာ၍ မည်သည့် အစိုးရများ ရေရှည်မြဲခဲ့ဖူးပါသနည်း။စစ်သား စစ်ဗိုလ် အချို့ အ၀က်နှင့် သူတို့၏ လက်ဝေခံ တချို့ မှလွဲ၍ ထောက်ခံမှု မရှိသော န၀တ(နအဖ) ကော မည်မျှကြာကြာ ရာဇပလ္လင်ကို တွယ်ကပ်နေနိုင် ပါမည်နည်း။ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်များတွင် ပြည်သူများထဲမှ 'သခင် ဗဟိန်း' ကဲ့သို့သော 'သူ' များ မွေးထုတ်ပေးခဲ့၏။ 'ဗဟိန်း' သည် တိုက်ပွဲများကြားတွင် လူလားမြောက်ခဲ့၏။ အလားတူ ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီ ခေတ်များတွင်လည်း 'ဗဟိန်း' အများအပြား မွေးထုတ်ပေးခဲ့၏။ တော်လှန်ရေးသမားများ ဖြစ်လာကြ၏။ မဆလ ခေတ်၊ န၀တ၊ နအဖ ခေတ်တွင်လည်း အလားတူ 'ဗဟိန်းကလေး' များ မွေးထုတ်ပေးနေ၏။ တော်လှန်ရေး မျိုးဆက်ဟူသည် ကုန်ဆုံးသွားသည် မရှိ။( ၂ ၊ ၃ ၊ ၁၉၉၄ )

မှတ်ချက် ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုပညာရေးနှင့်ဝါဒဖြန့်ချိရေးဌာနမှထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်ပါသည်။
.......................................................................................
လူရှင်သင်္ချိုင်းများအကြောင်း စာအုပ်မှာ နေလင်း (အ.က.သ)က သူ့ရဲ့ထောင်တွင်းအတွေ့အကြုံတွေကို ရေးသားထားပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ရဲ့နိုင်ငံခြားရေးရာ ကော်မတီက ထုတ်ဝေပေးထားပါတယ်။
.........................................................
မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၉) ရက်(၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်)တနင်္ဂနွေနေ့တွင် မိန့်ကြားသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်း
ယနေ့ရရှိတဲ့ လွတ်လပ်ရေးဟာ လူမျိုးရေးတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ(ကယား)၊ ရခိုင်၊ မွန်၊ မြန်မာ အစရှိတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံးတို့ စည်းစည်းလုံးလုံး ကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ ရှမ်း၊ ချင်း၊ ကရင်၊ကရင်နီ(ကယား)၊ ရခိုင်၊ မွန်၊ မြန်မာ အစရှိတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူတန်းစားတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စုတစ်ခုလုံးမှာရှိကြတဲ့ လယ်သမား၊ အလုပ်သမား၊ ဈေးသူဈေးသား၊ ကျောင်းသူကျောင်းသား၊အမှုထမ်းအရာထမ်းများမှစ၍ တော်လှန်ရေးသမားများအထိပါဝင်သော လူတန်းစားအားလုံးတို့ကညီညီညာညာ စွန့်စွန့်စားစား အုံကြွကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ လယ်သမား၊ အလုပ်သမား၊ ဈေးသူဈေးသား၊ ကျောင်းသူကျောင်းသား၊ အမှုထမ်းအရာထမ်းများမှစ၍ တော်လှန်ရေးသမားများအထိပါဝင်သော လူတန်းစားအားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ အသင်းအဖွဲ့တစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံးသမဂ္ဂ အစရှိတဲ့ အသင်းအဖွဲ့အစည်းအသီးသီးက ကိုယ်ဆိုင်ရာနယ်နိမိတ်အတွင်းမှနေပြီး နယ်ချဲ့စနစ်ကြီးကို ၀ိုင်းအုံတိုက်ခိုက်ခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့လွတ်လပ်ရေးဖြစ်တယ်။
ယခုလို တစ်နိုင်ငံလုံးရှိ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအသီးသီး၊ လူတန်းစားအသီးသီး၊ အသင်းအဖွဲ့အသီးသီးတို့က အပြင်းအထန်ကြိုးပမ်းခဲ့သောကြောင့် ရရှိလာသောလွတ်လပ်ရေးဖြစ်တဲ့အတွက် ဤလွတ်လပ်ရေးကို သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံး လူတန်းစားအားလုံး အသင်းအဖွဲ့အားလုံးတို့က ရိုသေကြရမယ်။ ဒီလွတ်လပ်ရေးကိုတိုက်ရိုက်နည်းအားဖြင့်လည်းကောင်း၊ သွယ်ဝိုက်နည်းအားဖြင့်လည်းကောင်း၊ ထိပါးလာမယ်ဆိုလျှင် ပြည်ထောင်စုသားအားလုံးသည်လည်းကောင်း၊ လူတန်းစားအားလုံးသည်လည်းကောင်း၊အသင်းအဖွဲ့အားလုံးသည်လည်းကောင်း၊ ရင်မြေကတုတ်လုပ်၍ ခုခံကာကွယ်စောင့်ရှောက်ကြရမယ်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူမျိုးစုတစ်ခုတည်းအတွက် အသုံးချရန်မဟုတ်။ ပြည်ထောင်စုသမတမြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသားလူမျိုးစုအားလုံးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ ပြည်သူလူထုကြီးတစ်ရပ်လုံးအတွက် အကျိုးအများဆုံးရရှိအောင် ယခုရရှိတဲ့ လွတ်လပ်ရေးကို ခိုင်ခိုင်ခန့်ခန့် အုတ်မြစ်ချလျက် သမတနိုင်ငံသစ်ကြီးကို ကျွန်တော်တို့အားလုံး အင်အားရှိသလောက် တည့်တည့်မတ်မတ် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ကြတော့မယ်။
ဒီသမတနိုင်ငံတော်သစ်ကြီးကို အပြီးသတ်တည်ဆောက်ပြီးတဲ့အခါမှာ နိုင်ငံအတွင်း၌ လူအချင်းချင်း လူညွန့်ခူးစားနေတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လူညွန့်ခူးစားခြင်းခံနေရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လက်ဝါးကြီးအုပ်နေတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လက်ဝါးကြီးအအုပ်ခံနေရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ နဖူးကချွေး ခြေမအထိကျအောင် ရွှံ့ဗွက်တွေထဲမှာ စက်ရုံတွေထဲမှာ တောအထပ်ထပ် တောင်အထပ်ထပ်တွေထဲမှာ သတ္တုတွင်းထဲမှာ နေပူမိုးရွာမရှောင် တကုန်းကုန်း တရုန်းရုန်းနဲ့ အလုပ်လုပ်နေကြရပြီး လူတန်းစေ့ဘ၀လေးကိုမှ မရရှိကြရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ ဒီလူတန်းစားကို ဒီလိုလူညွန့်တုံးအောင် နှိပ်ကွပ်ထားတဲ့လူတန်းစားလည်း မရှိတော့ဘူး။
ဒီသမတနိုင်ငံသစ်ကြီးမှာ ရှိရှိသမျှလူတွေဟာ ကိုယ်အစွမ်းရှိသရွေ့ ကိုယ်စွမ်းတဲ့ဘက်မှာဝင်ပြီးအမှုထမ်းကြ၊ လယ်လုပ်တတ်တဲ့လူတွေက လယ်လုပ်ကြ၊ စက်မောင်းတတ်တဲ့လူတွေက စက်မောင်းကြ၊ သတ္တုတွင်းတူးတဲ့လူတွေက သတ္တုတွင်းတူးကြ၊ ငြိမ်ဝပ်ပိပြားရေးကိုဆောင်ရွက်တတ်တဲ့လူတွေက တရားရုံးတွေ၊ ရာဇ၀တ်ဌာနတွေမှာ ဆောင်ရွက်ကြ။ ကာကွယ်ရေးမှာ ကျွမ်းကျင်တဲ့လူတွေက စစ်တပ်တွေမှာ အမှုထမ်းကြ။ အအုပ်အချုပ် အစီအမံမှာ လိမ္မာတဲ့လူတွေက အစိုးရဌာနအသီးသီးမှာ ၀င်ရောက်ဆောင်ရွက်ကြ။ ဒီနည်းများဖြင့် ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသားတွေဟာ ကမ္ဘာ့အလယ်မှာ လူတန်းစေ့စေ့နေနိုင်အောင် ကျွန်တော်တို့အားလုံး ၀ိုင်းပြီးကြိုးပမ်းကြရမယ်။
ကျွန်တော်တို့ရဲ့ မြေဆီမြေနှစ်တွေကို ပြည်ထောင်စုသား လူဦးရေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်မြေဆီမြေနှစ်တွေက အင်မတန်များပြားနေတာကို တွေ့ရမယ်။ ဒါကြောင့် ခေါင်းဆောင်တွေကလည်း သစ္စာမဖောက်ဘဲ၊ ခြေလှမ်းမမှားဘဲ၊ ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းလိုက်ကြလျှင် လူထုကလည်း မိမိတို့ထမ်းဆောင်ရမည့် တာဝန်တွေကို မပျက်မကွက်ဘဲ၊ ၀ါးအစည်းပြေသလိုမပြေဘဲ၊ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းလိုက်ကြလျှင် ကျွန်တော်ပြောခဲ့တဲ့ သမတနိုင်ငံသစ်ကြီးကို မနှေးအမြန် တည်ထောင်ဖြစ်မြောက်ရမယ်လို့ ကျွန်တော် အတည့်အလင်း ကြေညာရဲပါတယ်။
ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ခေါင်းဆောင်တွေ သစ္စာဖောက်လျှင်၊ ခြေလှမ်းမှားလျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် သစ္စာဖောက်နေသောခေါင်းဆောင်များကိုလည်းကောင်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကိုလည်းကောင်း၊အချိန်မီသတိပေးနိုင်သည် ဖြစ်စေသတည်း။
ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ပြည်သူလူထုကြီးသည် မိမိထမ်းဆောင်ရမည့်တာဝန်များကို ပျက်ကွက်လျှင်၊ ၀ါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဆိုလျှင် ယနေ့စိုက်ထူတဲ့လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် တာဝန်ပျက်ကွက်သော ပြည်သူလူထုကြီးကိုလည်းကောင်း၊ ၀ါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဖြစ်သော ပြည်သူလူထုကြီးကိုလည်းကောင်း၊ အချိန်မီသတိပေးနိုင်သည် ဖြစ်ပါစေသတည်း။
ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ဖျက်လိုဖျက်ဆီးလုပ်လိုသော ပြည်တွင်းပြည်ပရန်သူများ ပေါ်ပေါက်လာလျှင် ယနေ့စိုက်ထူတဲ့ မော်ကွန်းကျောက်တိုင်ကြီးသည် ထိုရန်သူများကိုအပြီးတိုင် ချေမှုန်းနိုင်သည်အထိ ဇာတိသွေး၊ ဇာတိမာန် တခဲနက်တက်ကြွလာအောင်ပြည်ထောင်စု ပြည်သူလူထုတစ်ရပ်လုံးအား အချိန်မီစွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။
(ဤ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်းကိုအောင်စောဦး ပြုစုသည့် “လွတ်လပ်ရေးရွှေရတု” စာအုပ်မှ ကူးယူဖော်ပြပါသည်။)
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ...
ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။
၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။
၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။
၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြ စ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများ အတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။
၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်းဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက်အထ မြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရအက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။
၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိ အမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။
၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။
၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။
မြန်မာနိုင်ငံတော်အစိုးရ
(ပုံ) အောင်ဆန်း ၁၂-၂-၄၇
ကချင်ကော်မတီ
(ပုံ)ဆမားဒူးဝါးဆင်ဝါးနောင်မြစ်ကြီးနား
(ပုံ)ဇော်ရစ်မြစ်ကြီးနား
(ပုံ)ဒိန်ရတန်မြစ်ကြီးနား
(ပုံ)ဇော်လဗန်းမော်
(ပုံ)ဇော်လွန်းဗန်းမော်
(ပုံ)လဗန်းဂရောင်းဗန်းမော်

ချင်းကော်မတီ
(ပုံ)ဦးလွှာမှုန်းအေတီအမ်။အိုင်တီအက်(စ်)အမ်၊ ဖလမ်း။
(ပုံ)ဦးသောင်ဇာခပ်အေတီအမ်၊ တီးတိန်။
(ပုံ)ဦးကွယ်မန်းအေတီအမ်၊ ဟားခါး။

ရှမ်းကော်မတီ
(ပုံ)ခွန်ပန်းစိန်တောင်ပိုင်းစပ်ဖလုံ
(ပုံ)စပ်ရွှေသိုက်ညောင်ရွှေစပ်ဖလုံ
(ပုံ)စပ်ဟုံဖမြောက်ပိုင်းသိန္နီစပ်ဖလုံ
(ပုံ)စပ်နွံလဲချားစပ်ဖလုံ
(ပုံ)စပ်စံထွန်းမိုင်းပွန်စပ်ဖလုံ
(ပုံ)စပ်ထန်းအေးသာမိုင်းခမ်းစပ်ဖလုံ
(ပုံ)ဦးဖြူသထုံစပ်ဖလုံ၏ ကိုယ်စားလှယ်
(ပုံ)ခွန်းဖုံးမြောက်ပိုင်းသိန္နီ
(ပုံ)ဦးတင်ဧ
(ပုံ)ဦးထွန်းမြင့်
(ပုံ)ဦးကြာပု
(ပုံ)ဦးခွန်စော
(ပုံ)စပ်ရစ်ဖ
(ပုံ)ဦးခွန်ထီး

တတိယအကြိမ်မြောက် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲထုတ်ပြန်ကြေညာချက်
(၁) တတိယအကြိမ်မြောက် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကို သက္ကရာဇ် ၂၀၀၄ ခုနှစ်၊ဇန်န၀ါရီလ (၂၈) ရက်နေ့မှ ဖေဖော်ဝါရီလ (၂) ရက်နေ့အထိ ကော်သူးလေ၊ လော်ခီးလာစခန်းတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြပါသည်။ ယင်းနှီးနှောဖလှယ်ပွဲကြီးသို့ တိုင်းရင်းသားလူမျိုးများ၏ တပ်ပေါင်းစုများ၊ ပါတီအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များနှင့် လေ့လာသူများ အပါအ၀င် စုစုပေါင်း (၆၁) ဦးတက်ရောက်ကြပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(၂) တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ENSCC) ၏ နှစ်နှစ်တာလုပ်ငန်းအစီရင်ခံစာအပြင် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးတပ်ပေါင်းစုများ၊ ပါတီအဖွဲ့အစည်းများမှတင်သွင်းသော “သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ” နှင့်“တိုင်းရင်းသားလူမျိုးများ၏ သွေးစည်းညီညွတ်ရေး” အပေါ် အမြင်နှင့် သဘောထားစာတမ်းများကိုလည်း တင်သွင်းဆွေးနွေးခဲ့ကြသည်။
(၃) ဤနှီးနှောဖလှယ်ပွဲကြီးမှ ၁၉၉၇ ခုနှစ်တွင် ကျင်းပခဲ့သော “မယ်သရောထာ” ပထမအကြိမ်တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီး၏ သဘောတူညီချက်များဖြစ်သော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်များကို ဆက်လက်၍အခိုင်အမာကိုင်စွဲသွားရန် သဘောတူခဲ့ကြသည်။
(၄) ယနေ့ နအဖစစ်အုပ်စုက စစ်အာဏာရှင်စနစ်ကို ရေရှည်နှင့် တရားဝင်ဆက်လက်ကျင့်သုံးနိုင်ရေးအတွက် လှည့်စားဖန်တီးနေသော အဆင့် (၇) ဆင့်ပါ လမ်းပြမြေပုံသည်လည်းကောင်း၊၁၉၉၆ ခုနှစ်တွင် ယာယီရပ်ဆိုင်းထားသည့် အမျိုးသားညီလာခံ ပြန်လည်ခေါ်ယူရေးသည်လည်းကောင်း၊ ဒီမိုကရေစီစနစ်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုဦးတည်စေနိုင်မည်မဟုတ်သည့်အတွက် စုပေါင်းဆန့်ကျင်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။
(၅) ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်းကားရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် အမြန်ဆုံးတည်ဆောက်နိုင်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အမြန်ဆုံးဖြစ်ပေါ်လာနိုင်ရန်အတွက် အောက်ပါအချက်များပါဝင်သော “ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးစီမံချက်” ကို လုပ်ဆောင်သွားရန် သဘောထားချမှတ်ခဲ့ကြသည်။
(က) ၁၉၉၄ ခုနှစ်မှစ၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ နှစ်စဉ်ဆုံးဖြတ်သည့်အတိုင်းသုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အမြန်ဆုံးခေါ်ယူကျင်းပရန်၊(ခ) သုံးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်အပေါ် အခြေခံ၍ နအဖစစ်အုပ်စု၊ ၁၉၉၀ ရွေးကောက်ပွဲတွင်အနိုင်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အခြားနိုင်ငံရေးပါတီများနှင့်တိုင်းရင်းသားလူမျိုးများ
အချိုးတူပါဝင်သော ကြားဖြတ်အစိုးရကို ဖွဲ့စည်းရန်၊(ဂ) ကြားဖြတ်အစိုးရက အများလက်ခံနိုင်သော အမျိုးသားညီလာခံတရပ်ကို ခေါ်ယူကျင်းပပေးရန်၊(ဃ) အမျိုးသားညီလာခံ၏ သဘောတူညီချက်အတိုင်း ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်နယ်များ၏ ဖွဲစည်းပုံအခြေခံဥပဒေများကို ကော်မရှင်အသီးသီးဖွဲ့စည်း၍ ရေးဆွဲရန်၊(င) ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရန်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုသော်လည်းကောင်း၊ ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို အတည်ပြုပြဋ္ဌာန်းနိုင်ရန်အတွက် ပြည်နယ်အသီးသီး ဆန္ဒခံယူပွဲများကိုသော်လည်းကောင်း ခေါ်ယူကျင်းပရန်၊(စ) အသစ်ရေးဆွဲပြဋ္ဌာန်းသော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီပြည်ထောင်စုအစိုးရကို ဖွဲ့စည်းနိုင်ရန်သော်လည်းကောင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းသော ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ပြည်နယ်အစိုးရများကို ဖွဲ့စည်းနိုင်ရန်သော်လည်းကောင်း သက်ဆိုင်ရာရွေးကောက်ပွဲများကို ခေါ်ယူကျင်းပရန်၊(ဆ) ရွေးကောက်ပွဲပြီးလျှင် သက်ဆိုင်ရာ လွှတ်တော်အသီးသီးခေါ်ယူပြီး အနိုင်ရပါတီအသီးသီးက သက်ဆိုင်ရာအစိုးရအသီးသီးကို ဖွဲ့စည်းသွားရန်၊
(၆) ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုများမှ မြန်မာနိုင်ငံ၏အရေးခင်းများတွင်
ပါဝင်ပတ်သက်မှုကို ကြိုဆိုထောက်ခံသည့်အပြင် ထိုင်းအစိုးရက ကြိုးပမ်းဆောင်ရွက်နေသောပြည်ထောင်စုမြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုကို ကြိုဆိုထောက်ခံကြသည်။
(၇) ယနေ့မြန်မာပြည်၏ နိုင်ငံရေးအခြေအနေ တောင်းဆိုမှုအရ မိမိတို့ တိုင်းရင်းသားလူမျိုးစုများ၏ စုစည်းညီညွတ်သောအသံ (One ethnic voice) သို့ ဦးတည်နိုင်စေရန် အခြေခံစုဖွဲ့မှုဖြစ်သော“တိုင်းရင်းသားလူမျိုးများကောင်စီ” (Ethnic Nationalities Council) ကို ဤညီလာခံကြီးမှအောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ကြသည့်အပြင် လုပ်ငန်းကော်မတီဖြစ်သော “တိုင်းရင်းသားလူမျိုးများသွေးစည်းညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ENSCC) ” ကိုလည်း ဆက်လက်ဖွဲ့စည်းထားရှိသွားရန် ဆုံးဖြတ်ခဲ့ကြသည်။
(၈) ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ရေရှည်ရင်ဆိုင်နေရသော ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂမှ ဆုံးဖြတ်ထားသည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းနည်းဖြင့်သာ ပြီးပြည့်စုံသောပြေလည်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းတည်ငြိမ်မှုကို ရရှိနိုင်မည်ဖြစ်သည့်အတွက် တိုင်းရင်းသားလူမျိုးများအပေါ် ထိုးစစ်ဆင်မှုအားလုံးကို ချွင်းချက်မရှိရပ်စဲပြီး တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ကြေညာပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်လွှတ်ပေးရန်၊ ကမ္ဘာ့ကုလသမဂ္ဂ ဆုံးဖြတ်ချက်နှင့်အညီ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးပြုလုပ်ရန် ဤနှီးနှောဖလှယ်ပွဲကြီးကတောင်းဆိုလိုက်သည်။ ဤတောင်းဆိုချက်များကို ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလူမျိုးအားလုံးမှ တက်ညီလက်ညီ ၀ိုင်းဝန်းထောက်ခံ၍ ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန် လေးနက်တည်ကြည်စွာ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
သက္ကရာဇ် ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်
Media Contact(1) Rimond HtooTel : 053 611573Mobile : 018845441E-mail : rphtooms@cscoms.com(2) Khun OkkerTel : 053 620260Mobile : 019502158E-mail : khunbwar@hotmail.com
အမျိုးသားသွေးစည်းညီညွတ်ရေး နှီးနှောဖလှယ်ပွဲသူးမွဲကလိုးသဘောတူညီချက်
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သည့် တိုင်းပြည်ဖြစ်သည်။ခေတ်သစ်မြန်မာ့သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ညှိနှိုင်း၍တည်ဆောက်ထားသော အမျိုးသားသွေးစည်းညီညွတ်မှုအင်အားဖြင့် မြန်မာပြည်လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်ကျဆုံးမှုနှင့်အတူ အမျိုးသားသွေးစည်းညီညွတ်ရေးသည်လည်း လွင့်ပါးပျောက်ကွယ်ခဲ့ရသည်။
စစ်အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ရခြင်း၏ အကျိုးဆက်အဖြစ် အမျိုးသားသွေးစည်းညီညွတ်မှုပြိုကွဲလျက် တိုင်းပြည် ကြေပြုန်းပျက်သုဉ်းမည့် ဘေးအန္တရာယ်ကြီးကိုရင်ဆိုင်နေရသည့် အချိန်အခါဖြစ်ပေသည်။ တိုင်းရင်းသားပေါင်းစုံ ပြည်သူတို့၏ လက်ငင်းလိုအပ်ချက်ဖြစ်သော စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ခေတ်မီတိုးတက်၍ သာယာဝပြောသောထာဝစဉ်ငြိမ်းချမ်းသာယာသည့် လူအဖွဲ့အစည်းတည်ဆောက်ရေးတို့ကို အမျိုးသားသွေးစည်းညီညွတ်မှုအင်အားဖြင့်သာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ သို့ပါ၍ အမျိုးသားသွေးစည်းညီညွတ်မှုတည်ဆောက်ရေးလုပ်ငန်းသည် ယနေ့ကာလ တိုင်းရင်းသားပေါင်းစုံ ပြည်သူတို့အတွက် အဓိကကျသောလုပ်ငန်းစဉ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့သည် တိုင်းရင်းသားကိုယ်စားပြုပါတီများနှင့် ပူးတွဲလျက် ယင်းတာဝန်ကို တက်ကြွစွာထမ်းဆောင်နေသည့်နည်းတူ အောက်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း (၂၃) ဖွဲ့သည်လည်း ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ(၃) ရက်တိုင်တိုင် ကော်သူးလေပြည်နယ် သူးမွဲကလိုးတွင် အမျိုးသားသွေးစည်းညီညွတ်ရေးနှီးနှောဖလှယ်ပွဲကြီးကို အောင်မြင်စွာကျင်းပ၍ အောက်ဖော်ပြပါ အချက်အလက်များကို တညီတညွတ်တည်း သဘောတူဆုံးဖြတ်ကြပါသည်။ ၎င်းသဘောတူညီဆုံးဖြတ်ချက်များမှာ -
၁။ ၁၉၄၇ ခုနှစ်တွင်ချုပ်ဆိုသည့် ပင်လုံစာချုပ်နှင့် ယင်းစာချုပ်ဆိုင်ရာ ကတိက၀တ်များ၊ ၁၉၉၀ပြည့်နှစ်တွင်ထုတ်ပြန်သည့် ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေညာချက်၊ ၁၉၉၂ ခုနှစ်တွင်ချုပ်ဆိုသည့် မာနယ်ပလောစာချုပ်၊ ၁၉၉၇ ခုနှစ်တွင်ပြုလုပ်သည့် မယ်သရောထ သဘောတူညီချက်များသည် တိုင်းရင်းသားလူမျိုးများ၊ ပြည်သူများ၏ အခြေခံအကျိုးစီးပွားကို ကိုယ်စားပြုသည့် သမိုင်းဝင် သဘောတူညီချက်ဖြစ်သည်ဟု မှတ်ယူသည်။
၂။ မြန်မာပြည်၏ လက်ရှိပဋိပက္ခသည် ဖိနှိပ်အုပ်စိုးသူ စစ်အာဏာရှင်အုပ်စုကတဖက်၊ အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးကတဖက် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်ပြီး ယင်းပဋိပက္ခကြီးသည် တနေ့တခြား ပိုမိုပြင်းထန်လာနေသည့်အတွက် အဆုံးအဖြတ်ကာလတခုသို့ပင် ရောက်ရှိနေသည်ဟု တညီတညွတ်တည်း သုံးသပ်ကြသည်။
၃။ န၀တ/နအဖ စစ်အာဏာရှင် ကြီးစိုးမှုကြောင့် ယနေ့မြန်မာပြည်တွင် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းနှင့် အမျိုးသားအခွင့်အရေး ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နေရသည်။ ထို့ကြောင့် စစ်အာဏာရှင်ကြီးစိုးမှုကို ဖျက်သိမ်းပစ်ရန်မှာ တိုင်းပြည်၏ အဓိကဘုံလုပ်ငန်းတာဝန်ဖြစ်သည်ဟု တညီတညွတ်တည်း သဘောတူဆုံးဖြတ်သည်။
၎။ န၀တ/နအဖ စစ်အာဏာရှင်ကြီးစိုးမှုတိုက်ဖျက်ရေးတွင် လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ လက်ဝဲလက်ယာ မခွဲခြားဘဲ ပါတီ၊ အဖွဲ့အစည်းများအားလုံး၊ လူပုဂ္ဂိုလ်များအားလုံး အနိမ့်ဆုံး ဖြစ်နိုင်သည့်အဆင့်မှစတင်၍ လက်တွဲဆောင်ရွက်သွားကြရန် သဘောတူဆုံးဖြတ်သည်။
၅။ န၀တ/နအဖသည် အမျိုးသားညီလာခံကို ဦးစီးကျင်းပခွင့်မရှိပေ။ လက်ရှိပြုလုပ်နေသည့်အမျိုးသားညီလာခံသည် အတုအယောင် အမျိုးသားညီလာခံဖြစ်၍ လုံးဝတရားမ၀င်ချေ။ ထို့ကြောင့် ၎င်းအမျိုးသားညီလာခံအား လုံးဝအသိအမှတ်မပြုကြောင်း တညီတညွတ်တည်းသဘောတူဆုံးဖြတ်သည်။
၆။ တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရန်တညီတညွတ်တည်း သဘောတူဆုံးဖြတ်သည်။
၇။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အ၀ရရှိပြီး အမျိုးသားပြည်နယ်များ စုပေါင်းပါဝင်ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်သဘောတူဆုံးဖြတ်သည်။
၈။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားကိုယ်စားပြုပါတီ (၄) ပါတီ၏ ပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ယူရန် တောင်းဆိုခြင်း၊ လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းခြင်း၊ လွှတ်တော်ရေးရာကော်မတီများကို ဖွဲ့စည်းခြင်းများအားထောက်ခံကြောင်း သဘောတူဆုံးဖြတ်သည်။
၉။ ဤနှီးနှောဖလှယ်ပွဲမှ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုပေါ်ပေါက်ရေးကို လတ်တလောလုပ်ငန်းစဉ်အဖြစ် ပူးပေါင်းကြိုးပမ်းသွားကြရန် သဘောတူဆုံးဖြတ်သည်။
၁၀။ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာပြည်ဒီမိုကရေစီထွန်းကားရေးနှင့်ငြိမ်းချမ်းမှုဖြစ်ထွန်းစေရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာမှုများအပေါ် ကြိုဆိုထောက်ခံသည်။ ၁၉၉၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာပြည်ဆိုင်ရာ ဆုံးဖြတ်ချက်များသည် တည့်မတ်မှန်ကန်သော ဆုံးဖြတ်ချက်များဖြစ်၍ တာဝန်ရှိသူများအနေဖြင့် လက်တွေ့အကောင်အထည်ဖော်ရန် တညီတညွတ်တည်း တောင်းဆိုသည်။
၁၁။ မြန်မာပြည်အတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု ပြည်ပတင်ပို့မှုများတွင်နအဖစစ်အုပ်စု၏ အဓိကပါဝင်ပတ်သက်နေမှုကို ဆန့်ကျင်ရှုတ်ချကြောင်း သဘောတူဆုံးဖြတ်သည်။
၁၂။ နအဖစစ်အာဏာရှင် ကြီးစိုးမှုရှိနေသည့်ကာလအတွင်း မြန်မာပြည်အတွင်းသို့ မည်သည့်ရင်းနှီး မြှုပ်နှံမှုမှန်သမျှ ပြည်ပမှ ၀င်ရောက်မပြုလုပ်ရန် တောင်းဆိုကြောင်း သဘောတူဆုံးဖြတ်သည်။
၁၃။ ဤအမျိုးသားသွေးစည်းညီညွတ်ရေး နှီးနှောဖလှယ်ပွဲမှ ဆုံးဖြတ်ထားသည့် သဘောတူဆုံးဖြတ်ချက်များကို ဆက်လက်ထိန်းသိမ်း အကောင်အထည်ဖော်ရန်အတွက် နှီးနှောဖလှယ်ပွဲသို့တက်ရောက်ကြသည့် အဖွဲ့အားလုံး တာဝန်ယူရန်၊ စည်းရုံးညှိနှိုင်းရေးကော်မတီတရပ်ဖွဲ့စည်း၍ဆက်လက်အကောင်အထည်ဖော်သွားရန် ဆုံးဖြတ်သည်။
၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်။
အတည်ပြုလက်မှတ်ရေးထိုးသူများ

ဦးမျိုးဝင်းအတွင်းရေးမှူး (၂)မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF
ဦးသာနိုးအတွင်းရေးမှူးရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD
စောဂျက်ကော့ဗဟိုစည်းရုံးရေးကော်မတီဝင်ဗမာပြည်ကွန်မြူနစ်ပါတီ CPB
ဦးမြတ်သူဥက္ကဋ္ဌမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ် ABSL
အရှင်ခေမာစာရဥက္ကဋ္ဌမြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ ABYMU
ဆလိုင်းရွှေခါး(ရ်)အတွင်းရေးမှူး၊ ပြည်ပဆက်ဆံရေးတာဝန်ခံချင်းအမျိုးသားတပ်ဦး CNF
စောရွှေဆိုင်းဒု-ဥက္ကဋ္ဌကရင်အမျိုးသားအစည်းအရုံး KNU
ဦးစိုးလွင်ဒု-ဥက္ကဋ္ဌမြိတ်-ထားဝယ်ညီညွတ်ရေးတပ်ဦး MDUF
ဆလိုင်းထနယ်လွယ်ကိုယ်စားလှယ်ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD
ဘီကြာဦးအထွေထွေအတွင်းရေးမှူးလားဟူဒီမိုကရက်တစ်တပ်ဦး LDF
ဦးဒယ်နီရယ်အောင်အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU
ခိုင်မျိုးမင်းအထွေထွေအတွင်းရေးမှူးရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP
ဦးဇော်နိုင်ဦးအထွေထွေအတွင်းရေးမှူးလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS
ဦးကျော်လှဥက္ကဋ္ဌမြန်မာနိုင်ငံမွတ်ဆလင်လွတ်မြောက်ရေးအဖွဲ့ MLO
ဦးကျော်ထက်ဥက္ကဋ္ဌပြည်သူ့ကာကွယ်ရေးတပ် PDF
ဗမက ခွန်ဥက္ကာဥက္ကဋ္ဌပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ PPLO
မဟာဆန်းဥက္ကဋ္ဌ၀အမျိုးသားအဖွဲ့ WNO
ဦးအေးဆောင်အထွေထွေအတွင်းရေးမှူးချုပ်ပြည်သူ့လွတ်မြောက်ရေးတပ်ဦး PLF
ခွန်ကြာနုကိုယ်စားလှယ်ရှမ်းဒီမိုကရက်တစ်အစည်းအရုံး SDU
မိုင်အိုက်ဖုန်းတွဲဖက်အတွင်းရေးမှူးပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF
ဦးသန်းထွဋ်အတွင်းရေးမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA
ဦးတင်မောင်သက်ဥက္ကဋ္ဌမြန်မာနိုင်ငံလုံးဆိုင်ရာမွတ်ဆလင်အစည်းအရုံး ABMU
ဦးအောင်မြင့်အထွေထွေအတွင်းရေးမှူးပြည်သူ့ပြည်ချစ်ပါတီ PPP
ဦးမောင်မောင်လတ်အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU
တိုင်းရင်းသားလူမျိုးများနှီးနှောဖလှယ်ပွဲ (မဲသရောထာ)မဲသရောထာ သဘောတူညီချက်
ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများဖြစ်ကြသော ရခိုင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသား၊ ကချင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ကရင်နီတိုင်းရင်းသား၊ ကယန်းတိုင်းရင်းသား၊ မွန်တိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသား၊ ပလောင်တိုင်းရင်းသား၊ လားဟူတိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသားနှင့်“၀”တိုင်းရင်းသားခေါင်းဆောင်များသည် အဖွဲ့အစည်းနှင့် လူမျိုးအသီးသီးကို ကိုယ်စားပြုကြလျက် ကော်သူးလေပြည်နယ်၊ မယ်သရောထာ၌ ၁၉၉၇ ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်နေ့မှ (၁၄)ရက်နေ့ထိကျင်းပသော နှီးနှောဖလှယ်ပွဲကြီးတွင် စုံညီစွာ တက်ရောက်ခဲ့ကြသည်။
အထက်ဖော်ပြခဲ့သော ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးခေါင်းဆောင် ကိုယ်စားလှယ်များသည်နှီးနှောဖလှယ်ပွဲကြီး၌ ရင်းနှီးပွင့်လင်းစွာ အကြေအလည် ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြပြီးနောက်အောက်ပါအချက်များကို တညီတညွတ်တည်း သဘောတူချမှတ်ခဲ့ကြသည်။
၁။ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ သဘောတူညီချက်(က) စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန်၊(ခ) ဒီမိုကရေစီနိုင်ငံရေးစနစ်ကျင့်သုံးရန်၊(ဂ) လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးရရှိရန်၊(ဃ) ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရန်တို့ဖြစ်သည်။
၂။ န၀တအမျိုးသားညီလာခံနှင့်ပတ်သက်သော သဘောတူညီချက်လက်ရှိ န၀တဦးစီးကျင်းပနေဆဲဖြစ်သော အတုအယောင် အမျိုးသားညီလာခံသည် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအတွက် အခွင့်အရေးလုံးဝရနိုင်မည်မဟုတ်သည့်အတွက်၎င်း၊ န၀တအမျိုးသားညီလာခံကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက “လုံးဝ” အသိအမှတ်မပြုကြောင်းနှင့် ၎င်းညီလာခံကို ဆန့်ကျင်တိုက်ပွဲဝင်သွားကြရန် သဘောတူကြသည်။
၃။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲနှင့်ပတ်သက်သော သဘောတူညီချက်ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆုံးဖြတ်ထောက်ခံထားသည်သာမက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူထားသော သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူလက်ခံသည်။ထိုသုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် မဒတ၏ (UNLD) (PDF) နှင့် အခြားတိုင်းရင်းသားလူမျိုးများပါဝင်သော အင်အားစု၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုနှင့် န၀တစစ်အုပ်စုအင်အားစု သုံးစုတို့ ပါဝင်စေရမည်။
၎။ ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်သော သဘောတူညီချက်အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အ၀ရှိပြီး အမျိုးသားပြည်နယ်များ စုပေါင်းပါဝင်ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျွန်ုပ်တို့တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်းသဘောတူကြပါသည်။
၅။ စီးပွားရေးမူဝါဒနှင့်ပတ်သက်သော သဘောတူညီချက်စီးပွားရေးမူဝါဒနှင့်ပတ်သက်သော ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်သွားရန် ကျွန်ုပ်တို့တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။
သို့သော် န၀တအုပ်ချုပ်နေစဉ် ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းသည် စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စု၏အကျိုးစီးပွားကိုသာဖြစ်စေပြီး တိုင်းရင်းသားလူမျိုးစု ပြည်သူများအဖို့ အကျိုးလုံးဝမရှိသည့်အပြင် ဖိနှိပ်အုပ်ချုပ်မှုဒဏ်ကို ပိုမိုခံစားလာရသည့်အတွက် န၀တစစ်အုပ်စုနှင့် ပူးတွဲလုပ်ဆောင်သော ရင်းနှီးမြှုပ်နှံမှုအပါအ၀င် စီးပွားရေးလုပ်ငန်းအားလုံးကိုကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက အပြင်းအထန် ကန့်ကွက်သည်။
၆။ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော သဘောတူညီချက်မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းချမှု အပါအ၀င် လုပ်ငန်းအားလုံး ဆန့်ကျင်တိုက်ဖျက်ရန်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်းသဘောတူသည်။
၇။ ဒီမိုကရေစီအင်အားစုများနှင့်ပတ်သက်သော သဘောတူညီချက်န၀တစစ်အုပ်စုဖြုတ်ချရေးနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးတိုက်ပွဲ၊ သံတမန်တိုက်ပွဲ၊ လူထုတိုက်ပွဲအပါအ၀င် ဘက်ပေါင်းစုံမှ တိုးမြှင့်တိုက်ပွဲဝင်သွားရန် ကျွန်ုပ်တို့ တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။
ထိုသို့တိုက်ပွဲဝင်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုများနှင့်တန်းတူရည်တူလက်တွဲ၍ အမျိုးသားအခွင့်အရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီအခွင့်အရေးအတွက်လည်းကောင်း၊ တပြိုင်နက်တည်း စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်သွားကြရန်ကိုလည်း ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်းသဘောတူကြသည်။
၈။ ASEAN နှင့်ပတ်သက်သော သဘောတူညီချက်န၀တအုပ်ချုပ်နေသောကာလအတွင်း မြန်မာပြည်အား ASEAN အဖွဲ့ဝင်အဖြစ် လက်ခံခြင်းကိုအတတ်နိုင်ဆုံး ဆိုင်းငံ့ထားပေးပါရန် ASEAN သို့ ပန်ကြားလွှာပေးပို့သွားရန် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။
၉။ တပ်ပေါင်းစုနှင့်ပတ်သက်သော သဘောတူညီချက်တိုင်းရင်းသားလူမျိုးများ၏ ပြည်လုံးဆိုင်ရာ တပ်ဦးအဖွဲ့အစည်းဖြစ်သော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး စသည်တို့ကို ပိုမိုခိုင်မာလာအောင် ၀ိုင်းဝန်းပံ့ပိုးတည်ဆောက်ကြရန် ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။
၁၀။ ပြန်လည်ဆုံစည်းကြရန် သဘောတူညီချက်မယ်သရောထာ နှီးနှောဖလှယ်ပွဲကြီး၏ ရလဒ်များကို ဆက်လက်ထိန်းသိမ်း အကောင်အထည်ဖော်သွားရန်နှင့် အနည်းဆုံး တနှစ်လျှင် တကြိမ်၊ စုံစုံညီညီ ဆုံစည်းကြရန် ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။
အတည်ပြုလက်မှတ်များ
၁။ ဗိုလ်ချုပ်အောင်သန်းလေး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၂။ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ပအိုဝ့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (PPLO)၃။ ဗိုလ်မှူးကြီးမဟာဆန်း၊ “၀”အမျိုးသားအဖွဲ့ချုပ် (WNO)၄။ ဗိုလ်မှူးကြီးစိုင်းပေါင်း၊ “၀”ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၅။ မိုင်အိုက်ဖုန်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၆။ ဗိုလ်မှူးကြီးဇော်ဆိုင်း၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၇။ ခိုင်မြတ်ကျော်၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)၈။ ဘီကြာအူး၊ လားဟူဒီမိုကရက်တစ်တပ်ဦး (LDF)၉။ နိုင်ဟံသာ၊ မွန်ပြည်သစ်ပါတီ (NMSP)၁၀။ ခိုင်စိုးနိုင်အောင်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၁၁။ ခွန်းနားရု၊ ကယန်းပြည်သစ်ပါတီ (KNLP)၁၂။ စ၀်အွတ်ကျေးသီ၊ ညီညွတ်သောရှမ်းပြည်တော်လှန်ရေးတပ်မတော် (SURA)၁၃။ ဆလိုင်းရွှေခါး၊ ချင်းအမျိုးသားတပ်ဦး (CNF)၁၄။ ခွန်ဟုမ်၊ ရှမ်းအမျိုးသားဒီမိုကရက်တစ်အစည်းအရုံး (SDU)၁၅။ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၁၆။ တဦးချင်းကိုယ်စားလှယ်များ(၁) စ၀်စန်းရောင်ဝှေ (၂) နော်လှဇာဘင်ဆင် (၃) ခွန်းမားကိုဘန်း
မာနယ်ပလောစာချုပ်ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်ရေးသဘောတူညီချက်
မြန်မာပြည်သည် လွန်ခဲ့သောနှစ် ထောင်ပေါင်းများစွာကပင် တိုင်းရင်းသားလူမျိုးအသီးသီးတို့နယ်မြေချင်းဆက်စပ်လျက် အတူတကွ အခြေချနေထိုင်လာခဲ့သည့် တိုင်းပြည်ဖြစ်သည်။တိုင်းရင်းသားလူမျိုးအားလုံး ပိုင်ဆိုင်သည့် တိုင်းပြည်လည်းဖြစ်သည်။
မြန်မာပြည်သည် တိုင်းရင်းသားလူမျိုးအားလုံး၏ ဆန္ဒ ညီညွတ်မှုကိုအခြေခံသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာ စည်းလုံးခိုင်မာစွာ ရပ်တည်သွားနိုင်မည်ဖြစ်သည်။ ဤသို့ဖြစ်မြောက်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။သို့ရာတွင် ဤစာချုပ်သည် လက်တွေ့အကောင်အထည်မပေါ်ခဲ့ပေ။
ယခု မဆလ၊ န၀တ စသော မဟာလူမျိုးကြီးဝါဒကျင့်သုံးသည့် ဖက်ဆစ်အာဏာရှင်တို့၏ ကြီးစိုးမှုကြောင့် တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ ပြည်သူလူထုသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်ပြားပြီး ပြည်တွင်းစစ်မီး တောက်လောင်လျက်ရှိသည်။
သို့ဖြစ်၍ မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်သူလူထုအားလုံးသည် စစ်အာဏာရှင်အား အပြုတ်တိုက်ပြီးနောက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများရှိသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်လိုကြသည်။
တန်းတူမှု၊ လွတ်လပ်မှု၊ စည်းလုံးညီညွတ်မှု၊ လုံခြုံမှု၊ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှု၊ဖွံဖြိုးတိုးတက်မှုရှိသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာစစ်အာဏာရှင်ကြီးစိုးမှုအား တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ပင်ဖြစ်သည်။ ဤသို့သောအခြေအနေတွင် -
(၁) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)(၃) မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်(၄) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု
အဖွဲ့အစည်း (၄) ဖွဲ့တို့သည် ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် မာနယ်ပလောဌာနချုပ်၌အောက်ပါအတိုင်း အခိုင်အမာ သဘောတူညီကြသည်။
၁။ မဟာလူမျိုးကြီးဝါဒကိုလည်းကောင်း၊ စစ်အာဏာရှင်စနစ်ကိုလည်းကောင်း၊ မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို ကျင့်သုံးသည့် န၀တအားလည်းကောင်း အဆုံးတိုင် အတူတကွ ဆန့်ကျင်တိုက်ဖျက်သွားမည်။`
၂။ န၀တစစ်အာဏာရှင်ကြီးစိုးမှု ချုပ်ငြိမ်းပြီးနောက် လွတ်လပ်ငြိမ်းချမ်းသည့် အခြေအနေတွင်တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံ တက်ရောက်နိုင်သည့် စစ်မှန်သောအမျိုးသားညီလာခံကြီးကို ခေါ်ယူသွားမည်။
၃။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၏ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုတိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်သူလူထုတရပ်လုံး၏ ဆန္ဒ ညီညွတ်မှုကို အခြေခံ၍ ရေးဆွဲပြဋ္ဌာန်းသွားမည်။
၎။ မည်သည့်လူမျိုးကိုမျှ အခွင့်ထူးမပေးရေးနှင့် လူမျိုးစု၊ မျိုးနွယ်စုအားလုံး၏ အခြေခံအမျိုးသားအခွင့်အရေးများကို ချုပ်ချယ်ကန့်သတ်မှုမပြုရေးမူကို ကျင့်သုံးသွားမည်။
၅။ တိုင်းရင်းသားလူမျိုးအားလုံး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေး အပြည့်အ၀ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမည်။
ထိုသို့တည်ဆောက်ရာတွင်
(က) ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ပြည်နယ်များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အမျိုးသားပြည်နယ်ပေါင်းစု ပြည်ထောင်စုဖြစ်ရေး၊(ခ) ပြည်နယ်များမှ ပြည်ထောင်စုသို့ လွှဲအပ်ထားသော အာဏာများမှအပ ကျန်သောအာဏာများကို ပြည်နယ်များတွင်ထားရှိ၍ ပြည်နယ်အသီးသီးတွင်လည်း ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာများ ကျင့်သုံးပိုင်ခွင့်ရှိရေး၊(ဂ) ပြည်ထောင်စုတွင် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော်(အောက်လွှတ်တော်) ဟူ၍ လွှတ်တော်နှစ်ရပ်ထားရှိရေး၊(ဃ) ပြည်ထောင်စုနှင့် ပြည်နယ်များ၏ တပ်မတော်များကို လူမျိုးပေါင်းစုံ ပြည်သူလူထု၏ ကွပ်ကဲမှုအာဏာအောက်တွင် တည်ရှိရေး၊(င) ပြည်ထောင်စု၏ အချုပ်အခြာအာဏာဖြစ်သော ဥပဒေပြုအာဏာ၊ တရားစီရင်မှုအာဏာနှင့်အုပ်ချုပ်ရေးအာဏာသုံးရပ်ကို အပြန်အလှန်ထိန်းညှိစနစ်ဖြင့် ထားရှိပြီး လွတ်လပ်သည့် တရားစီရင်မှုစနစ်ကို ကျင့်သုံးရေး၊(စ) မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်စစ်အာဏာရှင်စနစ် ပြန်လည်၍ ပေါ်ပေါက်မလာနိုင်ရေးစသည့်အချက်များကို ပြည်ထောင်စုဖွဲ့စည်းရေးတွင် ကျင့်သုံးသွားမည်။
ဒေါက်တာစိန်ဝင်းဝန်ကြီးချုပ်အမျိုးသားညွန့်ပေါင်းအစိုးရ
ဦးတင်အောင်အတွင်းရေးမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
စောဘိုမြဥက္ကဋ္ဌမြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်
နိုင်ရွှေကျင်ဥက္ကဋ္ဌအမျိုးသားဒီမိုကရေစီတပ်ပေါင်းစု
၁၃၅၄ ခုနှစ်၊ ၀ါခေါင်လဆန်း (၂) ရက်၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်
.............................................................................................................
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် မလေးရှား
........................................................................
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် မလေးရှား ဒုက္ခသည်များနှင့် လွတ်ငြိမ်းချမ်းသာခွင့်တောင်းသူများကို အကာအကွယ်ပေးရေး မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှ၊ တောင်အာရှ ၊ အရှေ့အလယ်ပိုင်းဒေသ နှင့် အာဖရိကနိုင်ငံများမှ ရောက်ရှိလာကြသည့် ဒုက္ခသည်များနှင့် ခိုလုံခွင့်တောင်းခံ လာသူများ စုစုပေါင်း (၅၀၀၀၀)ခန့်ကို လက်ခံထားရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံ အေးဆက်ပြည်နယ် ၊ မြန်မာပြည်ရခိုင်ဒေသမြောက်ပိုင်းရိုဟင်ဂျာ၊ မြန်မာမွတ်စလင်၊ ချင်း၊ မွန်၊ ကချင်၊ ကယား၊ လူမျိုးများအပါအ၀င် အခြားနိုင်ငံ အများအပြားမှ တိုင်းရင်းသားလူမျိုးစုများ စသည့် စုစုပေါင်း လူဦးရေ(၄၆၀၀၀)ခန့် ကို မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်း ကြီးရုံး(U.N.H.C.R) တွင် မှတ်ပုံတင်ထားပြီး ဖြစ်ပါသည်။ မလေးရှားနိုင်ငံရှိ ဒုက္ခသည်များကို အာဏာပိုင်များက တရားမ၀င်လာရောက်နေ ထိုင်သူများ အဖြစ်သာ သတ်မှတ်၍ ဖမ်းဆီးခြင်း ၊ အချုပ်ချခြင်း ၊ အဓမ္မပြန်ပို့ခြင်း များ ဆောင်ရွက်ပါသည်။ တရားမ၀င်ရွေ့ပြောင်း အလုပ်လုပ်သူများကို ရှင်းလင်း နှိမ်နင်းစဉ် ကာလအတွင်းက မလေးရှား အာဏာပိုင်များသည် မကြာခဏဆိုသလို တရားမ၀င် အလုပ်သမားများနှင့် အတူ ဒုက္ခသည်များ ၊ ခိုလုံခွင့်တောင်းခံသူများကို ပါဖမ်းဆီးထိမ်းသိမ်းထားခဲ့ပါသည်။ မလေးရှားရှိ ဒုက္ခသည်များ ၊ ခိုလုံခွင့်တောင်းခံ သူများကို ဖမ်းဆီးထိမ်းသိမ်းခဲ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များ ၊ ကလေးသူငယ်
များ ပင်ပါဝင်ခဲ့သည်ဟု သတင်းပို့ အစီအရင်ခံများအရ သိရှိခဲ့ရပါသည်။ (အော်ပရာစီ) အစုလိုက်အပြုံလိုက်ဖမ်းဆီး ထိမ်းသိမ်းရေးအတွက် စီစဉ်ရာတွင် မလေးရှားအစိုးရသည် လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများနှင့် ရဲများကိုအကူအညီ ပေးနိုင်ရန် ယူနီဖောင်း ၀တ် ပြည်သူ့စေတနာဝန်ထမ်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဟုခေါ်သည့် စေတနာ့ဝန်ထမ်းများကို အချိန် ပိုင်းဖြင့် တာဝန်ပေးအပ်ခဲ့သည်။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ချိုးဖောက်သူသည် ကြိမ်ဒါဏ် ခြောက်ချက်အထိနှင့်တကွ ငွေဒါဏ်ရင်းဂစ် (၁၀၀၀၀) သော်လည်းကောင်း၊ ထောင်ဒဏ် ငါးနှစ်အထိသော်လည်းကောင်း ၊ ပြစ်ဒါဏ်နှစ်ရပ်လုံးသော်လည်း ကောင်းရင်ဆိုင်ရပါသည်။ ကြိမ်ဒါဏ်ခတ်ခြင်းလုပ်ရပ်မှာ အပြည်ပြည်ဆိုင်ရာ လူ့အ ခွင့်ရေး စံထားချက်ကို ချိုးဖောက်ခြင်းနှင့် ရက်စက်သော ၊ လူမဆန်သော (သို့) အောက်တန်းကျသော ပြစ်ဒဏ်ပေးချင်းလုပ်ရပ်မျိုးဖြစ်သောလည်း လူဝင်မှုဥပဒေ အတွင်း အကျုံးဝင်သော အနည်းဆုံးပစ်မှု(၄၀)တို့ အတွက် အပိုဆောင်းပစ်ဒါဏ် အဖြစ် သတ်မှတ်ထားသည်။ တရားမ၀င်အလုပ်သမားတို့ကိုဖမ်းဆီးထိမ်းသိမ်းထား ပြီး ပုံမှန်ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ရဲနှင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင် များကို လူဝင်ခွင့်ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာများ ကျယ်ကျယ်ြပန့်ပြန့် ပေးအပ် ထားပါသည်။ နိုင်ငံတကာ ခိုလုံခွင့် မှ ရရှိသည့် သတင်းအချက်အလက်များအရ မလေးရှား နိုင်ငံ လူဝင်မှုကြီးကြပ်ရေး၏ ထိမ်းသိမ်းစခန်းများတွင် လက်ရှိအချိန်တွင် ဒုက္ခသည် နှင့် ခိုလုံခွင့်တောင်းသူများကို ရာနှင့်ချီ၍ ထိမ်းသိမ်းထားပါသည်။ အထူသဖြင့် လူဦးရေ အဆမတန် အစုလိုက် အပြုံလိုက် ဖမ်းဆီးရမိသည့် အချိန် အခါမျိုးတွင် ရက်စက်သော၊ လူမဆန်သော ၊ နိမ့်ကျသော အပြုအမူများနှင့် ဆက်ဆံခံရ၍ အလွန်ဆိုးရွားသော အခြေအနေများရှိကြောင်း ကြားသိရပါသည်။ ထို့နည်းတူ ဒုက္ခသည်များကို အဓမ္မပြန်လည်ပို့ဆောင်ခြင်းများ ၊ အလွန်ဆိုးဝါး သော ပြုမူ ဆက်ဆံခြင်းများ ၊ နှိပ်စက်ဖမ်းဆီးခြင်းများလည်း ရှိပါသည်။ ဒုက္ခသည် များကို ပြန်လည်မောင်းထုတ်ခြင်း အပြုအမူမှာ နိုင်ငံတကာ လူ့အခွင့်အရေး စည်းမျဉ်း စည်းကမ်းများကို အသိအမှတ်မပြုခြင်း ၊ ထပ်မံချိုးဖောက်ခြင်းများ အဖြစ် ယူဆနိုင်ပါသည်။ လူအခွင့်အရေးများ ဆိုးဆိုးဝါးဝါး အကြမ်းဖက်ခံနေရသော ၊နှိပ်စက်ညှင်းပန်းမှု အန္ဒရာယ်များရှိနေသော နိုင်ငံတစ်နိုင်ငံသို့ မည်သည့်လူတစ်ဦးတစ်ယောက်ကို မည်သည့် နည်းလမ်းမျိုးဖြင့်မျှ ပြန်လည်ပို့ဆောင်ခြင်းမပြုရန် “ ထပ်မံမချိုးဖောက် ရေး ” စည်းမျဉ်း စည်းကမ်းအရ တားမြစ်ထားပါသည်။ အခြားအများအပြားသော နိုင်ငံတကာ ထုတ်ပြန်ကြေငြာချက်များနှင့် ၁၉၅၁-ဒုက္ခသည်များကိစ္စဆိုင်ရာ ကွန်ဗန်းရှင်းကြေငြာချက် အမှတ် (၃၃) မှ ကောက်နှုတ်တင်ပြချက်အရ ထပ်မံ မချိုးဖောက်ရေး စည်းမျဉ်း စည်းကမ်းကို နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေ ၏ စံသတ်မှတ်ချက်အဖြစ် အကျယ်တ၀န့် သတ်မှတ် ကြေငြာခဲ့ပြီး နိုင်ငံတကာ အားလုံးနှင့်လည်း အကျုံးဝင်သက်ဆိုင်စေသည်။ ဒုက္ခသည် ဒုက္ခသည် ဟူသောဝေါဟာရမှာ နိုင်ငံတကာ ဥပဒေတွင် သီးသန့် တစ်ခန်း တစ်ကဏ္ဍအနေနှင့် ပါဝင်နေပေသည်။ ဒုက္ခသည်ဆိုသည်မှာ-လူ့အဖွဲ့အစည်း (သို့) နိုင်ငံရေးအယူအဆတစ်ရပ်အတွင်း အကြောင်းပြချက် အမျိုးမျိုးကြောင့် အကြောက်တရားဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေရသောကြောင့် မူလတိုင်းပြည်မှ ထွက်ပြေးတိမ်းရှောင်လာသူ မည်သူကိုမဆို ရည်ညွန်းသည်။ ထို့ကြောင့် ထိုတိုင်းပြည်သို့ ပြန်ရန် ဆန္ဒမရှိခြင်း (သို့) ပြန်ရန်မဖြစ်နိုင်တော့ခြင်း ဖြစ်၏။ ၁၉၅၁- ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်း နှင့် ၄င်း၏ ၁၉၆၇ သဘောတူညီချက် စာချုပ်ဖြစ်သော လူအခွင့်အရေးနှင့် ဒေသအတွင်း ဒုက္ခသည်ဆိုင်ရာ ကြေညာချက် ထဲသို့ ထည့်သွင်း ဖော်ပြထားချက်များအရ သက်ဆိုင်ရာအစိုးရက ထိုလူများကို လက်ခံရသည်။ဇာတိနိုင်ငံ၏ ကာကွယ်စောင့်ရှောက်မှုကို မရရှိနိုင်ခြင်းကြောင့် ယင်းတို့သည် နိုင်ငံတကာ အထူးကာကွယ်စောင့်ရှောက်မှုကို လိုအပ်လျှက်ရှိသည် ဟူသော အချက်ကြောင့်ပင် ဒုက္ခသည်များကို အခြေခံဥပဒေကြောင်းအရ ဒုက္ခသည်များကို အခြေခံ ဥပဒေကြောင်းအရ အသိအမှတ်ပြုထားသည်။ ထို့ကြောင့် ၄င်းတို့ကို ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများနှင့် ရောနှောသတ်မှတ်ခြင်း မပြုရန် လိုအပ်သည်။ သူတို့သည် တစ်ခါတရံ ရွှေ့ပြောင်းအလုပ်လုပ်သူများနှင့် ခရီးလမ်းတစ် ခုထဲကို အသုံးပြု၍သော်လည်းကောင်း ၊ လူကုန်ကူးခြင်း လမ်းကြောင်းမှသည် လည်းကောင်း လာရလေ့ရှိပြီး တခါတရံ လမ်းခရီးတွင်သော်လည်းကောင်း ရောက်ရှိ လာသော နိုင်ငံတွင်လည်းကောင်း လူအခွင့်အရေး အကြမ်းဖက်ချိုးဖောက်မှုများနှင့် တွေ့ကြုံရလေ့ရှိသည်။ ခိုလှုံခွင့်တောင်းခံသူဆိုတာ ဘာလဲ??
ခိုလှုံခွင့်တောင်းခံသူဆိုသည်မှာ ... ဒုက္ခသည်တစ်ဦးအဖြစ် တရားဝင်မသတ်မှတ်ရ သေးသော်လည်း ကာကွယ်စောင့်ရှောက်မှုပေးရန် တောင်းဆိုထားသူကိုဆိုလိုသည်။ အစိုးရက ဒုက္ခသည်အဖြစ် လက်ခံ/မခံ ဆုံးဖြတ်ချက်ချပေးရန် စောင့်ဆိုင်းနေဆဲဖြစ် သည်ဟု ထိုသူကို သာမာန်အားဖြင့် သတ်မှတ်သည်။ အပြည်ပြည်ဆိုင်ရာဒုက္ခသည် ဥပဒေဖြင့် ထိုသူကိုအကာအကွယ်ပေးခြင်းသည် ထိုသူ၌တရားဝင်အသိအမှတ်ပြုထား ထားခြင်း( ဥပမာ- အစိုးရ စာရွက်စာတမ်း/ သက်သေခံလက်မှတ်) များရှိခြင်း ၊ မရှိခြင်းနှင့် မသကဆိုင်ပါ။ ဒုက္ခသည်များ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန် အောက်ပါ အချက်များကို မှ ခိုလှုံခွင့် တောင်းခံသူများအားသိစေအပ်သည်။ (က) ခိုလှုံခွင့်တောင်းခံရန် တိုင်းပြည်အတွင်းဝင်ရောက်လာသူများကို တားဆီးပိုင်ခွင့်မရှိပါ။ (ခ) ဒုက္ခသည်အဖြစ်လက်ခံ/မခံ ဆုံးဖြတ်ရန်အတွက် သင့်တင့်လျှောက်ပတ်သော အစီအစဉ် များချမှတ်ပေးရမည် (ဂ) ခိုလှုံခွင့်တောင်းခံထားသူများကို ရာဇ၀တ်မှုမြောက်သည်ဟု သတ်မှတ်ထားသော အမှုမျိုး မကျူးလွန်မချင်း ဖမ်းဆီးချုပ်နှောင်၍မရပါ။ (ဃ) မိသားစု၊ မိတ်ဆွေ၊ ရှေ့နေ၊ စကားပြန် ၄င်းတို့ကို အကူအညီပေးနိုင်သော အဖွဲ့အစည်း စသူတို့နှင့် ဆက်သွယ်ပိုင်ခွင့်ရှိရမည်။(ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (င) အခြေခံ စီးပွားရေး လူမှုရေး ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ရရှိရမည်။ ဥပမာ- အလုပ် အကိုင် ၊ ပညာရေး ၊ လူမှုအထောက်အပံ။ သူတို့ရဲ့အခွင့်အရေးတွေက ဘာတွေလဲ ?? အများနည်းတူ ပင် ဒုက္ခသည်များတွင်လည်း လူ့အခွင့်အရေးရှိရမည်။အောက်ပါအချက်များ ပါဝင်သည်။ (က) မတရားမှုများမှ ကာကွယ်ပေးခြင်း (ခ) သက်သေခံ လက်မှတ်နှင့်တကွ ခရီးသွား စာရွက်စာတန်းများ (ဂ) အလုပ်လုပ်ခွင့် (ဃ) အိမ်ယာ ၊ ပညာရေးနှင့် သက်သာချောင်ချိခွင့် (င) တရားမ၀င် ၀င်ရောက်ခြင်းအတွက် ပြစ်ဒဏ်များပေးခြင်းမှ ကာကွယ်ပေးခြင်း (စ) လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ဒုက္ခသည်များအတွက် တိကျခိုင်မာသော ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ပေးနိုင်ရမည်။ ၄င်းတို့ မှာ ၀င်ရောက်ခိုလှုံရာ တိုင်းပြည်၌ပင် နိုင်ငံသားခံယူခွင့်ပေးခြင်း ၊ (သို့) အခြားတိုင်းပြည်တစ် ပြည်သို့ ပြည်လည်အခြေချနေထိုင်ခွင့်ပေးခြင်း (သို့) ၄င်း၏မူလတိုင်းပြည်သို့ အခမဲ့ပြန်လည် ပိုဆောင်ပေးခြင်း။ ဤသို့ပြန်လည်ပို့ဆောင်ပေးခြင်းခံရသူများကို လူအခွင့်အရေး အပြည့်အ၀ ရရှိပြီး လုံခြုံစိတ်ချရမှုအတွက် အာမခံနိုင်မှသာ ပြန်လည်ပိုဆောင်ပေးသင့်သည်။ ထိုသို့မဟုတ်ပါက တည်ငြိမ်မှုမရှိခဲ့သည့် တိုင်းပြည်တစ်ပြည်ဖြစ်ခဲ့ ဖူးသည့်အတွက် ထိုလူများသည် မိမိတို့၏ အိုးအိမ်များကို စွန့်ပစ်ထွက်ခွာမှုများ ထပ်မံ ဖြစ်ပွားစေလိမ့်မည်။ ဘာကြောင့်ကာကွယ်ပေးသင့်တာလဲ?? အထက်တွင် အလေးအနက်တင်ပြခဲ့သည့်အတိုင်း ဒုက္ခသည်ကိစ္စဆိုသည် မှာ နိုင်ငံတစ်နိုင်ငံတည်း၏ ပြဿနာမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ပြဿနာ ဖြစ်သည့် အတွက် ပိုမိုထိရောက်သော ဖြေရှင်းရန် နည်းလမ်းမျိုး လိုအပ်လှသည်။ ထို့ကြောင့် မလေးရှားအနေဖြင့် ဒုက္ခသည်ဆိုင်ရာပြဿနာများကို မျှဝေဖြေရှင်းခြင်းနှင့် နိုင်ငံတကာ စည်းလုံးညီညွတ်မှု ကို ရယူခြင်းဟူသော သဘောထားမျိုး ရှိရမည်။ မလေးရှားအနေဖြင့် ၁၉၅၁ - ဒုက္ခသည်များကိစ္စဆိုင်ရာ ကွန်ဗင်းရှင်းတွင် မပါဝင်ခဲ့သော်ငြားလည်း “ ထပ်မံမချိုးဖောက်ရေး ” ၏ အခြေခံ စည်းမျဉ်းအတွင်း အကျုံးဝင်နေသည်မှာ “ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး အကြမ်းဖက်ခံနေရသော တိုင်းပြည်တစ်ပြည်သို့ မည်သည့်တစ်ဦးတစ်ယောက်ကို မဆို ပြန်ပို့ခြင်းကို တားမြစ် သည်။ ” ဟူသောအချက်ဖြစ်သည်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗန်းရှင်းနှင့် အမျိုးသမီး အခွင့်အရေး ချိုးဖောက်မှုပုံသဏ္ဍာန်အားလုံး ကွန်ဗင်းရှင်း - ကုလသမဂ္ဂတို့တွင် သဘောတူလက်မှတ်များ ရေးထိုးထားသဖြင့် ဒုက္ခသည်အမျိုးသမီးများနှင့် ကလေးသူငယ်များကို စောင့်ရှောက်ရန် မလေးရှားအစိုးရ၌ လည်း တရားဝင်တာဝန်ရှိနေသည်။ ..........-ကြေငြာချက် အမှတ်(၂၂) အရ ကလေး သူငယ်ခိုလှုံခွင့် တောင်းခံသူများနှင့် ဒုက္ခသည်များကိုအထောက်အပံများ ၊ ကာကွယ် စောင့်ရှောက်မှုများ မလေးရှားအစိုးရက အထူးတက်ကြွစွာ လုပ်ဆောင်ပေးရမည် ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုများနှင့် နိုင်ငံရေးအကြပ်အတည်းများအတွင်း အရှေ့တောင် အာရှ ဒေသတစ်ခုလုံးတွင် တာဝန်ရှိသကဲ့သို့ အာစီယံ အဖွဲ့ဝင်နိုင်ငံလည်းဖြစ် ၊ အာစီယံ စာချုပ်ဖြစ်ပေါ်ရန် အတွက်ကြိုးပမ်းခဲ့သည့် နိုင်ငံတစ်နိုင်ငံ လည်းဖြစ်သည့် မလေးရှားနိုင်ငံ အနေနှင့် လူအခွင့်အရေး ၊ လူသားချင်းစာနာထောက်ထားရေးကိစ္စများနှင့် ပဂတိအခြေအနေ အပေါ် လျစ်လျူရှု မျက်စိမိတ်ထား၍ မဖြစ်နိုင်ပါ။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုများက မလေးရှား အစိုးရကို အာစီယံနိုင်ငံများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်ထောက်ပြလိုက်သည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေလျှက်ရှိသော လူ့အခွင့်အရေးနှင့် နိုင်ငံရေးအခက်အခဲများကို ဖြေရှင်းပေးရုံသာမက ကျွန်ုပ်တို့တိုင်းပြည် အတွင်းရှိ ဒုက္ခသည်များ ထောက်ပံကာကွယ်စောင့်ရှောက်ပေးရေး တို့လည်းဖြစ်သည်။ သင်ဘာလုပ်နိုင်သလဲ အာဏာပိုင်များထံသို့ စာတစောင်ရေးပါ။ ဒုက္ခသည် ကာကွယ်ရေးဆိုင်ရာ အစီအစဉ်တရပ် အမြန်ဆုံးအကောင်အထည်ဖော်ရန် တောင်းဆိုပါ။ နိုင်ငံတကာ စည်းလုံးညီညွတ်မှုစိတ်ဓါတ် ဖြင့် မလေးရှားနိုင်ငံတွင်းရှိ ဒုက္ခသည်များ အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ခိုင်မာသည့် အဖြေတစ်ခု ရရှိစေရန် မလေးရှားအစိုးရ၏ နိုင်ငံရေးသဘောထားအမြင်ကို ရှင်းလင်းဖော်ပြ ပေးရန် အလေးအနက်တောင်းဆိုပါ။ ကိုယ်ဝန်ဆောင်မိခင်များနှင့် အမျိုးသမီးများ ဖမ်းဆီးထိမ်းသိမ်းခံနေရသည့် အချက်ကိုလည်း အလေးအနက်ပြောဆိုပါ။ အစိုးရထံမှ ကျမ်းမာရေး ၊ ပညာရေး နှင့် ပတ်သတ်သည့် အကူ အညီများ အမြန်လိုအပ်လျှက်ရှိကြောင်း ဖော်ပြပါ။ မျှဝေဖြေရှင်းခြင်း နှင့် နိုင်ငံတကာ စည်းလုံးညီညွတ်မှု သဘောထားကို ၁၉၅၁ - ကုလသမဂ္ဂ ဒုက္ခသည်များကိစ္စဆိုင်ရာ ကွန်ဗင့်ရှင်း နိဒါန်းအပိုင်းတွင် တွေ့နိုင်သည်။ ယင်းသဘောထားက “ အကယ်၍ နိုင်ငံတစ်နိုင်ငံတည်းတွင် ခိုလှုံသူအများအပြား ၀င်ရောက်လာသဖြင့် မနိုင်မနင်း ဖြစ်နေပါက ၄င်း၏ ဒုက္ခသည်နှင့် ခိုလှုံသူအခက်အခဲများကို ကျေနပ်ပြေလည် အဆုံးသတ် သွားသည်အထိ အပြည်ပြည်ဆိုင်ရာ အတိုင်းအတာနှင့်ရော နိုင်ငံအတိုင်းအတာအလိုက်ပါ အသီးသီးသောတာဝန်များကို ခွဲဝေယူကြ၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အထွေထွေ ပါတီစုံ အစီအစဉ်များကို ရေးဆွဲ ဆောင်ရွက်ကြရမည်။ ” ဟု ဖော်ပြသည်။ ထို့ကြောင့်မလေးရှား အစိုးရသည် ကမ္ဘာ့ကူရာမဲ့ ကယ်ရာမဲ့ လူသားများအတွက် လိုအပ်ချက် များကို ဖြည့်စည်းပေးနိုင်ရန် နှင့် အခြားဘက်ပေါင်းစုံ အဖွဲ့အစည်းများကို ကူညီ ထောက်ပံရမည် ဆိုသည်မှာ ထင်ရှား၏။ဤသို့ဘက်ပေါင်းစုံမှ ချဉ်းကပ်ဖြေရှင်းခြင်းဟူသည် ဒုက္ခသည်ဆိုင်ရာ အထောက်အပံများကို နိုင်ငံတကာမှ မျှဝေပေးရမည်ဟူသော စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီပေသည်။

No comments: