Sunday, May 18, 2008

နိုင်ငံတကာအကူပစ္စည်း ဒုက္ခသည်များအလုံအလောက်မရ








ဧရာဝတီ မြန်မာပိုင်းသတင်းဋ္ဌာနမှ ကောက်နှုတ်တင်ပြပါသည်။
နိုင်ငံတကာအကူပစ္စည်း ဒုက္ခသည်များအလုံအလောက်မရ
ကိုသက် မေ ၁၅၊ ၂၀၀၈

နာဂစ် မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းရှိ လေဘေးဒုက္ခသည်များထံ နိုင်ငံတကာက လှူဒါန်းသည့် အကူပစ္စည်းများ ယခုအချိန်အထိ ဒုက္ခသည်များလက်သို့ လုံလောက်စွာ မရောက်သေးကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်ရှိ လေဘေးဒုက္ခသည်များ (ဓာတ်ပုံ - မိုးအောင်တင်/ဧရာဝတီ)

WFP (ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်) နှင့် ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ လေဘေးဒုက္ခသည်အများအတွက် အကူပစ္စည်းတန်ချိန် ၇၀၀ ကျော်ရှိ ဆန်၊ ပဲ၊ ရေသန့်ဆေးပြားနှင့် အာဟာရစွမ်းအားမြင့်ဘီစကစ်များ မြန်မာနိုင်ငံ ရောက်ရှိ ခဲ့ပြီးဖြစ်သည်။
အကူပစ္စည်း တန်ချိန် ၇၀၀ ကျော် ရောက်ရှိခဲ့သော်လည်း မြစ်ဝကျွန်းပေါ်ရှိ လေဘေးဒုက္ခသည်တချို့သာ အာဟာရစွမ်းအား မြင့်ဘီစကစ်နှင့် ဆန်တို့ကို ရကြကြောင်း သိရသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအကူများကို လုံလောက်စွာမရကြသဖြင့် ပြည်တွင်းအလှူရှင်များ၏ အကူအညီများကို လေဘေး ဒုက္ခသည်များ အားထားနေကြရသည်။
အကူပစ္စည်းများ သွားရောက်လှူဒါန်းသည့် အားကစားအယ်ဒီတာ ဦးဇော်သက်ထွေးက “မနေ့ကမှ အကူအညီတွေကို ပီပီပြင်ပြင်စရတယ်လို့ ဒုက္ခသည်တွေက ပြောတယ်။ အဲဒီမှာ ရွက်ဖျင်တဲအပြာတွေ ထိုးထားတာတွေ့တယ်။ ကယ်ဆယ်ရေး စခန်းမှာချက်ထားတဲ့ဟင်းတွေကြည့်တဲ့အခါမှာတော့ ပဲဟင်းနဲ့ အာလူးပဲ တွေ့တယ်။ နိုင်ငံခြားဖြစ် Ready Made တွေမတွေ့ ဘူး။ ကျနော်တို့ ယူသွားပေးတဲ့ရေသန့်ဆေးပြားကိုတောင် သူတို့က နေမကောင်းရင်သောက်တဲ့ဆေးထင်နေလို့ အသုံးပြု နည်းကို ရှင်းပြခဲ့ရသေးတယ်” ဟု ဧရာဝတီကို ပြောသည်။
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်များတွင် ဦးဇော်သက်ထွေးအပါအ၀င် the Voice ဂျာနယ်၊ Action Time ဂျာနယ်၊ ပေါ်ပြူလာဂျာနယ်၊ လျှပ်တပျက်ဂျာနယ်၊ ဟာသသရုပ်ဆောင် ငှက်ပျောကြော် စသဖြင့် စုစုပေါင်း အယောက် ၃၀ ကျော်တို့က ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဘီစကစ်၊ ခေါက်ဆွဲခြောက်၊ အ၀တ်အထည်၊ မိုးကာဖျင်၊ စောင်နှင့် ဒန်အိုးများကို ဒိုင်နာကား ၃ စီးဖြင့် သွားရောက်လှူဒါန်းကြခြင်း ဖြစ်သည်။
“ကျနော်တို့အဖွဲ့အပြင် အဖွဲ့ ၁၀ ဖွဲ့လောက်က ဒုက္ခသည်တွေကို လှူဒါန်းဝေငှနေတာကို တွေ့ခဲ့ရတယ်။ အားလုံးက ပုဂ္ဂလိက အလှူရှင်တွေ။ ဒုက္ခသည်တွေ ယာယီစားဖို့သောက်ဖို့လောက်တော့ ရသွားမယ်ထင်တယ်” ဟု ဦးဇော်သက်ထွေးက ပြောသည်။
ရွှေသံလွင်ကုမ္ပဏီနှင့် ဘုရင့်နောင်ကားဝန်းကြီးမိသားစုတို့က အကူပစ္စည်းများ လာရောက်လှူဒါန်းသည်ကို တွေ့ခဲ့ကြောင်း လည်း ၎င်းကဆက်ပြောသည်။
ငှက်ပျောကြော်က “ကွမ်းခြံကုန်းရောက်တဲ့အထိ ဒေသခံတွေက သက်ဆိုင်ရာကပစ္စည်းတွေမရောက်သေးဘူးလို့ ပြောတယ်။ ကွမ်းခြံကုန်းမြို့ပေါ်နဲ့ ကော့မှူး-ကွမ်းခြံကုန်းကြားမှာတော့ ရွက်ဖျင်တဲအပြာတွေထိုးထားတာ အလုံး ၅၀ လောက် ရှိမယ်။ လူမှုရေးကိစ္စဆိုတော့လည်း သွားကြတာပေါ့၊ ဒုက္ခသည်တွေဆီကို လာခဲ့ပါဦးမယ်လို့ ပြောခဲ့တယ်” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ်တွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့အပါအ၀င် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေကြကြောင်း လပ္ပတ္တာမြို့နယ်မှ အန်အယ်လ်ဒီပါတီဝင် ဒေါက်တာ အေးကြူက ပြောသည်။
အဆိုပါအဖွဲ့အစည်းများသည် ဒုက္ခသည်များအား ယာယီရွက်ဖျင်တဲများဝေငှခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်ကြသည်ဟုလည်း ဒေါက်တာ အေးကြူက ပြောသည်။
အမေရိကန်၏ ကယ်ဆယ်ရေးပစ္စည်းလေယာဉ် ၆ စီး အပါအ၀င် ကုလသမဂ္ဂနှင့် အခြားနိုင်ငံများ၏ အကူပစ္စည်းများ ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်းတွင်စုပုံနေပြီး တချို့က တရားမ၀င်ရောင်းထုတ်နေသည့် သတင်းများလည်း ပျံ့နှံ့လျက် ရှိသည်။
လေဘေးဒုက္ခသည်များအားလှူဒါန်းရန် အန်အယ်လ်ဒီပါတီက ရန်ကုန်မြို့ရှိ မင်္ဂလာဈေးတွင် အကူပစ္စည်းများ သွားရောက် ၀ယ်ယူရာ WFP အမှတ်တံဆိပ်ပါ မွေအရေခွံအိတ်များဖြင့် အကူပစ္စည်းများကိုထည့်ပေးလိုက်ကြောင်း သိရသည်။


ကော့မှူးတွင် ဒုက္ခသည်များ အလှူပစ္စည်းတန်းစီနေပုံ (ဓာတ်ပုံ - ဧရာဝတီ)

“ဒုက္ခသည်တွေကိုလှူဖို့ မင်္ဂလာဈေးမှာ တဘက်တွေသွားဝယ်တယ်၊ တော်တော်များတာပေါ့ဗျာ … ထောင်ကျော်ဝယ်တယ်၊ ဆိုင်ကလည်း သူ့ဈေးနဲ့သူရောင်းလိုက်တယ်။ ကျနော်တို့ကို မွေအရေခွံအိတ်တွေနဲ့ ထည့်ပေးလိုက်တယ်၊ ကျနော်တို့လည်း ယူလာတယ်။ ရုံးရောက်မှကြည့်လိုက်တော့ အဲဒီမွေအရေခွံအိတ်တွေမှာ ရေးထားတာက WFP … အဲဒီအောက်မှာ ဂျပန်နိုင်ငံ အလံ၊ အဲဒီအောက်မှာ မြန်မာလိုနဲ့ အင်္ဂလိပ်လို ဂျပန်နိုင်ငံ ပြည်သူများလှူဒါန်းသည်တဲ့ … အထဲကပစ္စည်းတော့မသိဘူး၊ WFP အိတ်က မင်္ဂလာဈေးကိုရောက်နေတယ်” ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “ကျနော်တို့ကတော့ ဒါမျိုးတွေတန့်သွားဖို့ အများသိအောင်အဓိကထား လုပ်တယ်။ ဥပဒေပိုင်းအရဆောင်ရွက်ဖို့ဆိုတာက သက်ဆိုင်ရာအာဏာပိုင်တွေမှာပဲ တာဝန်ရှိတယ်။ အဲဒီလို ရှက်စရာကောင်းတဲ့ ကိစ္စ တွေကို အချက်အလက်အတိအကျသိရရင် အများကသိအောင်၊ အဟန့်အတား ဖြစ်အောင်လုပ်မယ်” ဟု ပြောသည်။
ဂျပန်သို့ရောက်နေသည့် မြန်မာတဦးက “ဂျပန်လူမျိုးတွေကမေးလာရင် ရှင်းပြဖို့ဝန်မလေးပါဘူး။ အခုလိုဖြစ်နေတာက မြန်မာပြည်က အကျင့်ပျက်ခြစားပြီး မနိုင်မနင်းဖြစ်နေတဲ့ အစိုးရအုပ်ချုပ်ရေးယန္တရားကြီးက အဓိက တရားခံဖြစ်တယ်လို့ … အဲဒါကြောင့် သူတို့အလှူတွေကို အတတ်နိုင်ဆုံး အစိုးရလက်ဝေခံအဖွဲ့အစည်း တွေကတဆင့် တိုက်ရိုက်မလှူဖို့။ ပြည်သူ တွေဆီတိုက်ရိုက်ရောက်မယ့်နည်းလမ်းတွေနဲ့ကူဖို့ ပြောပြမယ်” ဟု ဧရာဝတီကို ပြောသည်။
“ပြောသာပြောရတာ … ကိုယ့်လူမျိုးက ဒီလိုအောက်တန်းကျလွန်းတဲ့စိတ်ထားတွေ၊ လုပ်ရပ်တွေရှိနေတာ အတော်မျက်နှာ ပူစရာကောင်းတယ်။ ဂျပန်လူမျိုးတွေကို မနည်းနားလည်အောင်ရှင်းပြရမှာ” ဟု ၎င်းကဆက်ပြောသည်။
ဂျပန်နိုင်ငံမှ Convenient Stores အမည်ရှိ ကုန်စုံဆိုင်ငယ်များ၏ ငွေရှင်းကောင်တာများတွင် မြန်မာနိုင်ငံမှ ဆိုင်ကလုန်းဒုက္ခ သည်များအားကူညီရန်အတွက် အလှူခံပုံးငယ်များချထားပြီး ယင်းဆိုင်ငယ်များ ဂျပန်နိုင်ငံတ၀န်း အများအပြားရှိကြောင်း သိရသည်။
အာဏာပိုင်များက ဒုက္ခသည်အကူပစ္စည်းများအား ကိုယ်ပိုင်ပစ္စည်းများသဖွယ် ထင်ရာစိုင်းနေကြချိန်တွင် ကိုယ်ထူကိုယ်ထ လုပ်အား၊ ငွေအားတို့ဖြင့် လေဘေးဒုက္ခသည်များအား လိုက်လံကူညီနေကြသူများကိုလည်း တွေ့နေရသည်။
“မြို့မှာ ဒုက္ခသည် ၈၀၀၀၀ လောက်ရှိတယ်၊ အဲဒီလူတွေကို မြို့ပေါ်ကနာရေးအသင်း၊ လူငယ်အဖွဲ့တို့ … မျိုးချစ်စိတ်ဓာတ်ရှိ တဲ့လူတွေအားလုံးက ၀ိုင်းဝန်းစောင့်ရှောက်နေရတယ်။ ရန်ကုန်က ပုဂ္ဂလိကအလှူရှင်တွေ ဆီက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာနေရတယ်” ဟု ဧရာဝတီတိုင်း လပ္ပတ္တာမြို့ရှိ ဒေသခံ လေဘေးကယ်ဆယ်ရေးသမားတဦးက ပြောသည်။
လပ္ပတ္တာမြို့တွင် ကယ်ဆယ်ရေးစခန်း ၁၈ ခုဖွင့်လှစ်ထားပြီး ဒုက္ခသည်များသည် သမံတလင်းပေါ်တွင် အိပ်နေရသဖြင့် ကျန်းမာရေးနှင့် မညီညွတ်ကြောင်း၊ ၀မ်းရောဂါ၊ ငှက်ဖျားနှင့် ကလေးများ သွေးလွန်တုပ်ကွေး ဖြစ်မည်ကို စိုးရိမ်ရကြောင်း သူကဆက်ပြောသည်။
ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်ရှိ အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက ဒုက္ခသည်များအတွက် နိုင်ငံတကာက ကူညီထား သည့် ရေသန့်စက် ၁၂ လုံးနှင့် မီးစက် ၆ လုံးကို နေပြည်တော်သို့သယ်သွားကြောင်း ပြောသည်။နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့အစည်းများ၏ စာရင်းများအရ ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ လပ္ပတ္တာ၊ ဘိုကလေး၊ မအူပင်၊ တွံတေးမြို့နယ်များနှင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့တို့တွင် လေဘေးဒုက္ခသည် ၄ သိန်းခန့်ရှိပြီး WFP ၏အကူအညီရရှိသူ ၂၇၀၀၀ ခန့်သာရှိကြောင်း သိရသည်။

No comments: