Wednesday, June 18, 2008

အိန္ဒိယသို့ လက်နက်နည်းပညာအစိတ်အပိုင်းများရောင်းသူကို ထောင်ဒဏ်ချ


အိန္ဒိယသို့ လက်နက်နည်းပညာအစိတ်အပိုင်းများရောင်းသူကို ထောင်ဒဏ်ချ
AFP /၁၇ ဇွန် ၂၀၀၈

စွမ်းရည်မြင့်ဒုံးကျည်၊ အာကာသယာဉ်နှင့် တိုက်ဂျက်လေယာဉ်များတွင် အသုံးပြုသည့် လျှပ်စစ် ပစ္စည်းအစိတ်အပိုင်းများကို အိန္ဒိယအစိုးရထံ တရားမ၀င်ရောင်းချမှုဖြင့် အမေရိကန်နိုင်ငံသား တဦးအား ၀ါရှင်တန်တရားရုံးတခုက ယမန်နေ့၌ ထောင်ဒဏ် (၃၅) လ ချမှတ်လိုက်သည်။
၂၀၀၂ ခုမှ ၂၀၀၆ ခုအတွင်း ယင်းသို့ တရားမ၀င်ရောင်းချခဲ့ကြောင်း အမေရိကန်၊ စင်ကာပူနှင့် အိန္ဒိယတို့တွင် ကုမ္ပဏီခွဲများ ဖွင့်လှစ်ထားသော Cirrus Electronics လျှပ်စစ်ကုမ္ပဏီမှ အကြီးတန်းအရာရှိ အသက် (၄၇) နှစ်အရွယ် ပါသာစရာသီ ဆူဒါစ်ရှန်းက ၀န်ခံခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ထုတ်ပြန်သည်။
လွန်ခဲ့သည့် (၁၀) နှစ်ခန့်တွင် အိန္ဒိယက နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် အမေရိကန်အစိုးရက ပြည်တွင်းအခြေစိုက်ကုမ္ပဏီများအား အိန္ဒိယသို့ တင်ပို့ခြင်းမပြုရန် တားမြစ်ထားသော ကုန်ပစ္စည်းများထဲတွင် ယင်းလျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများ ပါဝင်သည်။
တောင်ကာရိုလိုင်းနားပြည်နယ်သား ဆူဒါစ်ရှန်းသည် အိန္ဒိယအစိုးရအာကာသဆိုင်ရာဌာနနှင့် ဆက်စပ်နေသော Vikram Sarabhai Space Centre (VSSC) နှင့် အိန္ဒိယကာကွယ်ရေး ၀န်ကြီး ဌာနနှင့် ဆက်စပ်နေသော Bharat Dynamics, Ltd (BDL) တို့အတွက် ဒုံးကျည်လမ်းညွှန်မှုနှင့် ပျံသန်းမှုဆိုင်ရာ အချက်အလက်များပါဝင်သည့် အဆိုပါ လျှပ်စစ်ပစ္စည်းများကို ရယူခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြသည်။
VSSC သည် အိန္ဒိယအစိုးရက ပြုလုပ်နေသော အာကာသယာဉ်များ လွှတ်တင်ရေး အစီအစဉ်တွင် ပါဝင်ပတ်သက်နေပြီး၊ BDL သည် အိန္ဒိယအစိုးရ၏ စွမ်းရည်မြင့် ဒုံးကျည်များစမ်းသပ်ထုတ်လုပ်ရေး လုပ်ငန်း၌ ပါဝင်နေသည်ဟု အမေရိကန်အစိုးရက သတ်မှတ်ထားကြောင်း တရားရေးဌာနက ထုတ်ပြန်သည်။
“VSSC နှင့် BDL ကုမ္ပဏီ (၂) ခုသည် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တားမြစ် စာရင်း၌ ပါဝင်သည်။ အဆိုပါကုမ္ပဏီများသို့ အမေရိကန်ထုတ်ပစ္စည်းများ တင်ပို့မှုကို တင်းကျပ်စွာ ထိန်းချုပ်ထားသဖြင့် ယင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုအပ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
တရားခံ ဆူဒါစ်ရှန်းသည် အမေရိကန်အစိုးရက ခြေရာခံမိခြင်းမရှိစေရန် ၎င်းအလုပ်လုပ်နေသည့် လျှပ်စစ်ကုမ္ပဏီပိုင် စင်ကာပူရုံးခွဲမှတဆင့် အဆိုပါလျှပ်စစ်ပစ္စည်းများကို အိန္ဒိယသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အိန္ဒိယတွင် စမ်းသပ်တီထွင်နေသော Tejas အမျိုးအစား တိုက်လေယာဉ်အတွက် လိုအပ်သော အသေးစားကွန်ပျူတာသုံး လျှပ်စစ်ပစ္စည်းများကို အိန္ဒိယကာကွယ်ရေးဌာနနှင့် ဆက်စပ်နေသော လေကြောင်းဆိုင်ရာကုမ္ပဏီတခုသို့ တင်ပို့ရောင်းချခဲ့ကြောင်းလည်း ဆူဒါစ် ရှန်းက ၀န်ခံခဲ့သည်။ ။

No comments: