Wednesday, June 18, 2008

မုသားနိုင်ငံတော်နဲ့ ပြည်သူ့အရေးတော်ပုံ



မုသားနိုင်ငံတော်နဲ့ ပြည်သူ့အရေးတော်ပုံ
ဦးအောင်ခင်

တရုတ်-မြန်မာ ဆရာတပည့်ဆိုသလို ကွန်မြူနစ်ပါတီနဲ့ ဗမာစစ်တပ်ဟာ လိမ်ညာဝါဒဖြန့်တဲ့ နေရာမှာနဲ့ သတင်းထိန်ချန်ကွယ်ဝှက်တဲ့နေရာမှာ အတော်တူပါတယ်။ တိဘက်ပြည်က ဖိနှိပ်မှုတွေကို တရုတ်ပြည်တွင်းမှာ မသိရပါဘူး။ ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်သတင်းကို ဗမာစစ်အစိုးရက ဖုံးဖိဖို့ကြိုးစားနေတုန်း တရုတ်မြေငလျင်သတင်းကို လွတ်လပ်စွာ သတင်း ပို့ခွင့်ရတာမို့ ဗမာစစ်အစိုးရ ၀ိုင်းဆဲတာခံရပြီး တရုတ်ကွန်မြူနစ်ကို ၀ိုင်းဝန်းချီးကျူးကြပါတယ်။
ဒါပေမယ့် မြေငလျင်ကြောင့် အစိုးရ အဆောက်အဦတွေမပြိုဘဲ ကျောင်းတွေသာ ပြိုကျပျက်စီး တာကို မကျေနပ်လို့ ဆန္ဒပြတဲ့ ကျောင်းသားမိဘတွေကို ရဲက နှိမ်နင်းတားမြစ်တာကိုကြည့်ရင် တရုတ်ကွန်မြူနစ်ပေးတဲ့ လွတ်လပ်မှုဟာ ယာယီဝါဒဖြန့်မှုသာ ဖြစ်နေတာ ထင်ရှားတယ်။
ဒီမိုကရေစီအရေးတော်ပုံနဲ့ လူအများအပြား အသတ်ခံရတာတွေကို ပြည်သူတွေမေ့ပျောက် သွားအောင် ကြိုးစားတဲ့နေရာမှာ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်ဟာ လုပ်နည်းကိုင်နည်းချင်း တူနေတာ တွေ့ရပါတယ်။ တရုတ်ပြည်မှာလည်း ၀ါဒဖြန့်တာကို ဦးစားပေးတဲ့အတွက် လက်တွေ့ ဘ၀နဲ့ တခြားစီ ဖြစ်နေတတ်ပါတယ်။ ရိက္ခာရှားပါးနေတဲ့သတင်းကို ထိန်ချန်ကွယ်ဝှက်လို့ သန်းနဲ့ချီသေဆုံးတဲ့ သာဓကတွေ တရုတ်ပြည်မှာ ရှိတယ်။ အခုလည်း ဆန်ရှားမယ့်ကိစ္စကို ဗမာစစ်အစိုးရက ကွယ်ဝှက်ပြီး လိမ်ညာဝါဒဖြန့်နေတာကြောင့် ပြည်သူအများအပြား ငတ်သေ နိုင်တယ်။ ရောဂါနဲ့ ရိက္ခာရှားပါးမှုကို လွတ်လပ်စွာသတင်းဖြန့်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံမှာသာ ပြဿနာကို ဖြေရှင်းနိုင်တယ်။
လိမ်ညာဝါဒဖြန့်တာကို အင်တိုက်အားတိုက် လုပ်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီအကြောင်း “မုသားနိုင်ငံတော်” The Empire of Lies ဆိုတဲ့အမည်နဲ့ အမေရိကန်မှာ မကြာမီက စာအုပ် ထုတ်ဝေတယ်။ ပြင်သစ်စာရေးဆရာ ဂိုင်းဆားမန် (Guy Sorman) ရေးတဲ့ ကိုယ်တွေ့ မှတ်တမ်းကို ဘာသာပြန်ပြီး အင်္ဂလိပ်လို ထုတ်ဝေတာပါပဲ။ ပြည်တွင်းပြည်ပက ဒီမိုကရေစီသမားနဲ့ သတင်း ဆရာတွေကို တွေ့ဆုံမေးမြန်းရေးသားထားတဲ့ စာအုပ်ဖြစ်ပြီး မြန်မာ့အခြေအနေနဲ့ အတော်တူတယ်။
တရုတ်ပြည် ထကြွနိုးကြားလာရင် တကမ္ဘာလုံး တုန်လှုပ်သွားလိမ့်မယ်လို့ ပြင်သစ်အာဏာရှင် နပိုလီယံက ပြောဖူးပါတယ်။ ဒါပေမယ့် ၀ါဒဖြန့်မှုကို အဓိကထားပြီး ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့ တရုတ်ပြည်ကို အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေက မှုစရာ မလိုဘူးလို့ ဂိုင်းဆားမန်က သုံးသပ်တယ်။ ၀ါဒဖြန့်လမ်းစဉ်ကျင့်သုံးတဲ့ တရုတ်ပြည်မှာ အမှန် တရားကို သိနိုင်ဖို့ ခက်ခဲတယ်တဲ့။
ဥပမာဆေးကုလို့မရတဲ့ အေအိုင်ဒီအက်စ်ရောဂါဆိုးဖြစ်နေတာကို ၁၉၉၄ မှာ ဆရာဝန်အချို့ သိပေမယ့် တရုတ်အစိုးရက ထိပ်တန်းလျှို့ဝှက်လုပ်ထားပါတယ်။ မတတ်နိုင်တော့မှ ၂၀၀၀ ပြည့်နှစ်မှာ အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားနေတာကို ၀န်ခံပါတယ်။ နောက်တော့မှ အစိုးရရဲ့ အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရေးစီမံကိန်း အကြီးအကျယ်အောင်မြင်နေကြောင်း လုပ်ကြံ ၀ါဒဖြန့်ပါတော့တယ်။ ဗမာစစ်အစိုးရကလည်း ဒီအတိုင်းပါပဲ။
တရုတ်ကွန်မြူနစ်အာဏာရှင်စနစ်မှာ မကျေနပ်မှုကို ဖြေရှင်းနိုင်စွမ်းမရှိတဲ့အတွက် ဆန္ဒပြပွဲတွေ မကြာခဏဖြစ်ပွားပါတယ်။ ၂၀၀၄ မှာ ဆန္ဒပြပွဲပေါင်း (၇) သောင်းကျော်ရှိပြီး ဆန္ဒပြသူ (၄) သန်း နီးပါးရှိတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က လူထုဆန္ဒပြပွဲ (၁) သောင်းလောက်သာ ရှိတာမို့ မကျေနပ်သူ (၇) ဆ တိုးလာတယ်လို့ ပြောနိုင်ပါတယ်။ ပြည်သူ့မကျေနပ်မှုကို တရားဥပဒေအရ လုံလောက်စွာ မဖြေရှင်းနိုင်သမျှကာလပတ်လုံး ကန့်ကွက်ဆန္ဒပြပွဲတွေ ရှိနေမှာပါပဲ။ လူမိုက်ငှားပြီး ကန့်ကွက်ဆန္ဒပြပွဲကို နှိမ်နင်းတာမျိုးလည်း ရှိပါတယ်။
ဒါပေမယ့် အကွဲကွဲအပြားပြားဖြစ်နေတာမို့ ဆန္ဒပြပွဲကနေ တော်လှန်ရေးကြီး ဖြစ်ပေါ်လာပြီး ကွန်မြူနစ်ပါတီကို ဖြုတ်ချနိုင်မယ့် အလားအလာ မရှိသေးပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီသဘော တရား မပြန့်ပွားရအောင် တရုတ်ကွန်မြူနစ်ပါတီက စီစဉ်ထားပါတယ်။ တရုတ်ဒီမိုကရေစီ စက္ကူဖြူ စာတမ်းကို ၂၀၀၅ အောက်တိုဘာလမှာ ထုတ်ပြန်ပါတယ်။ အနှစ်သာရကတော့ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ။ ကွန်မြူနစ်ပါတီရဲ့ အောင်မြင်မှုကို မှတ်တမ်း တင်တဲ့ စာတမ်းမို့ ပြည်သူတွေ သိန်းချီသေဆုံးရတဲ့ အမှားမျိုးကို ကွယ်ဝှက်ထားပါတယ်။ ဒီမို ကရေစီစနစ်မျိုးစုံထဲမှာ တရုတ်ဒီမိုကရေစီဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒီမိုကရေစီကိစ္စမှာ သူများကို အတုယူစရာ မလိုပါဘူးတဲ့။ဒီပုံစံအတိုင်း ဗမာစစ်အစိုးရကလည်း စစ်ဗိုလ်ဦးဆောင်မှုအောက်မှာ အားလုံး ပူးပေါင်းဆောင်ရွက် တာကို ဒီမိုကရေစီ အစစ်အမှန်ဖြစ်တယ်လို့ အခြေခံဥပဒေရေးပြီး ၀ါဒဖြန့်နေပါတယ်။ ပြည်သူ လူထုကို နှစ်ပေါင်းများစွာ ပစ်သတ်နေတဲ့ ဗမာစစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှ အားလုံးကောင်းပါသည် ဆိုပြီး ၀ါဒဖြန့်တဲ့အလုပ်ဟာ တရုတ်ကွန်မြူနစ်ရဲ့ ၀ါဒဖြန့်လမ်းစဉ်နဲ့ အတူတူပါပဲ။ တရုတ်ကွန်မြူနစ် ပါတီ လုပ်သမျှ မှန်တယ်လို့ ပြောသလို ဗမာစစ်တပ်လုပ်သမျှ မှန်တယ်လို့ ၀ါဒဖြန့်တာပါပဲ။လူလတ်တန်းစား အရင်းရှင်လေးတွေ များလာရင် လွတ်လပ်မှုကို လိုချင်ကြမှာမို့ ဒီမိုကရေစီ တောင်းဆိုမှုတွေ ရှိလာနိုင်တယ်လို့ ဆိုကြပေမယ့် တရုတ်ပြည်က လူလတ်တန်းစားဟာ ဒီမိုကရေစီကို အထောက်အကူ မပြုဘူးလို့ ဘောဂဗေဒပညာရှင် မော်ယူရှီက ဆိုပါတယ်။ လုပ်ငန်းကျွမ်းကျင်ပြီး ကြိုးစားလို့ ကြီးပွားချမ်းသာလာတာမဟုတ်ဘဲ ပါတီနဲ့နီးစပ်လို့ ငွေရှိလာတဲ့ ခေတ်ပျက်သူဌေးတွေဟာ ဒီမိုကရေစီကို အထောက်အကူမပြုပါဘူး။ တရုတ်ပြည်မှာ အရင်းရှင် အစစ်အမှန် အနည်းငယ်သာရှိပြီး ခေတ်ပျက်သူဌေးက များတယ်။ အလွယ်ဆုံး သူဌေးဖြစ်နည်း ကတော့ ဘဏ်ကငွေချေးပြီး ပြန်မဆပ်တဲ့ နည်းပါပဲ။ အဆက်အသွယ်ကောင်းတဲ့ ဂွမ်စိ (Guanxi) ကသာ ဘဏ်မှာ ငွေချေးနိုင်ပါတယ်။ အဲဒီအခါမှာ ချေးငွေ (၅) ရာခိုင်နှုန်း ဘဏ်အမှုထမ်းကိုပေးရပြီး ပါတီကေဒါကို (၁၅) ရာခိုင်နှုန်းပေးရလို့ ငွေချေးသူဟာ (၈၀) ရာခိုင်နှုန်းသာ ရရှိတယ်။ ဒါပေမယ့် ပါတီနဲ့ ပြေလည်နေသမျှ ပြန်ဆပ်စရာ မလိုတော့ အမြတ်ချည်းပေါ့။ ခေတ်ပျက်သူဌေးကို အချိန် မရွေး ပါတီက ဖျက်ဆီးပစ်နိုင်တာမို့ လူလတ်တန်းစား အရင်းရှင် ပေါက်စလို့ မခေါ်နိုင်ပါဘူး။ မြန်မာပြည်က ခေတ်ပျက်သူဌေးကလည်း စစ်ဗိုလ်ကပ်ဖားနဲ့ ဘိန်းမှောင်ခို ဘ၀ကလာတာမို့ ဒီမိုကရေစီကို အထောက်အကူ မပြုပါဘူး။အကြွေးမဆပ်နိုင်တဲ့လုပ်ငန်းကို ငွေထုတ်ချေးထားတဲ့ ဘဏ်တွေ ချွတ်ခြုံကျရင်တော့ ကွန်မြူနစ် ပါတီ ဒုက္ခရောက်သွားနိုင်တယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ၀င်ငွေက ချေးငွေထက် အဆမတန် များပြားနေတာမို့ ပြဿနာမဖြစ်နိုင်သေးပါဘူး။ ပါတီရဲ့ ညွှန်ကြားချက်အတိုင်း ငွေ ထုတ်ချေးလို့ ပြဿနာဖြစ်တဲ့ ဘဏ်အချို့ကို ဗဟိုဘဏ်ကြီးက ၀င်ကယ်ထားပါတယ်။ ပြည်သူ လူထုအနေနဲ့ ဒီဘဏ်တွေမှာပဲ ငွေစုကြရပါတယ်။ ဒီစုငွေတွေကို ပြန်ထုတ်လို့ မရဘူးဆိုရင် ပြည်သူ့အုံကြွမှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်တဲ့။ တရုတ်တွေဟာ လွတ်လပ်မှုကို အဆုံးခံနိုင်ပေမယ့် ငွေကိုတော့ အဆုံးခံမှာ မဟုတ်ဘူးလို့ မော်ယူရှီက ဆိုပါတယ်။ ဒီအဖြစ်မျိုး မရောက်အောင် တရုတ်ကွန်မြူနစ်ပါတီက ကြိုးစားနေပုံရပါတယ်။အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှု ကင်းရှင်းအောင် မိမိကိုယ်မိမိ ထိန်းချုပ်ရမယ်လို့ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ဆိုပေမယ့် လုပ်ပိုင်ခွင့်မျိုးစုံရတဲ့ ပါတီဝင်ဟာ အလွဲ သုံးစား လုပ်ချင်စိတ် ပိုများပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်ရရှိရေး စတာတွေကို လက်ကိုင်ထားတဲ့ အရာထမ်းအဖို့ လာဘ်မစားဖို့ မလွယ်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ အဂတိလိုက်စားမှုပေါင်း (၁၆၀,၀၀၀) ကျော် ရှိတဲ့အနက် (၆,၀၀၀) ကျော်သာ အပြစ်ဒဏ်ခံရပါ တယ်။ ပါတီဝင် (၅၀,၀၀၀) ကို စစ်ဆေးပြီး (၉၀၀) ကိုသာ အပြစ်ပေးပါတယ်။ ပါတီဝင် သန်း (၆၀) ကျော်မှာ (၉၀၀) သာ လာဘ်စားတယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ တရုတ်ကေဒါနဲ့ ဗမာစစ် ဗိုလ်ဟာ အတူတူပါပဲ။လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်နေတဲ့ ပါတီဝင်တွေကပဲ လာဘ်စားနေတာကို နိုင်ငံခြား ကုမ္ပဏီတွေက သိပါတယ်။ တရုတ်ပြည်မှာ စီးပွားရေးလုပ်ရင် ပါတီဝင်ကို လာဘ်မထိုးလို့ မဖြစ်ပါဘူး။ အနောက်တိုင်း ကုမ္ပဏီတွေကလည်း လာဘ်ပေးလာဘ်ယူမှုဟာ တရုတ်ဓလေ့ ထုံးစံလိုဖြစ်နေပြီလို့ ဆိုကြပါတယ်။ လုပ်ရိုးလုပ်စဉ် ဗျူရိုကရေစီ ယန္တရားအတိုင်း လိုက်လုပ်နေရင် အလွန်ကြန့်ကြာတာမို့ နောက်ဖေးပေါက်က ၀င်ပြီး လာဘ်ထိုးရတာလို့ ဆင်ခြေပေးကြပါတယ်။ကွန်မြူနစ်ပါတီတွင်းမှာ ပြုပြင်ရေးလုပ်ပြီး ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ဆိုတာဟာ စိတ်ကူးယဉ် အဆင့်က တက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပါတီဟာ ကိုယ့်သေတွင်း ကိုယ်တူးမှာ မဟုတ် ပါဘူး။ အခွင့်ထူးခံစားနေရတဲ့ ပါတီကေဒါနဲ့ စစ်ဗိုလ်တွေဟာ သူတို့အကျိုးစီးပွားကို ထိခိုက်မယ့် ပြောင်းလဲမှုမျိုးကို လက်ခံမှာ မဟုတ်ပါဘူး။ ဒီလိုတိုင်းပြည်မျိုးမှာ အဂတိလိုက်စားတဲ့ ဓလေ့ ရှင်သန်ကြီးထွားတယ်လို့ ဂိုင်းဆားမန်က သုံးသပ်ပါတယ်။ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ အခွင့်ထူးခံ လူနည်းစုကိုဖန်တီးပြီး အမြဲတမ်း အာဏာရအောင် ကြိုးစားနေပါတယ်။ ဒါကြောင့် အဖိနှိပ်ခံလူများစုကို အားကောင်းလာအောင် လုပ်နိုင်မှသာ “မုသားနိုင်ငံတော်” နိဂုံးချုပ်ပြီး ဒီမိုကရေစီ ထွန်းကားနိုင်မယ်လို့ “ဂိုင်းဆားမန်” နိဂုံးချုပ်ထားပါတယ်။

အိန္ဒိယသို့ လက်နက်နည်းပညာအစိတ်အပိုင်းများရောင်းသူကို ထောင်ဒဏ်ချ


အိန္ဒိယသို့ လက်နက်နည်းပညာအစိတ်အပိုင်းများရောင်းသူကို ထောင်ဒဏ်ချ
AFP /၁၇ ဇွန် ၂၀၀၈

စွမ်းရည်မြင့်ဒုံးကျည်၊ အာကာသယာဉ်နှင့် တိုက်ဂျက်လေယာဉ်များတွင် အသုံးပြုသည့် လျှပ်စစ် ပစ္စည်းအစိတ်အပိုင်းများကို အိန္ဒိယအစိုးရထံ တရားမ၀င်ရောင်းချမှုဖြင့် အမေရိကန်နိုင်ငံသား တဦးအား ၀ါရှင်တန်တရားရုံးတခုက ယမန်နေ့၌ ထောင်ဒဏ် (၃၅) လ ချမှတ်လိုက်သည်။
၂၀၀၂ ခုမှ ၂၀၀၆ ခုအတွင်း ယင်းသို့ တရားမ၀င်ရောင်းချခဲ့ကြောင်း အမေရိကန်၊ စင်ကာပူနှင့် အိန္ဒိယတို့တွင် ကုမ္ပဏီခွဲများ ဖွင့်လှစ်ထားသော Cirrus Electronics လျှပ်စစ်ကုမ္ပဏီမှ အကြီးတန်းအရာရှိ အသက် (၄၇) နှစ်အရွယ် ပါသာစရာသီ ဆူဒါစ်ရှန်းက ၀န်ခံခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ထုတ်ပြန်သည်။
လွန်ခဲ့သည့် (၁၀) နှစ်ခန့်တွင် အိန္ဒိယက နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် အမေရိကန်အစိုးရက ပြည်တွင်းအခြေစိုက်ကုမ္ပဏီများအား အိန္ဒိယသို့ တင်ပို့ခြင်းမပြုရန် တားမြစ်ထားသော ကုန်ပစ္စည်းများထဲတွင် ယင်းလျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများ ပါဝင်သည်။
တောင်ကာရိုလိုင်းနားပြည်နယ်သား ဆူဒါစ်ရှန်းသည် အိန္ဒိယအစိုးရအာကာသဆိုင်ရာဌာနနှင့် ဆက်စပ်နေသော Vikram Sarabhai Space Centre (VSSC) နှင့် အိန္ဒိယကာကွယ်ရေး ၀န်ကြီး ဌာနနှင့် ဆက်စပ်နေသော Bharat Dynamics, Ltd (BDL) တို့အတွက် ဒုံးကျည်လမ်းညွှန်မှုနှင့် ပျံသန်းမှုဆိုင်ရာ အချက်အလက်များပါဝင်သည့် အဆိုပါ လျှပ်စစ်ပစ္စည်းများကို ရယူခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြသည်။
VSSC သည် အိန္ဒိယအစိုးရက ပြုလုပ်နေသော အာကာသယာဉ်များ လွှတ်တင်ရေး အစီအစဉ်တွင် ပါဝင်ပတ်သက်နေပြီး၊ BDL သည် အိန္ဒိယအစိုးရ၏ စွမ်းရည်မြင့် ဒုံးကျည်များစမ်းသပ်ထုတ်လုပ်ရေး လုပ်ငန်း၌ ပါဝင်နေသည်ဟု အမေရိကန်အစိုးရက သတ်မှတ်ထားကြောင်း တရားရေးဌာနက ထုတ်ပြန်သည်။
“VSSC နှင့် BDL ကုမ္ပဏီ (၂) ခုသည် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တားမြစ် စာရင်း၌ ပါဝင်သည်။ အဆိုပါကုမ္ပဏီများသို့ အမေရိကန်ထုတ်ပစ္စည်းများ တင်ပို့မှုကို တင်းကျပ်စွာ ထိန်းချုပ်ထားသဖြင့် ယင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုအပ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
တရားခံ ဆူဒါစ်ရှန်းသည် အမေရိကန်အစိုးရက ခြေရာခံမိခြင်းမရှိစေရန် ၎င်းအလုပ်လုပ်နေသည့် လျှပ်စစ်ကုမ္ပဏီပိုင် စင်ကာပူရုံးခွဲမှတဆင့် အဆိုပါလျှပ်စစ်ပစ္စည်းများကို အိန္ဒိယသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အိန္ဒိယတွင် စမ်းသပ်တီထွင်နေသော Tejas အမျိုးအစား တိုက်လေယာဉ်အတွက် လိုအပ်သော အသေးစားကွန်ပျူတာသုံး လျှပ်စစ်ပစ္စည်းများကို အိန္ဒိယကာကွယ်ရေးဌာနနှင့် ဆက်စပ်နေသော လေကြောင်းဆိုင်ရာကုမ္ပဏီတခုသို့ တင်ပို့ရောင်းချခဲ့ကြောင်းလည်း ဆူဒါစ် ရှန်းက ၀န်ခံခဲ့သည်။ ။

မုန်တိုင်းဒဏ်သင့် ကလေးများကို မွေးစားပိုင်ခွင့် မရှိဟု


မုန်တိုင်းဒဏ်သင့် မိဘမဲ့ကလေးများကို မွေးစားပိုင်ခွင့်မရှိဟု နအဖ လူမှုဝန်ထမ်းမှ ပြောကြား
ကျော်ထင် / ၁၇ ဇွန် ၂၀၀၈

ဘုန်းကြီးကျောင်းများ၊ ဒုက္ခသည်စခန်းများနှင့် နေရပ်ရင်းတွင်ရှိနေကြသည့် မုန်တိုင်းဒဏ်သင့် မိဘမဲ့ကလေးငယ်များအား မည်သူ့ကိုမှ မွေးစားခွင့်ပေးမည်မဟုတ်ဘဲ အာဏာပိုင်များက စောင့်ရှောက်သွားမည်ဟု လူမှုဝန်ထမ်းဌာနမှ အရာရှိကြီးတဦးကို ကိုးကားပြီး ယခုအပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြထားသည်။ မုန်တိုင်းတိုက်ပြီး (၁) လခန့်အကြာတွင် မိဘမဲ့ကလေးငယ်များအတွက် စစ်အစိုးရက ပြုစုစောင့် ရှောက်ရေးဂေဟာများ ဖွင့်လှစ်သွားမည်ဟု သတင်းစာများတွင် ဖော်ပြခဲ့ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ လူပုဂ္ဂိုလ်တဦးကိုဖြစ်စေ၊ အဖွဲ့စည်းတခုခုကိုဖြစ်စေ မွေးစားခွင့်ပေးမည်မဟုတ်ဘဲ ၎င်းတို့၏ မူဝါဒလမ်းစဉ်အတိုင်း စောင့်ရှောက်သွားမည်ဟု လူမှုဝန်ထမ်းဌာနမှ ဒု-ညွှန်ကြားရေး မှူးချုပ် ဦးအောင်ထွန်းခိုင်က မြန်မာတိုင်းမ်သို့ ပြောခြင်းဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ကူညီမှုများ ပြုလုပ်နေသူတဦးက ၎င်းတို့ရောက်ရှိခဲ့သည့် ကျေးရွာ များတွင် ရွာတရွာလျှင် အနည်းဆုံး မိဘမဲ့ကလေးငယ် (၁၀) ဦးအထက်ရှိကြောင်းနှင့် အဆိုပါ ကလေးငယ်များသည် မိဘဆွေမျိုးများ သေဆုံးသွားသဖြင့် အသက်ရှင်ကျန်သည့် တရွာတည်း နေသူများ၏ စောင့်ရှောက်မှုအောက်တွင်သာ နေလိုကြကြောင်း ပြောသည်။ ၎င်းက “ရွာထဲမှာရှိနေတဲ့လူတွေက သူတို့သိနေတဲ့လူတွေလေ။ အဲဒီလူတွေနဲ့ ဝေးပြီး သူတို့ ကိုယ်တိုင်က သိပ်မလိုက်ချင်တာပါတယ်လေ။ ကျမတို့ ခေါ်ကြည့်ခဲ့တယ်၊ အဲဒီခါကျတော့ ကလေးတော်တော်များများကလေ သူတို့ရဲ့ဇာတိနေရာတွေမှာပဲ နေချင်ကြတယ်။ ဘာဖြစ် လို့ဆိုတော့ သူတို့ရင်းနှီးနေတဲ့ မျက်နှာတွေနဲ့နေရတာကို သူတို့က ပိုပြီးနေချင်တဲ့ ဆန္ဒရှိတယ်။ မုန်တိုင်းဒဏ်က အသက်လုပြီး လွတ်လာပြီးတော့မှ တစိမ်းတွေကြားမှာ နေရဲပုံမပေါ်ဘူး” ဟု ပြောသည်။ ကလေးငယ်များအား မွေးစားခွင့်မပြုခြင်းမှာ လူကုန်ကူးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အဓမ္မ လုပ်အားစေခိုင်းမှုများမှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်ကြောင်း၊ အကယ်၍ မွေးစားလိုပါကလည်း လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုချက်လိုအပ်ကြောင်း သိရသည်။ မိဘမဲ့ကလေးငယ်များ လုံခြုံရေးအတွက် မွေးစားပိုင်ခွင့်မှာ အစိုးရ၏ ခွင့်ပြုချက် လိုအပ်သော် လည်း ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်နေသည့် စစ်အစိုးရကိုယ်တိုင်က ပြုစုစောင့် ရှောက်မည်ဆိုသည့်အပေါ် မေးခွန်းများစွာရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့် အရေးပညာပေးရေးဌာန ဒါရိုက်တာအောင်မျိုးမင်းက ပြောသည်။ ၎င်းက “နအဖအနေနဲ့ အစိုးရကိုယ်တိုင်က ကလေးတွေကို လုပ်အားစေခိုင်းတာတွေ၊ ကလေး စစ်သား အသုံးပြုတာတွေဟာ အရင်ကတည်းက အစဉ်အလာရှိခဲ့တယ်။ တိုင်းရင်းသားဒေသ တွေမှာရှိတဲ့ မိဘမဲ့ကလေးတွေကို စောင့်ရှောက်မယ်ဆိုပြီးတော့ ရဲညွန့်ဆိုပြီး သူတို့ ခေါ်မွေးစား တယ်။ အဲဒီကလေး တော်တော်များများ နောက်ဆုံး စစ်တပ်မှာ အဆုံးသတ်သွားတယ်။ ကလေး တွေကို စစ်တပ်ထဲမှာသုံးနေတာ အခုချိန်ရှိနေဆဲလေ” ဟု ပြောသည်။ စစ်အစိုးရအား ကလေးသူငယ်များ လူကုန်ကူးမှုဆိုင်ရာတားဆီးမှု ပျက်ကွက်ခြင်း၊ ကလေး စစ်သားအသုံးပြုခြင်းနှင့် အဓမ္မလုပ်အားစေခိုင်းမှုများ ရှိခြင်းတို့ကြောင့် နိုင်ငံတကာမှ ပြစ်တင် ဝေဖန်မှုများရှိသည်။

ဧရာဝတီတိုင်းအရေး မကြာခင် တပြည်လုံးအရေး ဖြစ်တော့မည်



ဧရာဝတီတိုင်းအရေး မကြာခင် တပြည်လုံးအရေး ဖြစ်တော့မည်

ဧရာဝတီတိုင်း လယ်ယာတွေ မုန်တိုင်းထိထားသည့်အတွက် ယခုနှစ် မိုးစပါးစိုက်ဖို့ မဖြစ်နိုင်တော့ဟု ကုလသမဂ္ဂမှ သတိပေးလိုက်သဖြင့် မကြာခင် မြန်မာတပြည်လုံး ဆန်ပြဿနာကြုံပြီး သရောကြီး ခိုင်းတော့မည်ဟု မှန်းလို့ရသည်။ လူမှုရေး အုံကြွမှုတွေ ပြည်လုံးကျွတ် ဖြစ်တော့မည်။
မိုးစပါးသည် မြန်မာနိုင်ငံ၏ ရိက္ခာဖြစ်၏။ မိုးစပါး မစိုက်နိုင်ခြင်းသည် နိုင်ငံ၏ ထမင်းအိုးကွဲသည်နှင့် တူ၏။
မြန်မာစစ်အစိုးရ၏ ၂၀၀၃-၂၀၀၄ စာရင်းအရ ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ဧက (၃.၅) သန်းရှိပြီး နွေစပါးစိုက်ဧက (၁.၇) သန်းရှိ၏။ တပြည်လုံး စပါးစိုက်ဧက (၁၆) သန်းရှိသည့်အတွက် ဧရာဝတီ တိုင်း စပါးစိုက်ဧကသည် တပြည်လုံး စပါးစိုက်ဧက စုစုပေါင်း၏ (၃၃) ရာနှုန်းရှိ၏။ ထို့ကြောင့် ဧရာဝတီတိုင်း စပါးအပျက်နှုန်းသည် မြန်မာပြည် ဆန်ပြဿနာ၏ သော့ချက်ဖြစ်လာနိုင်၏။
ဧရာဝတီတိုင်း စပါးအပျက်အစီးကို တန်ချိန် (၇) သိန်းကျော်ရှိပြီး ဆန်အပျက်အစီးမှာ ၂၀၀၇-၂၀၀၈ ခုနှစ်အထွက်နှုန်း၏ (၂.၃) ရာနှုန်းသာရှိသည်ဟုသာ စစ်အစိုးရဘက်က ဖော်ပြသည်။ သို့သော် မုန်တိုင်းကြောင့် နွေစပါးအပျက်နှုန်းမှာ ပြည်နယ်နှင့် တိုင်း (၅) ခုတွင် စုစုပေါင်း ထုတ်လုပ်မှု၏ (၆၆) ရာနှုန်းရှိပြီး မိုးစပါး အပျက်နှုန်းမှာ စုစုပေါင်း ထုတ်လုပ်မှု၏ (၆၂) ရာနှုန်းရှိနိုင်သည်ဟု မြန်မာ စီးပွားရေးပညာရှင်များက တွက်ချက်ခန့်မှန်း၏။
ဧရာဝတီတိုင်း လယ်ယာမြေကဏ္ဍ နာလန်ထူရေးအတွက် ဒေါ်လာ သန်း (၂၀၀) ကျော် လိုသည်ဟု စစ်အစိုးရက လောဘတကြီးဖြင့် နိုင်ငံတကာကို တွက်ပြ၏။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်။ မည်သည့် နိုင်ငံကမျှ စစ်အစိုးရ တောင်းသည့်ငွေကို အာမမခံ။
အတိတ်ကို ပြန်ကြည့်လျှင် ဆန်ပြဿနာစဖြစ်တိုင်း ရန်ကုန်သည် လူမှုရေးအုံကြွမှု၏ အခရာဖြစ်၏။ ထို့ကြောင့် စစ်အစိုးရသည် ရန်ကုန်ကိုသာ ဦးစားပေးပြီး တပွဲတိုးနည်းများဖြင့် ဖြေရှင်းလေ့ရှိ၏။ တနည်းဆိုရလျင် ရန်ကုန်လူထုသည် အုံကြွမှုတိုင်းအတွက် အခရာဖြစ်၏။ ထို့ကြောင့် ရန်ကုန်မှာ ဆန်လုံလောက်ပါ့မလားဆိုသည်ကို တွက်ကြည့်ရန်လို၏။
ဆန်စပါး လက်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ အပြောအရ ရန်ကုန်ကို နေ့စဉ် ဆန်အိတ် (၅,၀၀၀) ၀န်းကျင် ဧရာဝတီက ၀င်နေမှ ရန်ကုန်ဆန်ဈေး ငြိမ်သည်ဆို၏။ သို့သော် မြန်မာနိုင်ငံ၌ လူတဦး တလကို ဆန် (၈) ပြည်နှုန်းစားသုံးသည်ဟု ကျွမ်းကျင်သည့် ပုဂ္ဂလိက ဆန်ကုန်သည်ကြီးတွေက ပြော၏။ ထိုအချက်ကို အခြေခံ၍ ရန်ကုန်လူဦးရေ (၆) သန်းနှင့် တွက်လျှင် ရန်ကုန်မြို့ တနေ့ စားသုံးဖို့အတွက်ပင် နေ့စဉ် ဆန်အိတ် (၆၀,၀၀၀) ကျော် လို၏။
လက်ရှိအနေအထားကိုကြည့်လျှင် မြန်မာစစ်အစိုးရဘက်က စပါးပျက်ဒေသများ ပြန်လည်ထူထောင် ရေးအတွက် ထိထိရောက်ရောက် အကူအညီမပေးနိုင်ချိန်တွင် ဆန်ဈေးက တနေ့တခြား ခုန်တက် နေ၏။ ထိုအချက်သည် ရန်ကုန်ကို နေ့စဉ် ဆန်အိတ် (၅,၀၀၀) ၀န်းကျင် ဧရာဝတီက မ၀င်နိုင် ဖြစ်နေသည့် သဘောဖြစ်၏။ ဧရာဝတီတိုင်းမှာပင် သိုလှောင်ဆန် စပါးမရှိတော့သည့်အတွက် ရန်ကုန် ဆန်ကုန်သည်တွေ ဆန်လှောင်၍ ဈေးတက်သည်ဟု စစ်အစိုးရဘက်က ခါတိုင်းလို စွပ်စွဲ လာလျှင် ယုတ္တိရှိမည်မဟုတ်။
မုန်တိုင်းမဖြစ်ခင် မြန်မာနိုင်ငံ အခြေအနေကို ကြည့်လျှင် သြဂုတ် စက်တင်ဘာသည် ဈေးကွက်မှာ နွေစပါးပြတ်ပြီး မိုးစပါးပေါ်ဖို့ သုံးလေးလ လိုသေးသည့်ကာလဖြစ်၏။ ထို့ကြောင့် သြဂုတ်၊ စက်တင်ဘာသည် ပုံမှန်အားဖြင့်ပင် တပြည်လုံးမှာ နှစ်စဉ်လို ဆန်ပြဿနာ အနည်းနှင့်အများ ဖြစ်လေ့ရှိသည့် လတွေဖြစ်၏။ ဆန်ဈေး အဆမတန် မြောက်လေ့ရှိသည့် လတွေဖြစ်၏။ ထိုကာလ များတွင် စစ်အစိုးရ ဆန်ပြဿနာ အကျပ်အတည်းနှင့် ကြုံခဲ့သည့် သာဓကတွေ ရှိ၏။
လက်ရှိ ဧရာဝတီတိုင်း စပါးနှင့် ဆန်အပျက်အစီး၊ တိုင်းနှင့် ပြည်နယ် (၅) ခုမှ စပါးနှင့် ဆန်အပျက် အစီးနှုန်းတွေအရ မြန်မာနိုင်ငံတ၀ှမ်း ဆန်ပြဿနာသည် ၂၀၀၈ ခု သြဂုတ် စက်တင်ဘာမှာ မုချကြုံနိုင်သည်ဟု ရန်ကုန် ဆန်ကုန်သည်ကြီးတွေက မှန်း၏။ ထိုအချက်ကို မြန်မာစီးပွားရေး ပညာရှင်အချို့ကလည်း လက်ခံ၏။ မိုးစပါးပေါ်မည့် ဒီဇင်ဘာမှာလည်း စိုက်ဧက ဟုတ်တိ ပတ်တိ မရှိသည့်အတွက် ရိတ်သိမ်းစရာပင် စပါးရှိမည်မဟုတ်။
ထို့ကြောင့်လည်း ဧရာဝတီတိုင်းမှာ မုန်တိုင်းဒဏ်ကြောင့် ပျက်ကုန်သည့် လယ်တွေ ယခုနှစ် မိုးစပါး စိုက်ပျိုးရန် မဖြစ်နိုင်တော့သည့်အတွက် ဧရာဝတီတိုင်းမှာ နောက်တနှစ်ထိ စားနပ်ရိက္ခာ အကူအညီ လိုမည်ဟု ကုလသမဂ္ဂအဖွဲ့က သတိပေးခြင်းဖြစ်၏။
မြန်မာနိုင်ငံမှာ ဖြစ်လာမည့် ဆန်ပြဿနာသည် ၂၀၀၈ ကုန်အထိသာမက နောင်နှစ် နွေစပါး ပေါ်သည်ထိ ပြဿနာကြီးမားနိုင်၏။ တတိုင်းပြည်လုံး ရုန်းရင်းဆန်ခတ်မှုတွေနှင့်ကြုံရနိုင်၏။ စားစရာမရှိလျင် မြန်မာလူထုသည် ဘာကိုမျှ မကြောက်။ နီးရာ ဓားဆွဲပြီး တော်လှန်တော့မည်။ ထိုအခြေအနေမျိုး ရောက်လျှင် စစ်အစိုးရ မည်သို့နှိမ်နင်းမည်နည်း။ တပြည်လုံးကို စစ်တပ်က ပစ်သတ်နိုင်မလားဆိုသည်မှာ မေးခွန်းထုတ်ဖို့လို၏။
တိုင်းပြည်တွင် အမှန်တကယ် ဆန်သိုလှောင်ထားနိုင်သူမှာ မြန်မာစစ်တပ်အပြင် မြန်မာနိုင်ငံတွင် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသား၊ ဗိုလ်ချုပ်ကြီးရွှေမန်းသား စသည့် ဗိုလ်ချုပ်သားတွေ ပိုင်သည့် ကုမ္ပဏီတွေဖြစ်၏။ အဆိုပါ သိုလှောင်ဆန်တွေကို ဧရာဝတီတိုင်း ဒုက္ခသည်တွေအတွက် စစ်အစိုးရက ယခုထိ ဖြန့်ဝေခြင်းမရှိ။ မသိသလိုလုပ်နေ၏။
တပြည်လုံး ဆန်ပြဿနာဖြစ်လာချိန်တွင် ထိုသိုလှောင်ဆန်ကို ပြည်သူလက် ဖြန့်ဝေ ပေး မပေး စောင့်ကြည့်ဖို့ လို၏။ ဖြန့်ဝေပေးလျှင် စစ်တပ်မှာ ရိက္ခာပြတ်ပြီး သေနတ်ပြောင်းက စစ်ခေါင်းဆောင် တွေဘက် လှည့်တော့မည်။ မဖြန့်ဝေဘဲထားလျှင်လည်း လူထုတရပ်လုံး ဆူပူအုံကြွမည်။ နိုင်ငံခြားက ဆန်သွင်း ရအောင်လည်း ကမ္ဘာ့ဆန်ဈေးက ခေါင်ခိုက်နေ၏။ စစ်အစိုးရသာမက နိုင်ငံတကာ အဖွဲ့တွေပါ တတ်နိုင်မည်မဟုတ်။
ကျားနှင့်ဆင် လယ်ပြင်မှာ တွေ့တော့မည်။

နာဂစ်မုန်တိုင်းအပြီး အချက်အလက်မှတ်တမ်း

နာဂစ်မုန်တိုင်းအပြီး အချက်အလက်မှတ်တမ်း


















နာဂစ်မုန်တိုင်းကြောင့် လူ (၁) သန်းခွဲကျော် ဒုက္ခရောက်နေနာဂစ်မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင်း လူ (၁) သန်းခွဲကျော် ဒုက္ခရောက်နေကြောင်း ကုလ သမဂ္ဂ လူမှုရေးရာညှိနှိုင်းရေးအဖွဲ့ (UNOCHA) ၏ မေလ (၁၂) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။ အစီရင်ခံစာပါ အချက်များနှင့် ကယ်ဆယ်ရေးလုပ်ငန်း အခြေ အနေများကို ခေတ်ပြိုင်မှ စုစည်းဖော်ပြပါသည်။
ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေများ (မေလ ၁၂ ရက်ထိ) မုန်တိုင်းဒဏ် ခံရသည့် မြို့နယ်များ (Source: UNOCHA)
ရန်ကုန်တိုင်း မြို့နယ် (၄၀) နှင့် ဧရာဝတီတိုင်း (၇) မြို့နယ်တို့ကို ယခုထိ မုန်တိုင်းဒဏ်သင့် နယ်မြေများအဖြစ် စစ်အစိုးရကိုယ်တိုင် သတ်မှတ်ထားဆဲဖြစ်သည်။ အထူးသဖြင့် လပွတ္တာ၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်း ဒေသတို့သည် နာဂစ်မုန်တိုင်းအပြင် မုန်တိုင်းကြောင့်ဖြစ်သည့် ပင်လယ်လှိုင်းများ ရိုက်ခတ်မှုဒဏ် အများဆုံးခံရသည့် မြို့နယ်များဖြစ်သည်။
မုန်တိုင်းသင့် ဒုက္ခသည်အခြေအနေ (Source: UNOCHA)
မုန်တိုင်းကျပြီး (၃) ရက်အတွင်း စစ်အစိုးရထုတ်ပြန်သည့် ကိန်းဂဏန်းများအရ (၈) မြို့နယ်တွင် လူ (၉၈၀,၀၀၀) ဒုက္ခရောက်သည်ဆိုသည့်အချက်ကို အခြေခံတွက်လျှင် အနည်းဆုံး လူ (၁) သန်းခွဲ ဒုက္ခရောက်နေသည်ဟု UNOCHA အစီရင်ခံစာတွင် ဖော်ပြသည်။
ဧရာဝတီတိုင်း ဆက်သွယ်ရေးအခြေအနေ (Source: UNJLC)
နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ဧရာဝတီတိုင်း သွားလာခွင့်ကို စစ်အစိုးရက ငြင်းဆန်နေဆဲ ဖြစ်ပြီး မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဆက်သွယ်ရန် လွယ်ကူသည့် ပုသိမ်လေ ဆိပ်ကို နိုင်ငံတကာ ကူညီမည့် လေယာဉ်များ ဆင်းခွင့် ပိတ်ထားသည်။
လေကြောင်းအကူအညီအခြေအနေ (Source: UNJLC)
မေလ (၁၁) ရက်ထိ မြန်မာနိုင်ငံသို့ လေကြောင်းမှ ကယ်ဆယ်ရေးအကူအညီပေးသည့် အကြိမ် (၃၇) ကြိမ်ရှိပြီး ဘင်္ဂလားဒေ့ရှ် (၂ ကြိမ်)၊ လာအို (၄ ကြိမ်)၊ တရုတ် (၃ ကြိမ်)၊ ထိုင်း (၇ ကြိမ်)၊ အိန္ဒိယ (၂ ကြိမ်)၊ စင်ကာပူ (၁ ကြိမ်)၊ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (၆ ကြိမ်)၊ အီတလီ နိုင်ငံခြားရေးဝန်ကြီးဌာန (၁ ကြိမ်) နှင့် စပိန်နိုင်ငံခြားရေးဝန်ကြီးဌာန (၁၁ ကြိမ်) တို့ဖြစ်သည်။
လေယာဉ်ဆင်းသက်ခွင့်အခြေအနေ (Source: UNJLC)
အကူအညီပေးလိုသည့် နိုင်ငံတကာလေယာဉ်များ ရန်ကုန်လေဆိပ်မလာမီ မြန်မာစစ်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးထံ လေယာဉ်ဆင်းသက်ခွင့် လျှောက်လွှာ ဦးစွာတင်ရသည်။ လေယာဉ် ရန်ကုန်ရောက်ပြန်တော့လည်း ကယ်ဆယ်ရေးပစ္စည်း တင်ဆောင်လာသည့် လေယာဉ်ရောက်ရှိကြောင်း၊ မည်သည့်လေယာဉ် အမျိုးအစားဖြစ်ကြောင်း၊ အသေးစိတ် ကယ်ဆယ်ရေး ပစ္စည်းစာရင်း စသည်တို့ကို မြန်မာစစ်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးထံ ထပ်မံတင်ပြရပြန်သည်။ ။






မုန်တိုင်းအပြီး မြန်မာနိုင်ငံတွင်းရှိ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ (မေလ ၇ ရက်ထိ စာရင်း)
1- Action Against Hunger (ACF)2- Bridge Asia Japan (BAJ)3- Care4- Christian Aid5- Doctors Without Borders6- International Federation of Red Cross/Red Crescent (IFRC)7- International Organization for Migration (IOM)8- Malteser International9- Medical Aid International (AMI)10- Merlin11- New Humanity -FOCSIV12- Pact13- Save the Children14- UN-(UNDP,UNCT,TBC,UNOCHA,UNDAC,UNDMT, UNICEF,WFP, UNHCR,WHO, UNOPS)15- World Vision International (WVI)

လေဘေးသင့် ဒုက္ခသည် သုံးပုံ တစ်ပုံခန့် စိတ်ဝေဒနာ ခံစားနေရ


လေဘေးသင့်ဒုက္ခသည် သုံးပုံတပုံခန့် စိတ်ဝေဒနာခံစားနေရNEJ/ ၁၇ ဇွန် ၂၀၀၈

နာဂစ်လေမုန်တိုင်းဒဏ်ခံရသည့် ဒုက္ခသည်များ၏ စိတ်နေသဘောထားများ ပုံမှန်အနေအထား မရှိဘဲ သုံးပုံတပုံခန့်မှာ စိတ်ဝေဒနာခံစားနေကြရသဖြင့် ၎င်းတို့အတွက် အစီမံကောင်းများ လိုအပ်ကြောင်း အင်ဒိုနီးရှားဆေးကုသရေးအဖွဲ့မှ စိတ်ရောဂါအထူးကု ဆရာဝန်တဦးက ပြောသည်။
ဇွန် (၄) ရက်မှ စတင်၍ အင်ဒိုနီးရှားဆေးအဖွဲ့ဝင် (၂၉) ဦးကို ဦးဆောင်ကာ ကော့မှူးမြို့နယ်တွင် လေဘေးဒုက္ခသည်များကို ဆေးကုသပေးနေသည့် ပရော်ဖက်ဆာ ဒေါက်တာ Munar Lubis က ပြောကြားခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၌လည်း ၂၀၀၄ ခုနှစ်ကဖြစ်ပေါ်ခဲ့သည့် ဆူနာမိငလျင်ကြောင့် သေကျေ ပျက်စီး မှုများရှိခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် အင်ဒိုနီးရှားတွင် စိတ်ဝေဒနာရှင်များစွာကို တွေ့ခဲ့ရကြောင်း ဒေါက်တာ Lubis က ပြောသည်။
၎င်းက “ မြန်မာနိုင်ငံမှာလည်း အခုကုသရတဲ့အခါ အင်ဒိုနီးရှားမှာလို တွေ့ရတာပါပဲ။ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်တတ်တဲ့ ဝေဒနာပါ။ ဒါကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အစီအမံကောင်းတွေ လိုအပ်တယ်လို့ ထင်ပါတယ်၊ အားပေးရမှာပါ” ဟု ပြောသည်။
ဒေါက်တာ Lubis နှင့်အဖွဲ့သည် ကွမ်းခြံကုန်းတွင် သုံးပတ်ကြာ ဆက်လက် ဆေးကုသသွားမည်ဟု သိရသည်။
ဖျာပုံမြို့နယ်ရှိ အားကစားကွင်း၌ ဖွင့်လှစ်ထားသော အိန္ဒိယဆေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ Srikumar ကလည်း “ဒီမှာ မေ (၁၆) ရက်နေ့က ဆေးခန်းစဖွင့်ပါတယ်။ နေ့စဉ် လူဦးရေ (၇၀၀) ခန့် လာကုပါတယ်။ စိတ်ကျနေတဲ့ လက္ခဏာတွေ ရှိတယ်။ ဒါဟာ ဆုံးရှုံးမှုတွေဖြစ်သွားတဲ့ လတ်တလောအနေအထားကို လက်မခံနိုင်သေးတဲ့အချက်ပါ၊ ဖြစ်တတ်ပါတယ်။ သူတို့ရဲ့ စိတ် ကျန်းမာရေး ကောင်းမွန်ဖို့ကတော့ လက်ရှိစားဝတ်နေရေး အနေအထားကို အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါလည်း အချက်တချက်ပါ။ နောက်တခုက ပတ်ဝန်းကျင်က ပြုပြင်ပေးဖို့ လိုပါတယ်” ဟု ပြောသည်။
ဖျာပုံမြို့နယ်တွင် ဒေါက်တာ ဆရီကူမာက အဖွဲ့ဝင် (၂၃) ဦးနှင့်အတူ အကန့်အသတ်မဲ့ ကုသ ပေးနေခြင်းဖြစ်သည်။ ပြင်သစ်အခြေစိုက် FXB (francois - xavier bagnoud myanmar) အန်ဂျီအိုအဖွဲ့မှလည်း မြန်မာ နိုင်ငံမှ စိတ်ရောဂါဆိုင်ရာ ဆရာဝန်များ လိုက်ပါလျက် ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး (၄) မြို့နယ်တွင် ကျန်းမာရေးစစ်တမ်းများ လိုက်လံကောက်ခံနေသည်။ ထိုသို့စစ်တမ်းကောက်ချက်အရ လေဘေးဒုက္ခသည် အတော်များများတွင် စိတ်ရောဂါ (၃) မျိုးတွေ့ရှိရကြောင်း ယင်းအဖွဲ့၏ ဌာနေ ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
ပထမ တမျိုးမှာ မေးသည်ကိုဖြေသည်၊ သို့သော် ဦးတည်ချက်မဲ့ ဘာကိုပြောဆိုနေသည်ကို မသိ ခြင်း၊ ဒုတိယမှာ မေးခွန်းမေးသည်ကို တွေဝေနေပြီး အဖြေကို မသိခြင်း၊ တတိယမှာ သွက်သွက်ခါ စိတ်ဖောက်သွားခြင်းတို့ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
FXB အန်ဂျီအိုအဖွဲ့သည် မြန်မာနိုင်ငံတွင် HIV-AIDS ပညာပေးနှင့် ကျန်းမာရေးအထောက်အကူ လုပ်ငန်းများလုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့မှာ မုန်တိုင်းဒုက္ခသည်များ၏ ကျန်းမာရေး အခြေအနေကို ကွင်းဆင်းလေ့လာနေပြီး ကုသရေးများ ဆက်လက်လုပ်သွားမည်ဟု သိရသည်။ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒုက္ခရောက်သူ (၂.၄) သန်းအနက် အတော်များများမှာ စားစရာ၊ အမိုးအကာနှင့် သောက်ရေသန့်တို့ အမြောက်အမြား လိုအပ်နေဆဲဖြစ်ပြီး ဒုက္ခသည်အများစုသည် ဆက်လက် အသက်ရှင်ချင်စိတ်များ ကုန်ခန်းနေကြကြောင်း နယ်ခြားမဲ့ဆရာဝန်များအဖွဲ့(MSF) ကလည်း ပြောကြားခဲ့သည်။ မေ (၂-၃) ရက်နေ့တို့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် လေဘေးသင့် ဒုက္ခ သည်များအား ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့မှ အစိုးရ ဆေးဖက်ဆိုင်ရာအဖွဲ့များက လာရောက်ကုသပေးလျက်ရှိရာမှ ယခုလ (၃) ရက်တွင် ထိုင်း ဆေးအဖွဲ့၏ အကူအညီမလိုအပ်တော့ကြောင်း မြန်မာစစ်အစိုးရက ပြောခဲ့သည်ဟု သိရသည်။
.........................................................................................
ရေဘေးစိုးရိမ်ပြီး ပြောင်းရွှေ့မှုများဖြစ်NEJ/ ၁၇ ဇွန် ၂၀၀၈
မော်လမြိုင်မြို့ အရှေ့ပိုင်း ရထားဘူတာအနီး မြေနိမ့်ပိုင်း တနေရာ

မုန်တိုင်းဝင်ရောက်ပြီး ရေကြီးမည်ဆိုသည့် သတင်းများကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်မြို့နယ်နှင့် ကျေးရွာအချို့တို့မှ ပြည်သူများသည် နီးစပ်ရာသို့ ရွှေ့ပြောင်း နေထိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။
မော်လမြိုင်မြို့ခံတဦးက “မုန်တိုင်းဝင်မယ်၊ ရေကြီးမယ်ဆိုတဲ့သတင်းဖြစ်နေတာကြာပြီ၊ ဇွန်လ (၈) ရက်နေ့ကတည်းက ဖြစ်နေတာ။ မိုးကလည်း ဆက်တိုက်ရွာနေတော့ ချောင်းဆုံ၊ ဘီလူးကျွန်းဘက် ပင်လယ်ကမ်းစပ်ကျေးရွာက လူတွေ အတွင်းပိုင်းရွာတွေကို ရွှေ့လာတာရှိတယ်။ တချို့ မော်လမြိုင် ဘက် ကူးလာကြတယ်။ ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာ မိတ်ဆွေအိမ်တွေမှာ တည်းခိုနေကြတယ်” ဟု ပြောသည်။
မော်လမြိုင်မြို့ ၀င်းစိန်တောရဆရာတော်က လာမည့် ဇွန် (၁၆) ရက်၌ မုန်တိုင်းတိုက်ပြီး ရေကြီး မည်ဟု မိန့်ကြားရာမှ ယခုကဲ့သို့ သတင်းများထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယင်းမတိုင်ခင် ကလည်း ပြည်သူများသည် ဧရာဝတီတိုင်း ရေဘေးသတင်းကို ကြားသိပြီး ကြောက်ရွံ့နေကြ ကြောင်း အဆိုပါမြို့ခံက ပြောသည်။
လေတိုက်ပြီး မိုးသည်းထန်လာပါက အနိမ့်ပိုင်း ဒိုင်းဝန်ကွင်း ရပ်ကွက်ဘက်မှ ပြည်သူများ ကျိုက် သံလံ စေတီရှိရာ တောင်ရိုးတန်းပေါ်မှ ဘုန်းတော်ကြီးကျောင်းများတွင် ညသွားအိပ်ကြကြောင်း၊ ရေဘေးသတင်းကြောင့် ယခုတပတ်အတွင်း မော်လမြိုင်တမြို့လုံး စည်ကားခြင်းမရှိဘဲ လိုင်းကား စီးသူ နည်းသွားသကဲ့သို့ အနီးအနား ကျေးရွာမှ လူများ အလာကျဲသွားသောကြောင့် ဈေးများ ခြောက်ကပ်နေကြောင်း မြို့ခံများကပြောသည်။
မော်လမြိုင် တဖက်ကမ်း ကျုံဝမ်းကျေးရွာဘက်မှ လူများကမူ ရေဘေးဖြစ်လာပါက အလွယ်တကူ ပြေးလွှားနိုင်ရန် တန်ဖိုးရှိပစ္စည်းများကို အိမ်တိုင်းတွင် ထုပ်ပိုးထားကြကြောင်း၊ ပြီးခဲ့သည့် စနေ နေ့၌မူ ပေါင်မြို့နယ် သဲကုန်းရွာတွင် ရေတက်လာပြီဟု သတင်းဖြစ်ကာ ရွာသူရွာသားများသည် မြို့ပေါ်သို့ အုပ်စုလိုက် တက်လာကြကြောင်း၊ ယခင် ရေဘေးခံရဖူးသည့် ပေါင်မြို့နယ် အလှပ် ကျေးရွာ၌လည်း ပြည်သူအများအပြား ကွဲခြံဘုန်းတော်ကြီးကျောင်းသို့ လာရောက်ခိုလှုံကြကြောင်း၊ အမှန်တကယ် ရေမကြီးမှ ပြန်သွားကြကြောင်း သိရသည်။
ရေဘေးဖြစ်မည်ဆိုသည့် ယခုလ (၁၆) ရက်တွင် စာသင်ကျောင်းများ ဖွင့်သော်လည်း မိဘများက ကလေးများကို ကျောင်းသို့မလွှတ်သည့်အတွက် ကျောင်းများတွင် ကျောင်းသူ ကျောင်းသား နည်း ပါးပြီး ဈေးထဲတွင်လည်း အရောင်းအ၀ယ် မရှိသလောက် နည်းကြောင်း၊ သို့သော် ယင်းနေ့တွင် မိုးသည်းထန်စွာ မရွာကြောင်း ကျုံဝမ်းကျေးရွာသားများက ပြောသည်။
ဘင်္ဂလားပင်လယ်အော်တွင် အနောက်တောင်မုတ်သုန်လေ အလွန်အားကောင်းလျက်ရှိပြီး မြန်မာ့ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းကျ ရောက်ပြီး လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တနာရီ (၄၅) မိုင်မှ မိုင်(၅၀) ထိတိုက်ခတ်နိုင် ကြောင်း၊ မုတ်သုန်လေအားကောင်းမှုကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်တွင် ဇွန် (၁၄) ရက် ညနေမှ နောက် (၇၂) နာရီအတွင်း နေရာအနှံ့အပြား မိုးရွာပြီး မိုးကြီးနိုင်ကြောင်း ဇွန် (၁၄) ရက် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.......................................................................................................................


“ငရဲဘုံနှစ်ခုကြား ပိတ်မိနေခြင်း” အစီရင်ခံစာမြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်

ချမ်းလွန်/ ၁၉ ဒီဇင်ဘာ ၂၀၀၇

စီးပွားရေးကြပ်တည်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများတွင် တရားမ၀င်လုပ်ကိုင်နေကြသည့် မြန်မာအမျိုးသမီးများ၏ ဘ၀အခြေအနေကို မီးမောင်းထိုးပြသည့် “ငရဲဘုံနှစ်ခုကြားတွင် ပိတ်မိနေခြင်း” အမည်ရှိ အစီရင်ခံစာတစောင်ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (ဘီဒဘလျူယူ) က ယနေ့ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်၊ မဲဆောက်၊ ရနောင်းဒေသနှင့် တရုတ်နိုင်ငံ ရွှေလီတို့မှ မြန်မာအလုပ်သမား အမျိုးသမီး (၁၄၉) ဦးကို ယမန်နှစ် နိုဝင်ဘာနှင့် ယခုနှစ် မတ်လကြားတွင် တွေ့ဆုံမေးမြန်းခဲ့မှု များအပေါ် အခြေခံ၍ ဘီဒဘလျူယူက အစီရင်ခံစာထုတ်ပြန်ခြင်းဖြစ်သည်။ ဘီဒဘလျူယူ ဥက္ကဋ္ဌ မိဆူးပွင့်က “ဗမာပြည်ထဲမှာ ဒုက္ခရောက်ပြီး ဆင်းရဲကြပ်တည်းတဲ့အတွက် ဒီဘက်ကို ထွက်လာတယ်။ ဒီဘက်ကိုရောက်တော့လည်း သူတို့မှာ အခက်အခဲတွေ အများကြီး ရှိတယ်။ သူတို့ရဲ့ အသက်တွေ ဘ၀တွေပါ ပေးဆပ်ရတယ်။ ဆုံးရှုံးရတယ်။ ဒါကြောင့်မို့ သူတို့မှာ ပြေးစရာမြေလည်းမရှိဘူး။ ငရဲဘုံနှစ်ခုကြားမှာ ပိတ်မိနေတဲ့ဟာမျိုးကို တင်စားထားတာပါ” ဟု ရှင်းပြသည်။ အိမ်နီးချင်းနိုင်ငံများတွင် လုပ်ကိုင်ကြသည့် မြန်မာအမျိုးသမီးများတွင် တရားဝင်လက်မှတ်မရှိ ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းကြောင်း၊ အလုပ်သမားအခွင့်အရေး နည်းပါးပြီး ကျန်းမာရေးနှင့်မညီညွတ်သည့် အန္တရာယ်များသော လုပ်ငန်းခွင်တွင်လုပ်ကိုင်ကြရကြောင်း ဖော်ပြထားသည်။
အဆိုပါ အမျိုးသမီးများလုပ်ကိုင်နေသည့် အိမ်ရှင်နိုင်ငံများကလည်း ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာမူဝါဒနှင့် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် အလုပ်သမားဆိုင်ရာဥပဒေများနှင့်အညီ ကာကွယ်ပေးခြင်းမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
မြန်မာရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများသည် လူ့အခွင့်အရေးများချိုးဖောက်ခံနေရပြီး လိင်ပိုင်းဆိုင်ရာအရထိပါးနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှုများကို ခံစားနေရသည်ဟု မိဆူးပွင့်က ပြောသည်။
၎င်းက “အမျိုးသမီးတွေရဲ့ဘ၀ဟာ ဒီဘက်နိုင်ငံတွေမှာ အမျိုးသားတွေထက်အများကြီးကြမ်းတမ်းတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအများကြီးရှိတယ်။ ဒီအမျိုးသမီးတွေထဲက (၈၀) ရာခိုင်နှုန်းလောက်ဟာ လိင်ပိုင်း ဆိုင်ရာအရ ထိပါးနှောင့်ယှက်မှုတွေကို ခံနေရတဲ့အတွက် စိတ်အနှောင့်အယှက်တွေဖြစ်နေတယ်”ဟု ပြောသည်။
ယင်းသို့ မြန်မာအမျိုးသမီးများအနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခရောက်နေရခြင်းသည် နအဖစစ်အစိုးရက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ရန် ငြင်းဆန်နေခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကပြောသည်။
မြန်မာအမျိုးသမီးများ နိုင်ငံတွင်း၌ အေးအေးချမ်းချမ်းလုပ်ကိုင် စားသောက်နိုင်ရန်အတွက် နအဖစစ်အစိုးရအနေဖြင့် တိုင်းပြည်အတွင်းစီးပွားရေးကြပ်တည်းမှုပြဿနာကို ဖြေရှင်းပေး ရန်လိုကြောင်း၊ အိမ်နီးချင်းနိုင်ငံအစိုးရများကလည်း ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာဥပဒေ များအတိုင်း အလုပ်သမားများကိုအကာအကွယ်ပေးရန်လိုကြောင်း ဘီဒဘလျူယူက တိုက် တွန်းသည်။
ထို့ပြင် နိုင်ငံတကာအသိုင်းအ၀န်းအနေဖြင့်လည်း မြန်မာစစ်အစိုးရအား နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်စေရန် ဖိအားပေးစေလိုကြောင်း တောင်းဆိုထားသည်။

လေဘေးကူညီသူ ၈၈ ကျောင်းသားများ အဖမ်းခံရ

to download
alpha zawgyi - one font

၂၀၀၈၊ ဇွန် ၁၇။
လေဘေးကူညီသူ ၈၈ ကျောင်းသားများ အဖမ်းခံရ
လေဘေးဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ၈၈ မျိုးဆက် ကျောင်းသား ၃ ဦးကို ယခုလ ၁၂ ရက် နေ့တွင် အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်။ ကိုမြတ်သူ၊ မယဉ်ယဉ်ဝိုင်းနှင့် မတင်တင်ချိုသည် လေဘေးကိစ္စအတွက် ရန်ကုန်မြို့ လှည်းတန်း မြေနီကုန်းရှိ ရွှေလ္ဘက်ရည်ဆိုင်တွင် ရောက်ရှိ နေခိုက် အရပ်ဝတ်နှင့် အမည်မသိ အာဏာပိုင်များ ဖမ်းဆီးသွားခြင်း ဖြစ်သည်။(မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၁၆)

ဒုက္ခသည်များ နေစရာ အမိုးအကာ လုံလောက်စွာ မရရှိသေးမုန်တိုင်းဒဏ်ခံရပြီး တလခြွဲုကာသည်အထိ ဒုက္ခသည်များသည် နေစရာ အမိုးအကာ လုံလုံလောက်လောက် မရရှိကြသေးကြောင်း ဧရာဝတီတိုင်းမှ မကြာသေးမီ က ပြန်လာသည့် IFRC ခေါ် အပြည်ပြည်ဆိုင်ရြာုကက်ခြေနီအဖွဲ့ ချုပ် အကြီးအကဲ John Sparrow က ပြောဆိုသည်။ (RFA ၂၀၀၈၊ ဇွန် ၁၇)

ဝန်ကြီးချုပ် လာမည်ဆို၍ ဒုက္ခသည်များကို အဓမ္မ အလုပ်ခိုင်းစေ
ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နယ် ပြင်ခရိုင်င်အုပ်စုအတွင်းရှိ ဒုက္ခသည်စခန်းများရှိရာ ဘုန်းတော်ပြည့်နှင့် အုတ်တွင်းကျေးရွာများကို စစ်အစိုးရဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် လာရောက် စစ်ဆေးမည်ဆိုသည့် သတင်းကြောင့် ဒေသခံရွာသားများကို အာဏာပိုင်များက နေ့ စဉ် မြေဖို့  လမ်းပြင်ခိုင်းခြင်း၊ ရဟတ်ယာဉ် ကွင်း ဖောက်လုပ်ခိုင်းခြင်းနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် သွားရာလမ်းတလျှေက် အမြင်ကောင်းစေရန် ပြုပြင် ရေးလုပ်ငန်းများ လုပ်ခိုင်းနေသည်။ အကယ်၍ လုပ်အားပေးမလိုက်လျှင် စားနပ်ရိက္ခာ ထောက်ပံ့မည် မဟုတ်ကြောင်းလည်း အာဏာပိုင်များက ခြိမ်းခြောက်နေသည်။(RFA ၂၀၀၈၊ ဇွန် ၁၇)

ကုလနှင့် ကြက်ခြေနီသို့  အကူအညီ တောင်းသူတစ်ဦးကို ဆက်လက် ဖမ်းထားဆဲ
ပြီးခဲ့သည့် ဇွန်လ၁၀ရက်နေ့ က ရန်ကုန်တိုင်းအတွင်းက မုန်တိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ များကို သွားရောက် အကူအညီတောင်းခံခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်အစိုးရအာဏာပိုင်တွေက နှစ်ဦးကို ဆက်လက် ဖမ်းဆီးထားဆဲဖြစ်သည်။(RFA ၂၀၀၈၊ ဇွန် ၁၇)

မြန်မာလယ်သမားများ လောင်စာဆီ အရေးတကြီးလိုအပ်ဟု ကုလ ပြောဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ်ဆိုင်ကလုန်းကြောင့် ကျွဲနွားများသေဆုံးခဲ့ရသည့် နေရာတွင် အစားထိုးသုံးစွဲမည့် လယ်ထွန်စက်များ မောင်းနှင်နိုင် ရန်အတွက် ဒီဇယ်ဆီ အရေးပေါ် လိုအပ်နေသည်ဟုကုလသမဂ္ဂ အကြီးတန်းအရာရှိတဦးက ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြားသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၆)

မဲဆောက်ရောက် နာဂစ်မုန်တိုင်းဒုက္ခသည်များကို အရေးပေါ်အဖွဲ့မှကူညီ
နာဂစ်မုန်တိုင်းဒဏ် ခံရသည့် မြန်မာလေဘေးဒုက္ခသည် (၁၀၉) ဦး ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာရခြင်းသည် လက်ရှိအုပ်ချုပ်သူများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် သဘောထားမမှန်သောလုပ်ရပ်များကြောင့်ဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ် မဲဆောက်အခြေစိုက် အရေးပေါ်ကူညီ ထောက်ပံ့ရေးအဖွဲ့ (Emergency Assistance Team) က ပြောသည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၆)

လေဘေးကယ်ဆယ်ရေး ရန်ပုံငွေ ပန်းချီပြပွဲကျင်းပလေဘေးကြောင့် ဒုက္ခရောက်နေသူများကို ကူညီကယ်ဆယ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပသည့် ပန်းချီပြပွဲတခု ရန်ကုန် ဒဂုံမြို့နယ်၊ သမ္မတဟော်တယ် ပထမထပ် ဂျေအက်ဖ် ဖာနီဗယ်ခန်းမတွင် ပြီးခဲ့သည့် စနေနေ့က ကျင်းပသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၆)
၂၀၀၈၊ ဇွန် ၁၆။

နာဂစ်ဆိုင်ကလုံး ဒုက္ခသည်များကို ကူညီနေသူ သတင်းစာဆရာ အဖမ်းခံရနာဂစ် ဆိုင်ကလုံးဒဏ်သင့် ဒုက္ခသည်များကို ကူညီ ထောက်ပံ့ပေးနေသူ သတင်းစာဆရာ ဦးဇော်သက် ထွေးကို အာဏာပိုင်များက သောကြာနေ့တွင် မင်းဘူးမြို့တွင် ဖမ်းဆီးသွားကြောင်း မိသားစုဝင်တဦး အပြော အရ သိရသည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၁၅)

မြန်မာစစ်အစိုးရက စေတနာ့ဝန်ထမ်း အလှူရှင်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးဧရာဝတီတိုင်း၊ ဘိုကလေးမြိ့နယ်က မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံထားရသည့် ဒုက္ခသည်များကို စေတနာ့ဝန် ထမ်း ကယ်ဆယ်ရေး လုပ်ကိုင်ပေးနေသည့် မီးအိမ်ရှင်အဖွဲ့ က လူငယ်များနှင့် အလှူရှင်များကို မနေ့ ညက ဒေသခံ အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့သည်။ (RFA ၂၀၀၈၊ ဇွန် ၅)