Sunday, December 21, 2008

ရန်ကုန် လင်းစဒေါင်း ဓာတ်ငွေ့စက်ရုံ မီးလောင်၊ (၂) ဦးဒဏ်ရာရ

to download
alpha zawgyi - One font
အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းရှိ အောက်စီဂျင်ဓာတ်ငွေ့စက်ရုံ မီးလောင်မှုကြောင့် လူ (၂) ဦးဒဏ်ရာရပြီး ဆေးရုံတင်ထားရသည်။
ယနေ့ နေ့လယ် (၁) နာရီခွဲခန့်၌ မီးလောင်မှုဖြစ်ပွားပြီး မီးသတ်ကား အစီးရေ (၁၅) စီးခန့်လာသည်ဟု မျက်မြင် သက်သေများက ပြောသည်။
အဆိုပါစက်ရုံမှ စက်ရုံမှူးမှာ ဦးနေထွန်းဖြစ်ကြောင်း လင်းစဒေါင်းမှ ယင်းစက်ရုံအနီးနေသူတဦးက ပြောသည်။
“စက်ရုံမှူးတို့ဆီကို ဒီနေ့ပဲ မီးသတ်က လူကြီးတွေ လာပြီးတော့ စစ်တာပဲ။ မီးဘေးအန္တရာယ် ကင်းဝေးရေးအတွက် လာပြီး သတိပေးတာတွေ့တယ်” ဟု အဆိုပါစက်ရုံအနီးနေသူက ပြောသည်။
မီးလောင်ရခြင်းမှာ သံပြားများဖြတ်တောက်ရာတွင် အသုံးပြုရသော ဓာတ်ငွေ့တမျိုးကို အသုံးပြုနေရာမှ ယင်း ဓာတ်ငွေ့ပိုက်ပွင့်ကာ မီးကူးစက်လောင်ခြင်းဖြစ်ပြီး လူ (၂) ဦး ဒဏ်ရာရကြောင်း သိရသည်။
မျက်မြင်သက်သေတဦးကမူ “အခုပဲ ဆေးရုံကြီးကို ပို့တာပါ။ စိုးရိမ်ရလားတော့ မသိသေးဘူး။ ကျနော့်အထင်ကိုပြောရရင်တော့ နည်းနည်းတော့များမယ်ဗျ” ဟု မျက်မြင်သက်သေက ဆိုသည်။
မီးလောင်မှုမှာ မိနစ်ပိုင်းတွင် ငြိမ်းသွားပြီး အဆောက်အအုံများကို ကူးစက်လောင်ကျွမ်းမှု မရှိကြောင်း၊ သို့သော် အနီးရှိ လုပ်ငန်းသုံးပစ္စည်း အတိုအထွာများကို လောင်ကျွမ်းသွားသည့်အတွက် ဆုံးရှုံးမှုတန်ဖိုးမှာ သိန်းနှင့်ချီ ရှိနိုင်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်သော ဓာတ်ငွေ့စက်ရုံမှာ ဆေးရုံသုံး အောက်စီဂျင်များ ထုတ်ပေးနေသော စက်ရုံဖြစ်သည်။
......................................................................................................
စစ်ဗိုလ်များကို ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌရာထူးပေးရန် စီစဉ်NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈

စစ်တပ်၌ ရာထူးတက်ရန်လမ်းမရှိတော့သည့် စစ်အရာရှိများကို အရပ်ဘက်တွင် ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌအဆင့် ရာထူးများပေးတော့မည်ဖြစ်ပြီး အရာထမ်းမဟုတ်သည့် စစ်ဘက်ဝန်ထမ်းများကိုမူ နေပြည်တော်လွှတ်တော်ရုံးတွင် တာဝန်ထမ်းဆောင်းခိုင်းမည်ဖြစ်သည်ဟု စစ်အရာရှိတဦးက ပြောသည်။
စစ်တပ်မှ မကြာခင် အရပ်ဘက်ပြောင်းပေးမည့် ဗိုလ်မှူးအဆင့် (၃,၀၀၀) ကျော်ရှိပြီး ၎င်းတို့အား ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌ ရာထူးယူမလား၊ ပင်စင်သွားမလား ရွေးချယ်ခိုင်းထားသည်ဟု စုံစမ်းသိရသည်။ မကြာခင်က စစ်အရာရှိ အတော်များများကို အရပ်ဘက် ၀န်ကြီးဌာနများသို့ ခွဲတမ်းချပေးပြီးနောက်ပိုင်း လက်ရှိ ကြံ့ဖွံ့များနေရာကို စစ်ဗိုလ်များနှင့် အစားထိုးရန် စစ်အစိုးရဘက်က ပြင်ဆင်နေခြင်းဖြစ်သည်။
လက်ရှိ ကြံ့ဖွံ့ ဥက္ကဋ္ဌ ရာထူးယူထားသူများမှာ အဖွဲ့အစည်း ရန်ပုံငွေများ များပြားစွာရှိထားသည့်အတွက် နောက်လာမည့် စစ်ဗိုလ်များနှင့် ပဋိပက္ခဖြစ်စရာ အကြောင်းရှိသည်ဟု နေပြည်တော် အရာရှိအချို့က သုံးသပ်သည်။
နေပြည်တော် လွှတ်တော်ရုံးဝန်ထမ်းများအဖြစ် ပြောင်းရမည့် တပ်ကြပ်ကြီးကဲ့သို့သော အဆင့်များမှ အသက် (၄၅) နှစ်ကျော်သူများကို ပြောင်းခိုင်းမည်ဖြစ်သည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။ အဆိုပါအဆင့်များကို နေပြည်တော် လွှတ်တော်ရုံးဝန်ထမ်းများအဖြစ် မသွားလိုပါက ပင်စင်ပေးမည်ဟုလည်း ဆက်ပြောသည်။
.................................................................................................
နေပြည်တော်ဝန်ထမ်းများ မြေကွက်ဖိုးမတတ်နိုင်၍ အိမ်မဆောက်နိုင်
NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈

နေပြည်တော်ဝန်ထမ်းများအတွက် အိမ်ဆောင်ရန် မြေကွက်များပေးသော်လည်း ငွေမတတ်နိုင်သည့်အတွက် မည်သူမျှ အိမ်မဆောက်နိုင်ဖြစ်နေသည်ဟု ၀န်ထမ်းတဦးက ပြောသည်။
ဥတ္တရသီရိ မြို့ကွက်သစ်တွင် နေပြည်တော်ဝန်ထမ်းများအတွက် မြေချပေးထားပြီး ပေ (၆၀) ပေ (၄၀) တကွက်ကို (၃) သိန်း၊ ပေ (၆၀) ပေ (၈၀) တကွက်ကို (၅) သိန်း တောင်းသည့်အတွက် ၀န်ထမ်းများ အိမ်မဆောက်နိုင် ဖြစ်နေသည်ဟု ပြောသည်။
သို့သော် နေပြည်တော်တွင် ငွေတတ်နိုင်သည့် ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် အရာရှိများမှာမူ အိမ်များ အသီးသီး ဆောက်နေကြသည့်အပြင် အဆိုပါပုဂ္ဂိုလ်များအတွက် အိမ်အလကား ဆောက်ပေးမည့် ပုဂ္ဂလိက ကုမ္ပဏီများလည်း ရှိသည်ဟု စုံစမ်းသိရသည်။
နေပြည်တော်တွင် ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် အရာရှိများအတွက် အိမ်ဆောက်ရန် မြေနေရာများ အခမဲ့ပေးသော်လည်း သာမန်ဝန်ထမ်းများအတွက် ဝေးလံသည့် မြို့သစ်များ၌သာ နေရာချပေးထားသဖြင့် ၀န်ထမ်းများ မကျေမနပ်ဖြစ်နေသည်။
ဝန်ကြီး၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် အရာရှိများအတွက် အိမ်ပုံစံ (၄၂) မျိုးပေးထားပြီး နှစ်သက်ရာပုံစံကို တထပ်ဒီဇိုင်းဖြင့် တနှစ်အတွင်း အပြီးဆောက်ရန် မြေနေရာများ အခမဲ့ပေးထားသည်။
သာမန်ဝန်ထမ်းများကိုမူ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ စသည့် ဝေးလံသည့် မြို့သစ်တို့တွင် အိမ်ဆောက်လိုပါက မိမိစရိတ်ဖြင့် ဆောက်ရမည်ဆိုသည့်အတွက် ၀န်ထမ်းများ မကျေမနပ် ဖြစ်နေသည်ဟု ၀န်ထမ်းတဦးက ပြောသည်။
(၂၄) ခန်းပါ နေပြည်တော် ၀န်ထမ်းအိမ်ရာ တကွက် အလုံး (၁၁၀) ဖြင့် မူလက (၁၀) ကွက် ဆောက်ပေးရန် လျာထားခဲ့သော်လည်း ယခုအခါ ဓနသီရိ၊ ဥာဏသီရိ၊ ဗလသီရိ၊ သုခသီရိ၊ ၀ဏ္ဏသီရိ စသည့် ၀န်ထမ်းအိမ်ရာ (၅) ကွက်နှင့် အပြီးသတ်ထားသည့်အတွက် ၀န်ထမ်းများ နေထိုင်ရေး ကသီလင်တ ဖြစ်နေသည်ဟုလည်း ပြောသည်။
...............................................................................................
ကူဝိတ်မြန်မာသံရုံးအတွက် သံရုံးစရိတ်ထောက်ပံ့ကြေး ကူဝိတ်အစိုးရ ကမ်းလှမ်း
NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈

ကူဝိတ်နိုင်ငံတွင် ဖွင့်လှစ်မည့် မြန်မာသံရုံးအတွက် ပထမ (၃) လတာ ကုန်ကျစရိတ်ကို ကူဝိတ်အစိုးရက သံရုံးစရိတ် ထောက်ပံ့ပေးရန် ကမ်းလှမ်းထားသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။
မြန်မာစစ်အစိုးရအနေဖြင့် ကူဝိတ်၏ ကမ်းလှမ်းချက်ကို လက်ခံ မခံ ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြန်မာစစ်အစိုးရသည် ကူဝိတ်တွင် မြန်မာသံရုံးဖွင့်လှစ်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးမြင့်မောင်ကို မကြာခင်က ကူဝိတ်သို့ စေလွှတ်ခဲ့သည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံခြားငွေပြတ်လပ်နေသည့်အတွက် ကူဝိတ်အစိုးရက ပထမ (၃) လအတွက် သံရုံးစရိတ် ထောက်ပံ့ပေးရန် ယခုကဲ့သို့ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရအနေဖြင့် ကူဝိတ်အစိုးရကမ်းလှမ်းသည့် သံရုံးစရိတ်ထောက်ပံ့ကြေး လက်ခံမည်ဆိုပါက မျက်နှာပူစရာဖြစ်ကြောင်း သံတမန်တဦးက ခေတ်ပြိုင်သို့ပြောသည်။

No comments: