Wednesday, June 18, 2008

လေဘေးသင့် ဒုက္ခသည် သုံးပုံ တစ်ပုံခန့် စိတ်ဝေဒနာ ခံစားနေရ


လေဘေးသင့်ဒုက္ခသည် သုံးပုံတပုံခန့် စိတ်ဝေဒနာခံစားနေရNEJ/ ၁၇ ဇွန် ၂၀၀၈

နာဂစ်လေမုန်တိုင်းဒဏ်ခံရသည့် ဒုက္ခသည်များ၏ စိတ်နေသဘောထားများ ပုံမှန်အနေအထား မရှိဘဲ သုံးပုံတပုံခန့်မှာ စိတ်ဝေဒနာခံစားနေကြရသဖြင့် ၎င်းတို့အတွက် အစီမံကောင်းများ လိုအပ်ကြောင်း အင်ဒိုနီးရှားဆေးကုသရေးအဖွဲ့မှ စိတ်ရောဂါအထူးကု ဆရာဝန်တဦးက ပြောသည်။
ဇွန် (၄) ရက်မှ စတင်၍ အင်ဒိုနီးရှားဆေးအဖွဲ့ဝင် (၂၉) ဦးကို ဦးဆောင်ကာ ကော့မှူးမြို့နယ်တွင် လေဘေးဒုက္ခသည်များကို ဆေးကုသပေးနေသည့် ပရော်ဖက်ဆာ ဒေါက်တာ Munar Lubis က ပြောကြားခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၌လည်း ၂၀၀၄ ခုနှစ်ကဖြစ်ပေါ်ခဲ့သည့် ဆူနာမိငလျင်ကြောင့် သေကျေ ပျက်စီး မှုများရှိခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် အင်ဒိုနီးရှားတွင် စိတ်ဝေဒနာရှင်များစွာကို တွေ့ခဲ့ရကြောင်း ဒေါက်တာ Lubis က ပြောသည်။
၎င်းက “ မြန်မာနိုင်ငံမှာလည်း အခုကုသရတဲ့အခါ အင်ဒိုနီးရှားမှာလို တွေ့ရတာပါပဲ။ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်တတ်တဲ့ ဝေဒနာပါ။ ဒါကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အစီအမံကောင်းတွေ လိုအပ်တယ်လို့ ထင်ပါတယ်၊ အားပေးရမှာပါ” ဟု ပြောသည်။
ဒေါက်တာ Lubis နှင့်အဖွဲ့သည် ကွမ်းခြံကုန်းတွင် သုံးပတ်ကြာ ဆက်လက် ဆေးကုသသွားမည်ဟု သိရသည်။
ဖျာပုံမြို့နယ်ရှိ အားကစားကွင်း၌ ဖွင့်လှစ်ထားသော အိန္ဒိယဆေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ Srikumar ကလည်း “ဒီမှာ မေ (၁၆) ရက်နေ့က ဆေးခန်းစဖွင့်ပါတယ်။ နေ့စဉ် လူဦးရေ (၇၀၀) ခန့် လာကုပါတယ်။ စိတ်ကျနေတဲ့ လက္ခဏာတွေ ရှိတယ်။ ဒါဟာ ဆုံးရှုံးမှုတွေဖြစ်သွားတဲ့ လတ်တလောအနေအထားကို လက်မခံနိုင်သေးတဲ့အချက်ပါ၊ ဖြစ်တတ်ပါတယ်။ သူတို့ရဲ့ စိတ် ကျန်းမာရေး ကောင်းမွန်ဖို့ကတော့ လက်ရှိစားဝတ်နေရေး အနေအထားကို အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါလည်း အချက်တချက်ပါ။ နောက်တခုက ပတ်ဝန်းကျင်က ပြုပြင်ပေးဖို့ လိုပါတယ်” ဟု ပြောသည်။
ဖျာပုံမြို့နယ်တွင် ဒေါက်တာ ဆရီကူမာက အဖွဲ့ဝင် (၂၃) ဦးနှင့်အတူ အကန့်အသတ်မဲ့ ကုသ ပေးနေခြင်းဖြစ်သည်။ ပြင်သစ်အခြေစိုက် FXB (francois - xavier bagnoud myanmar) အန်ဂျီအိုအဖွဲ့မှလည်း မြန်မာ နိုင်ငံမှ စိတ်ရောဂါဆိုင်ရာ ဆရာဝန်များ လိုက်ပါလျက် ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး (၄) မြို့နယ်တွင် ကျန်းမာရေးစစ်တမ်းများ လိုက်လံကောက်ခံနေသည်။ ထိုသို့စစ်တမ်းကောက်ချက်အရ လေဘေးဒုက္ခသည် အတော်များများတွင် စိတ်ရောဂါ (၃) မျိုးတွေ့ရှိရကြောင်း ယင်းအဖွဲ့၏ ဌာနေ ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
ပထမ တမျိုးမှာ မေးသည်ကိုဖြေသည်၊ သို့သော် ဦးတည်ချက်မဲ့ ဘာကိုပြောဆိုနေသည်ကို မသိ ခြင်း၊ ဒုတိယမှာ မေးခွန်းမေးသည်ကို တွေဝေနေပြီး အဖြေကို မသိခြင်း၊ တတိယမှာ သွက်သွက်ခါ စိတ်ဖောက်သွားခြင်းတို့ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
FXB အန်ဂျီအိုအဖွဲ့သည် မြန်မာနိုင်ငံတွင် HIV-AIDS ပညာပေးနှင့် ကျန်းမာရေးအထောက်အကူ လုပ်ငန်းများလုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့မှာ မုန်တိုင်းဒုက္ခသည်များ၏ ကျန်းမာရေး အခြေအနေကို ကွင်းဆင်းလေ့လာနေပြီး ကုသရေးများ ဆက်လက်လုပ်သွားမည်ဟု သိရသည်။ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒုက္ခရောက်သူ (၂.၄) သန်းအနက် အတော်များများမှာ စားစရာ၊ အမိုးအကာနှင့် သောက်ရေသန့်တို့ အမြောက်အမြား လိုအပ်နေဆဲဖြစ်ပြီး ဒုက္ခသည်အများစုသည် ဆက်လက် အသက်ရှင်ချင်စိတ်များ ကုန်ခန်းနေကြကြောင်း နယ်ခြားမဲ့ဆရာဝန်များအဖွဲ့(MSF) ကလည်း ပြောကြားခဲ့သည်။ မေ (၂-၃) ရက်နေ့တို့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် လေဘေးသင့် ဒုက္ခ သည်များအား ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့မှ အစိုးရ ဆေးဖက်ဆိုင်ရာအဖွဲ့များက လာရောက်ကုသပေးလျက်ရှိရာမှ ယခုလ (၃) ရက်တွင် ထိုင်း ဆေးအဖွဲ့၏ အကူအညီမလိုအပ်တော့ကြောင်း မြန်မာစစ်အစိုးရက ပြောခဲ့သည်ဟု သိရသည်။
.........................................................................................
ရေဘေးစိုးရိမ်ပြီး ပြောင်းရွှေ့မှုများဖြစ်NEJ/ ၁၇ ဇွန် ၂၀၀၈
မော်လမြိုင်မြို့ အရှေ့ပိုင်း ရထားဘူတာအနီး မြေနိမ့်ပိုင်း တနေရာ

မုန်တိုင်းဝင်ရောက်ပြီး ရေကြီးမည်ဆိုသည့် သတင်းများကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်မြို့နယ်နှင့် ကျေးရွာအချို့တို့မှ ပြည်သူများသည် နီးစပ်ရာသို့ ရွှေ့ပြောင်း နေထိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။
မော်လမြိုင်မြို့ခံတဦးက “မုန်တိုင်းဝင်မယ်၊ ရေကြီးမယ်ဆိုတဲ့သတင်းဖြစ်နေတာကြာပြီ၊ ဇွန်လ (၈) ရက်နေ့ကတည်းက ဖြစ်နေတာ။ မိုးကလည်း ဆက်တိုက်ရွာနေတော့ ချောင်းဆုံ၊ ဘီလူးကျွန်းဘက် ပင်လယ်ကမ်းစပ်ကျေးရွာက လူတွေ အတွင်းပိုင်းရွာတွေကို ရွှေ့လာတာရှိတယ်။ တချို့ မော်လမြိုင် ဘက် ကူးလာကြတယ်။ ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာ မိတ်ဆွေအိမ်တွေမှာ တည်းခိုနေကြတယ်” ဟု ပြောသည်။
မော်လမြိုင်မြို့ ၀င်းစိန်တောရဆရာတော်က လာမည့် ဇွန် (၁၆) ရက်၌ မုန်တိုင်းတိုက်ပြီး ရေကြီး မည်ဟု မိန့်ကြားရာမှ ယခုကဲ့သို့ သတင်းများထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယင်းမတိုင်ခင် ကလည်း ပြည်သူများသည် ဧရာဝတီတိုင်း ရေဘေးသတင်းကို ကြားသိပြီး ကြောက်ရွံ့နေကြ ကြောင်း အဆိုပါမြို့ခံက ပြောသည်။
လေတိုက်ပြီး မိုးသည်းထန်လာပါက အနိမ့်ပိုင်း ဒိုင်းဝန်ကွင်း ရပ်ကွက်ဘက်မှ ပြည်သူများ ကျိုက် သံလံ စေတီရှိရာ တောင်ရိုးတန်းပေါ်မှ ဘုန်းတော်ကြီးကျောင်းများတွင် ညသွားအိပ်ကြကြောင်း၊ ရေဘေးသတင်းကြောင့် ယခုတပတ်အတွင်း မော်လမြိုင်တမြို့လုံး စည်ကားခြင်းမရှိဘဲ လိုင်းကား စီးသူ နည်းသွားသကဲ့သို့ အနီးအနား ကျေးရွာမှ လူများ အလာကျဲသွားသောကြောင့် ဈေးများ ခြောက်ကပ်နေကြောင်း မြို့ခံများကပြောသည်။
မော်လမြိုင် တဖက်ကမ်း ကျုံဝမ်းကျေးရွာဘက်မှ လူများကမူ ရေဘေးဖြစ်လာပါက အလွယ်တကူ ပြေးလွှားနိုင်ရန် တန်ဖိုးရှိပစ္စည်းများကို အိမ်တိုင်းတွင် ထုပ်ပိုးထားကြကြောင်း၊ ပြီးခဲ့သည့် စနေ နေ့၌မူ ပေါင်မြို့နယ် သဲကုန်းရွာတွင် ရေတက်လာပြီဟု သတင်းဖြစ်ကာ ရွာသူရွာသားများသည် မြို့ပေါ်သို့ အုပ်စုလိုက် တက်လာကြကြောင်း၊ ယခင် ရေဘေးခံရဖူးသည့် ပေါင်မြို့နယ် အလှပ် ကျေးရွာ၌လည်း ပြည်သူအများအပြား ကွဲခြံဘုန်းတော်ကြီးကျောင်းသို့ လာရောက်ခိုလှုံကြကြောင်း၊ အမှန်တကယ် ရေမကြီးမှ ပြန်သွားကြကြောင်း သိရသည်။
ရေဘေးဖြစ်မည်ဆိုသည့် ယခုလ (၁၆) ရက်တွင် စာသင်ကျောင်းများ ဖွင့်သော်လည်း မိဘများက ကလေးများကို ကျောင်းသို့မလွှတ်သည့်အတွက် ကျောင်းများတွင် ကျောင်းသူ ကျောင်းသား နည်း ပါးပြီး ဈေးထဲတွင်လည်း အရောင်းအ၀ယ် မရှိသလောက် နည်းကြောင်း၊ သို့သော် ယင်းနေ့တွင် မိုးသည်းထန်စွာ မရွာကြောင်း ကျုံဝမ်းကျေးရွာသားများက ပြောသည်။
ဘင်္ဂလားပင်လယ်အော်တွင် အနောက်တောင်မုတ်သုန်လေ အလွန်အားကောင်းလျက်ရှိပြီး မြန်မာ့ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းကျ ရောက်ပြီး လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တနာရီ (၄၅) မိုင်မှ မိုင်(၅၀) ထိတိုက်ခတ်နိုင် ကြောင်း၊ မုတ်သုန်လေအားကောင်းမှုကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်တွင် ဇွန် (၁၄) ရက် ညနေမှ နောက် (၇၂) နာရီအတွင်း နေရာအနှံ့အပြား မိုးရွာပြီး မိုးကြီးနိုင်ကြောင်း ဇွန် (၁၄) ရက် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.......................................................................................................................


“ငရဲဘုံနှစ်ခုကြား ပိတ်မိနေခြင်း” အစီရင်ခံစာမြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်

ချမ်းလွန်/ ၁၉ ဒီဇင်ဘာ ၂၀၀၇

စီးပွားရေးကြပ်တည်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများတွင် တရားမ၀င်လုပ်ကိုင်နေကြသည့် မြန်မာအမျိုးသမီးများ၏ ဘ၀အခြေအနေကို မီးမောင်းထိုးပြသည့် “ငရဲဘုံနှစ်ခုကြားတွင် ပိတ်မိနေခြင်း” အမည်ရှိ အစီရင်ခံစာတစောင်ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (ဘီဒဘလျူယူ) က ယနေ့ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်၊ မဲဆောက်၊ ရနောင်းဒေသနှင့် တရုတ်နိုင်ငံ ရွှေလီတို့မှ မြန်မာအလုပ်သမား အမျိုးသမီး (၁၄၉) ဦးကို ယမန်နှစ် နိုဝင်ဘာနှင့် ယခုနှစ် မတ်လကြားတွင် တွေ့ဆုံမေးမြန်းခဲ့မှု များအပေါ် အခြေခံ၍ ဘီဒဘလျူယူက အစီရင်ခံစာထုတ်ပြန်ခြင်းဖြစ်သည်။ ဘီဒဘလျူယူ ဥက္ကဋ္ဌ မိဆူးပွင့်က “ဗမာပြည်ထဲမှာ ဒုက္ခရောက်ပြီး ဆင်းရဲကြပ်တည်းတဲ့အတွက် ဒီဘက်ကို ထွက်လာတယ်။ ဒီဘက်ကိုရောက်တော့လည်း သူတို့မှာ အခက်အခဲတွေ အများကြီး ရှိတယ်။ သူတို့ရဲ့ အသက်တွေ ဘ၀တွေပါ ပေးဆပ်ရတယ်။ ဆုံးရှုံးရတယ်။ ဒါကြောင့်မို့ သူတို့မှာ ပြေးစရာမြေလည်းမရှိဘူး။ ငရဲဘုံနှစ်ခုကြားမှာ ပိတ်မိနေတဲ့ဟာမျိုးကို တင်စားထားတာပါ” ဟု ရှင်းပြသည်။ အိမ်နီးချင်းနိုင်ငံများတွင် လုပ်ကိုင်ကြသည့် မြန်မာအမျိုးသမီးများတွင် တရားဝင်လက်မှတ်မရှိ ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းကြောင်း၊ အလုပ်သမားအခွင့်အရေး နည်းပါးပြီး ကျန်းမာရေးနှင့်မညီညွတ်သည့် အန္တရာယ်များသော လုပ်ငန်းခွင်တွင်လုပ်ကိုင်ကြရကြောင်း ဖော်ပြထားသည်။
အဆိုပါ အမျိုးသမီးများလုပ်ကိုင်နေသည့် အိမ်ရှင်နိုင်ငံများကလည်း ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာမူဝါဒနှင့် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် အလုပ်သမားဆိုင်ရာဥပဒေများနှင့်အညီ ကာကွယ်ပေးခြင်းမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
မြန်မာရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများသည် လူ့အခွင့်အရေးများချိုးဖောက်ခံနေရပြီး လိင်ပိုင်းဆိုင်ရာအရထိပါးနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှုများကို ခံစားနေရသည်ဟု မိဆူးပွင့်က ပြောသည်။
၎င်းက “အမျိုးသမီးတွေရဲ့ဘ၀ဟာ ဒီဘက်နိုင်ငံတွေမှာ အမျိုးသားတွေထက်အများကြီးကြမ်းတမ်းတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအများကြီးရှိတယ်။ ဒီအမျိုးသမီးတွေထဲက (၈၀) ရာခိုင်နှုန်းလောက်ဟာ လိင်ပိုင်း ဆိုင်ရာအရ ထိပါးနှောင့်ယှက်မှုတွေကို ခံနေရတဲ့အတွက် စိတ်အနှောင့်အယှက်တွေဖြစ်နေတယ်”ဟု ပြောသည်။
ယင်းသို့ မြန်မာအမျိုးသမီးများအနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခရောက်နေရခြင်းသည် နအဖစစ်အစိုးရက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ရန် ငြင်းဆန်နေခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကပြောသည်။
မြန်မာအမျိုးသမီးများ နိုင်ငံတွင်း၌ အေးအေးချမ်းချမ်းလုပ်ကိုင် စားသောက်နိုင်ရန်အတွက် နအဖစစ်အစိုးရအနေဖြင့် တိုင်းပြည်အတွင်းစီးပွားရေးကြပ်တည်းမှုပြဿနာကို ဖြေရှင်းပေး ရန်လိုကြောင်း၊ အိမ်နီးချင်းနိုင်ငံအစိုးရများကလည်း ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာဥပဒေ များအတိုင်း အလုပ်သမားများကိုအကာအကွယ်ပေးရန်လိုကြောင်း ဘီဒဘလျူယူက တိုက် တွန်းသည်။
ထို့ပြင် နိုင်ငံတကာအသိုင်းအ၀န်းအနေဖြင့်လည်း မြန်မာစစ်အစိုးရအား နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်စေရန် ဖိအားပေးစေလိုကြောင်း တောင်းဆိုထားသည်။

No comments: